တိုင်းပြည်ချစ်စိတ်ဘယ်လောက်ရှိသလဲ? – ထွန်းအောင်ကျော်

kaiApril 5, 20121min07

တိုင်းပြည်ချစ်စိတ်ဘယ်လောက်ရှိသလဲ?

ဤဆောင်းပါးသည်တိုင်းပြည်ချစ်စိတ်နှင့် ကမ္ဘာ့အလယ်တွင်အဆင်းရဲဆုံးနိုင်ငံဘဝသို့ရောက်နေသော အမိမြန်မာနိုင်တော်ကြီးကိုမည်ကဲ့သို့စိတ်ထား နှင့်ကမ္ဘာထိပ်တန်း နိုင်ငံဘဝသို့ရောက်ရန် ဝိုင်းဝန်းလုပ် ဆောင်သင့်သည်ကိုရည်ရွယ်၍ရေးသား လိုက်ပါသည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကို NLD ပါတီမှ အများစုအနိုင်ရလိမ့်မည်ဟုယူဆသူများရှိ သော်လည်း ၄၄နေရာပြိုင်၍ ၄၄နေရာစလုံး နိုင်လိမ့်မည်ဟု မည်သူကမျှ မထင်ထား ကြချေ ။ အထူးသဖြင့် နေပြည်တော်မြို့နယ်များတွင် အနိုင်ရဘို့ဖြစ်နိုင်ချေနည်းသည်ဟုစာရေးသူကိုယ်တိုင်ထင် မှတ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်ထိုနယ်မြေများသည် နအဖ မှစံနစ်တကျမိမိ ကိုယ်ပိုင် နယ်မြေ အဖြစ်သိမ်းသွင်း ဖွဲ့စည်းထားခဲ့သောကတ်သေအပိုင်နယ်မြေများဖြစ်သည်။

သို့ရာတွင်မထင်မှတ်သည်များက ဖြစ်လာခဲ့ရသည်။ ဘာကြောင့်နည်း?

၁။ ပြည်သူများ နိုင်ငံရေးအရထကြွနိုးကြားမှုရှိနေခြင်း

၂။ ပြည်သူများ နှင့် အစိုးရလခစားများကိုယ်တိုင်၏ အမှန်တရားကိုလိုလားခြင်း၊ လွတ်လပ်စွာ နေထိုင် စီးပွါးရှာဖွေခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်ရရှိရေးကိုတမ်းတခြင်း။

၃။ စစ်အာဏာရှင်စံနစ်ကိုလွန်စွာစက်ဆုပ်နေခြင်း တို့ကြောင့်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း ရွေးကောက်ပွဲနိုင်သည့် အပေါ်ပျော်ပင် ပျော်သော်လည်း တဖက် အဖွဲ့အ စည်းကို ထိခိုက်စေမည့် အပြုအမူကိုရှောင်ကြရန် သတိပေးခြင်းသည် သဘောထားပြည့်ဝ ကြောင်းဆင် ခြင်တုံတရားရှိကြောင်းပြသမှုပင်ဖြစ်သည်။ ထို့ပြင်နေပြည်တော် ဥတ္တရသီရိမဲဆန္ဒနယ် တွင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနှိမ့်သွားသော ကြံခိုင်ရေးပါတီ လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးလှသိန်းဆွေ ကလည်း ပါတီစွဲ၊ လူမျိုးစွဲ ၊ ဝါဒစွဲ ၊ ဂိုဏ်းဂဏစွဲမထားဘဲအားလုံးလက်တွဲမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည်၊ သူ့အနေနဲ့လည်းပြည်သူ့အကျိုးစီးပွါးအတွက် အန်အယ်ဒီ ပါတီအပါအဝင်ဘယ်ပါ တီနဲ့ မဆိုလက်တွဲလုပ် ဆောင်သွားမယ်လို့ပြောခဲ့ခြင်းဟာမျိုးချစ်စိတ်ရှိတဲ့တပ်မတော်သား တယောက် ဖြစ်ကြောင်းဖေါ်ပြနေခဲ့ပါသည်။ အထက်ပါပုဂ္ဂိုလ်နှစ်ဦးကိုနမူနာယူပြီးအစိုးရအဖွဲ့ကရော၊ နိုင်ငံရေးပါတီ များကပါလိုက်လုပ်ကြမယ် ဆိုရင်မြန်မာနိုင်ငံမှာပြည်သူနဲ့ စစ်တပ်ခွဲခြားပြိုကွဲနေတော့မှာမဟုတ်ပါဘူး၊

