သစ်မွှေး အမျိုးအစားများ (update)

Wai Aung Chan MyoMarch 31, 20121min04

သစ်မွှေးအမျိုးအစားများမှာ…

  • ကမာ္ဘပေါ်တွင်ရှိသည့် သစ်မွှေး၁၅မျိုးလုံးသည် အရှေ့တောင်အာရှတွင် အများဆုံး ဖြစ်ထွန်းပြီး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင်လည်း အနည်းငယ် ဖြစ်ထွန်းသည်။

— ဟိမဝန္တာတောင်ခြေမှ ပါပူအာနယူးဂီနီကျွန်းအထိ အိုမန်၊ အီရန်အရှေ့ပိုင်း၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ ကမ်ဘောဒီယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်နိုင်ငံတောင်ပိုင်း၊ ပါပူအာနယူးဂီနီကျွန်းစသော ဒေသများ သဘာဝအလျောက်ပေါက်ရောက်သည်။

— ၎င်းတို့အနက် အထင်ရှားဆုံးဖြစ်သော Aquilaria Malaccensis. နှင့် Aquilaria Agallocha. မျိုးစိတ်၂မျိုးလုံးမှာ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသောကြောင့် မြန်မာ လူမျိုးများအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

— အပင်ကြီးမျိုးဖြစ်သောကြောင့် သက်တမ်းအားဖြင့် နှစ် ၅ဝ မှ ၁၀ဝ ကျော်အထိရှိတတ်ပြီး ပေ ၁၃ဝ ကျော်အထိ မြင့်မား ကာ ရင်စို့လုံးပတ်အချင်း ၄ပေကျော်(လုံးပတ် ၁၂ပေကျော်) အထိရှိသည်။ လျှော်ပင်ကဲ့သို့ အပင်မျိုးဖြစ်ကာ အခေါက်ကို ဆွဲခွာလျှင် အပင်ခြေမှ ထိပ်ဖျားထိရောက်သည်။

— ပင်စည်သည် ငယ်စဉ်က လုံးဝန်းဖြောင့်တန်းကာတက်၍ ကောက်ကွေးဖုထစ်ခြင်း မရှိပေ။ ပင်စည်အခြေမှ ပင်ပူး၊ ပင်ပိုးများရှိတတ်ပြီး အပွေးသည် (ငယ်စဉ်အခါ) ချောမွတ်ပြီး မီးခိုး ဖျော့ရောင်နှင့် မီးခိုးရောင်ဟူ၍ ၂မျိုးရှိသည်။

— အမြဲစိမ်းတောတွင် ပေါက်ရောက်သော အပင်မျိုးဖြစ်၍ ရာသီမရွေး စိမ်းလန်းနေတတ်ပြီး နွေရာသီတွင် အောက်ရွက်များ အဝါလိုက်၍ ကြွေကျတတ်သည်။ အရွက်လွှဲထွက်သော အပင်မျိုးဖြစ်ပြီး အရွက်တရွက်စီ ခပ်ကျဲကျဲ (၁လက်မခန့်) ခွဲထွက်သည်။ ရွက်ညှာတို၍ ရွက်ကြောမှာ လှိုင်းတွန့်လေး များရှိသည်။ အရွက်မျက်နှာပြင်သည် ချောမွတ်၍ အမွှေးနု များ လုံးဝမရှိပေ။ အရွက်သည် ငှက်တောင်မွှေးသဏ္ဍာန်ရှိပြီး အနံ ၁လက်မခွဲ၊ အလျား ၂လက်မ မှ ၃လက်မ အထိရှိတတ်ပြီး ခွေးသွားစိပ်မပါ ရွက်ဖျားချွန်သည်။

— ရေမြေသဘာဝ ရာသီဥတုသင့်တင့်ကောင်းမွန်လျှင် အပင်သက်တမ်း၄နှစ်မှ စ၍ပွင့်သည်။ (ဟော်မုန်းဖောက်ပြန်သောကြောင့် ၂နှစ်သားကျော်အရွယ်တွင် စော၍ပွင့်တတ်သော် လည်း အသီးမသီးသေးပေ။) အပွင့်သည် အလွန်သေးငယ်၍ နူးညံ့သည်။ ပွင့်ဖတ်သည် အဖြူရောင်ဖြစ်ပြီး အလယ်မှာ အဝါရောင်သန်းသည်။ ပွင့်ညှာသည် အလွန်တိုတောင်း၍ ပန်းခိုင်ကဲ့သို့ အဆုပ်လိုက်ပွင့်သည်။ မတ်လ၊ ဧပြီလများတွင်ပွင့်၍ တစ်နှစ်တွင် တစ်ကြိမ် သာ ပွင့်သည်။

— အသီးမှာ အနံ ၁လက်မ၊ အရှည် ၂လက်မ အထိရှည်ပြီး လုံးဝိုင်းကာ အညှာဘက်တွင် အနည်းငယ်ချွန်သည်။ အသီးများသည် ကိုင်းဖျားတွင် တစ်လုံး၊နှစ်လုံးမှ ဆယ်လုံးခန့် အထိ အပြွတ်လိုက် သီးလေ့ရှိသည်။ အသီးသည် မေလ၊ ဇွန်လများတွင် သီးလေ့ရှိပြီး ဇူလိုင်လ၊ ဩဂုတ်လများတွင် ရင့်မှည့်ကာ ကြွေကျသည်။ ရင့်မှည့်လာသည့်အခါ အသီးခွံ မှာ အရောင်မပြောင်းဘဲ အစေ့ကသာ အညိုရောင် (သို့) အနက်ရောင်သို့ ပြောင်းလေ့ရှိ သည်။ အများအားဖြင့် အသီးတလုံးတွင် အစေ့၂စေ့ပါဝင်သည်။ အစေ့သည် အောက်ပိုင်း လုံးပြီး အဖျားရှူးကာချွန်သွားသည်။ အဖျားပိုင်းသည် နီညိုရောင်သန်းသည်။ ရင့်မှည့်လျှင် ၂ခြမ်းကွဲအာကာ ပင့်ကူမျှင်ကဲ့သို့ အမျှင်တန်းလန်းဖြင့် တွဲလောင်းကျသည်။

— ရင့်မှည့်ပြီး ၃ရက်မှ ၅ရက်အတွင်း ကြွေကျပြီး ၂၄နာရီအတွင်း ပျိုးထောင်စိုက်ပျိုးရသည်။ ရက်ကြာလျှင် အပင်ပေါက်နှုန်းနည်းသည်။ အစေ့များကို ခါချဉ်၊ ပုရွက်ဆိတ်များကြိုက်၍ ပျိုးထောင်စိုက်ရာတွင် ဂရုစိုက်ရမှု အလွန်လက်ဝင်သည်။ (ငယ်ရွယ်စဉ် ၁နှစ်အတွင်း) ကောင်းမွန်သောရာသီဥတုပတ်ဝန်းကျင်တွင် စိုက်ပျိုးခြင်း၊ ဖြစ်ပေါ်လာသော မှိုရောဂါ၊ ပိုးကျမှုတို့ကို ထိရောက်သောကာကွယ်နည်းစနစ် မှန်ကန်ခြင်း၊ ပျိုးပင်တို့