အိမ်နီးချင်းနိုင်ငံတွေတိုးတက်ဖွံ့ဖြိုးလာပေမဲ့ ယနေ့ကျွန်တော်တို့နိုင်ငံဘာကြောင့်မတိုးတက်ရသလဲဆို ရင်—-

၁။ ပြည်တွင်းစစ်မီး လွတ်လပ်ရေးရပြီးတာနဲ့ စတင်လောင်ကျွမ်းခဲ့ခြင်း။

၂။ ပြည်တွင်းစစ်ကို နှိမ်နင်းရင်းစစ်ခေါင်းဆောင်များ တန်ခိုးထွားလာခြင်း။

၃။ နိုင်ငံရေးသမားများမညီညွတ်သဖြင့် စစ်ခေါင်းဆောင်များအာဏာသိမ်းခွင့်ရလာခြင်း။

၄။ အာဏာရလာသော စစ်ခေါင်းဆောင်များတွင် စစ်ရေးအတွေ့အကြုံသာရှိပြီး နိုင်ငံရေး၊ စီးပွါးရေး ၊ အုပ်ချုပ်ရေး အတွေ့အကြုံ မရှိခြင်း။

၅။ လက်ဝဲသူငယ်နာစွဲကပ်ပြီးမြင်မြင်သမျှကိုအရင်းရှင်တံဆိပ်ကပ်ခါ အခြေတည်စ စက်မှုလက်မှုလုပ် ငန်း ရှင်များ၏စီးပွါးရေးကိုပြည်သူပိုင်သိမ်း၍ဖျက်စီးခြင်း ။

၆။ အိမ်နီးချင်းနိုင်ငံများစီးပွါးရေး တိုးတက်ဖွံ့ဖြိုးမှုကိုမြင်နေရသော်လည်း မိမိအာဏာလက်လွတ်ရမည် ကိုစိုးသဖြင့်တိုင်းပြည်တိုးတက်ရေးကိုလှစ်လှူရှုခဲ့ခြင်း တို့သည် မြန်မာနိုင်ငံကြီးဆင်းရဲသွားရခြင်း၏အ ကြောင်းရင်းများဖြစ်သည်။

ထို့ကြောင့်အတိတ်မှသင်ခန်းစာကိုယူ၍ယနေ့မြန်မာနိုင်ငံတော်ကြီးကိုချစ်သည်ဟုကြွေးကြော်နေသော မျိုးချစ်များမိမိလုပ်ရပ်သည်တိုင်းပြုပြည်ပြုလုပ်ရပ်လော၊ သူနိုင်ကိုယ်နိုင် တိုက်ခိုက်နေသည့်သံသရာမှ မထွက်သည့်လုပ်ရပ်လောဟုစဉ်းစားကြဖို့လိုပြီ။

ကျွနုပ်တို့ပထမဦးစားပေးလုပ်ရမည့်အလုပ်မှာ –

၁။ ပြည်တွင်းစစ်ရပ်စဲရေး။ ပြည်တွင်းငြိမ်းချမ်းရေးရယူရေး ပင်ဖြစ်သည်။

ပြည်တွင်းစစ်ဖြစ်နေသောနိုင်ငံသည်ဆင်းရဲသံသရာမှမထွက်နိုင် တိုင်းပြည်တိုးတက်ရေးကို မပြုလုပ် နိုင်။ ပြည်တွင်းစစ်ကြောင့်ညီအကိုအချင်းချင်းသတ်၍ နှစ်ဖက်သေကြေကြသလို၊ လူနေအိမ်ရာထောင် သောင်း မကပျက်စီးဆုံးရှုံးကြသဖြင့်၊ တိုင်းပြည်အတွက်စွမ်းစွမ်းတမာန်လုပ်နိုင် သောလူသားအရင်း အမြစ်များ ပြည်တွင်းစစ်တွင်စတေးခဲ့ကြရသလို သန်းပေါင်းများစွာသောအိုးအိမ်များပျက်စီးရင်းပျက်စီး သဖြင့်လူ မွေးလူတောင်မပြောင်နိုင်သောဘဝသို့ ရောက်လာခဲ့ရသည်။ ပြည်သူများတည်ငြိမ်သော လူ မှု ဘဝကို မရရှိခဲ့ကြချေ။ ထို့ကြောင့်မြန်မာပြည်တွင်းနေထိုင်ကြသူများအားလုံး ပြည်တွင်းစစ်ကိုရပ်စဲ ရန် မိမိ ကိုယ် စွမ်း ဉာဏ်စွမ်းရှိ သမျှဝိုင်းဝန်းလုပ်ဆောင်ကြရမည်။

၂။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှူ ၍လုပ်ဆောင်ခြင်းသည်ယနေ့ထားရမယ်စိတ်ဓါတ်ဖြစ်သည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ရာတွင် ဘက်မရှိချေ၊ တိုင်းပြည်ဖွံ့ရေးအတွက် အမှန်တကယ်အင်တိုက်အားတိုက် လုပ်နေသူဘယ်သူမဆို၊ အားပေးရမည်၊ ဒီမိုကရေစီဘက်၊ စစ်အာဏာရှင် ဘက် ဟူ၍ခွဲခြားမြင်နေစရာမလိုပေ။ အမှန်တကယ်ပြည်သု့အတွက်ကို လုပ်နေ လျှင်အားပေးရမည်။

ဦးလှသိန်းဆွေပြောသလိုပြည်သူ အကျိုးပြုသောအလုပ်ဖြစ်လျှင်ပူးပေါင်းလုပ်နိုင်ရမည်။ သို့မှသာအစိုးရ လုပ်သမျှဆန့်ကျင်နေသည့် မျက်ကန်းမျိုးချစ်လုပ်ရပ်မျိုးကိုရှောင်ရှားနိုင်သလို၊ ဒီမိုကရေစီအင်အားစု မှပြုလုပ်သောလုပ်ရပ်များကိုလည်း ဒီမိုကရေစီရေးနည်းနာများဖွံ့ဖြိုးရေး လုပ်ရပ်များဖြစ်လျှင် အစိုးရ ကနားလည်ခွင့်ပြုနိုင်ရမည်။

အထူးသဖြင့်တရားဥပဒေစိုးမိုးရေးနှင့် အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးကို အမှန်တကယ်တိုက်ဖျက်လိုပါက လွတ်လပ်သောပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ပေးဖို့လိုသည်။ အစိုးရထိန်းချုပ်မှုအောက်မှ ကင်းလွတ်သောသတင်းစာများရှိမှသာ အုပ်ချုပ်ရေးပိုင်းမှ အာဏာအလွန်အကျွံသုံးစွဲမှုတွေ၊ ဝန်ထမ်း တွေ လာဒ်စားမှုတွေကိုကြောသားရင်သားမခွဲခြားဘဲ ရေးသားဖွင့်ချတာတွေကိုအစိုးရကလိုအပ်သလို အရေးယူခြင်းဖြင့်ပျက်စီးနေတဲ့ စာရိတ္တမဏိ္ဏတိုင်ကိုပြန်လည်စိုက်ထူရမှာဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ ငါ့လူတွေသူတို့ဘာဘဲလုပ်လုပ်ငါကာကွယ်မယ်ဆိုတဲ့ ဂိုဏ်းဂဏစိတ်ဓါတ်မျိုးဆက်ထားနေရင်တော့အကျင့် ပျက်ချစားမှုတွေကိုတိုက်ဖျက်နိုင်မှာမဟုတ်ပါဘူး။

ဒီမိုကရေစီအင်အားစုတွေကလဲငါနဲ့မတူ ငါ့ရန်သူဆိုတဲ့စိတ်ဓါတ်မျိုးမထားဘဲအစိုးရပိုင်းကိုနားလည်နိုင် အောင်ကြိုးစားကြဖို့လိုတယ်၊ အစိုးရအဖွဲ့ထည်းမှ လူ့အခွင့်အရေးလေးစားသူတွေ၊ ဒီမိုကရေစီရေးကို တကယ်ပြောင်းလဲချင်သူတွေကို အားပေးဘို့လို သလိုယုံကြည်မှုကိုတည်ဆောက်နိုင်ဖို့လည်းလိုတယ်၊ တဦးနဲ့တဦးတဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုမရှိဘဲနား လည်မှုယူဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါကြောင့်ဘုံရည် မှန်းချက်တူတာတွေကို အနည်းဆုံးအဆင့် အားပေးခြင်း၊ ထို့ထက်ပိုပါကပူးပေါင်းလုပ်ဆောင် ခြင်းဖြင့် ယုံကြည်မှုကိုတည်ဆောက်ယူရမှာဖြစ်တယ်။ အဓိကတွေးခေါ်သင့်တာက မိမိကိုသတ်မဲ့သူကိုဘယ်သူကရှင်သန်ခွင့်ပေးမလဲဆိုတာဘဲဖြစ်တယ်၊ ကိုယ်ကအာဃာတမထားဘူးဆိုတာ၊ သဘောထားကြီးကြောင်းကိုအပြောနဲ့တမျိုး၊ အလုပ်နဲ့တမျိုးပြသ ခြင်းဖြင့်ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့လိုတယ်။ ဦးကြည်မောင်ကဒိုမီနစ်ဖေါ်လ်ဒါကို ပြောခဲ့သလို အဖြစ် မျိုး ထပ်မရောက်ဖို့အထူးသတိထားရမှာဖြစ်တယ်။

၁၉၉ဝ ရွေးကောက်ပွဲတွင် ဒီချုပ်၈၂%အနိုင်ရသည့်အခါ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်သန်းရွှေတို့က တိတ်ဆိတ်နှုတ်ပိတ်နေခဲ့သည်၊ အနိုင်ရသော ဒီချုပ်ကိုချီးကြူးစကားပင်မပြောနိုင်သည့်အထိ သဘော ထားသေးခဲ့ကြသော်လည်း ဦးသိန်းစိန်ကမူ ဒီချုပ်အနိုင်ရမှု ကြိုဆိုထောက်ခံကြောင်းကိုအတိအလင်း တရားဝင်ပြောကြားခဲ့ခြင်းကိုကြိုဆိုလိုက်ပါတယ် ။

သို့မှသာတဦးကိုတဦး လေးစားသမှုပြုခြင်းဖြင့် အပြန်အလှန်နားလည်မှုရရှိပြီး ယခင်ရန်သူအကြည့် ရန်ဖက်အဖွဲ့အစည်းအသွင်မှ တိုင်းပြည်အကျိုးကို အစိုးရ ၊ အတိုက်အခံဟူ၍မရှိတော့ဘဲ ပြည်တွင်း ငြိမ်းချမ်းရေးကို အတူတကွကြိုးစားရယူခြင်း၊ ဒီမိုကရေစီကျင့်စဉ်များကို ပြည်သူများ လိုက်နာ ကျင့်သုံးခွင့်၊ သိရှိ နားလည်ခွင့်တို့ရရှိလာအောင် ဆောင်ရွက်ပေးခြင်း။ မြန်မာနိုင်ငံ၏နိမ့်ကျ နေသော စီးပွါးရေးကို ဝိုင်းဝန်း ပခုံးထမ်းမြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံရှိပြည်သူများ၏ စားဝတ်နေရေးကို ကူညီဖြေရှင်းရင်းနားလည်မှုရရှိခါ အမျိုးသားရေးကိုအတူတကွထမ်းဆောင်နိုင် ကြမှာဖြစ်ပါတယ် ။

နိဂုံးအားဖြင့် အစိုးရအဖွဲ့အစည်းမှလည်း မိမိပါတီနှင့်ပြိုင်ဖက်ပါတီကို ရန်သူဟုသဘောမထားဘဲ တိုင်း ပြည်အကျိုးကိုယှဉ်ပြိုင်လုပ်နေသောသူများ အဖြစ်လေးစားသမှုနှင့်ဆက်ဆံသလို ပြိုင်ဖက်နိုင်ငံရေး ပါတီများမှလည်း အလားတူသဘောမျိုးထားခြင်းဖြင့် အမျိုးသားရင်ကြားစေ့ရေးကို အမြင်ကျယ် ကျယ်ဖြင့်ပြုလုပ်ကြမည်ဆိူလျှင်လှပသောသမိုင်းကို အနာဂါတ်မြန်မာနိုင်ငံအတွက်ဖန်တီးနိုင်ပါလိမ့်မည်ဖြစ်ပါကြောင်း။

ထွန်းအောင်ကျော်

ဧပြီလ ၃ ရက် ၂၀၁၂ခုနှစ် ။

မှတ်ချက်။ ။ အီးမေးလ်မှရသည်ကို တဆင့် ဖော်ပြခြင်းဖြစ်ပါသည်။

7 comments

  • Gipsy

    April 5, 2012 at 9:55 am

    မြန်ပြည်ကြီး အခြေအနေ ကောင်းလာဖို့ လိုအပ်နေပါပြီ…
    ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိလို့နေပါပြီ….
    အနာဂါတ်မြန်မာနိုင်ငံအတွက် တဲ့လား…
    ဆိုတော့ကာ…
    ကျုပ်တို့ သက်တမ်းမှာ မဖြစ်နိုင်တော့ရင်လည်း သားသ္မီး သက်တမ်းမှာ
    တိုးတက်ပြောင်းလဲ မှုတွေ ဖြစ်ပေါ်လာပါစေလို့ ….။

    Reply

  • Khaing Khaing

    April 5, 2012 at 11:28 am

    That is right… I recommend a/m .

    Reply

  • blackchaw

    April 5, 2012 at 1:44 pm

    လက်မလေးတစ်ချောင်းထောင်ခဲပါတယ် သူကြီးရေ။
    🙂 🙂

    Reply

  • ဗိုက်ကလေး

    April 5, 2012 at 2:23 pm

    အခါတော်မီလေး ဒီလို အကြံပြုထောက်ပြပေးနိုင်တဲ့ စာမျိုး တင်ပေးတာ လွှတ်ကောင်းတယ်သဂျီးရေ
    ဖတ်မိကြပါစေ..ဗျို ့

    Reply

  • kai

    April 5, 2012 at 2:42 pm

    အဲဒီအေပေါ်ကစာတွေရေးတဲ့.. (ဦး)ထွန်းအောင်ကျော် ဟာ..စစ်အစိုးရကို.. လက်နက်ကိုင်တော်လှန်တဲ့.. ကျောင်းသားတပ်မတော် ကိုတည်ထောင်သူတဦး.. ABSDF ဥက္ကဌဟောင်းတဦးဖြစ်ပါတယ်..။

    အဲဒါလေးကျန်ခဲ့လို့…။ 😆

    Reply

  • shwe kyi

    April 5, 2012 at 11:06 pm

    ဒီစာလေးတင်ပေးတဲ့အတွက်ကျေးဇူးပါ။ ဖတ်လည်းဖတ်၊ မှတ်လည်းမှတ်သားသွားပါတယ်ရှင်။
    အဖျက်သဘောမဆောင်ပဲ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု၊ တိုင်ပင်မှု၊ ပူပေါင်းဆောင်ရွက်မှုတွေ
    ပြုလုပ်နိုင်ကြပါစေ။

    Reply

  • Swal Taw Ywet

    April 5, 2012 at 11:37 pm

    I believed that only one we need for development of Myanmar.
    CHANCE.
    Please give a chance to the people, they will get the development by their self .
    Most of the people love their country from their hearts.
    If there is a chance to do for their country’s better, They all will do it, surely and successfully.
    Please be united, try hard for our mother land.

    With respect,
    Swal Taw Ywet.

    Reply

Leave a Reply

Your email address will not be published.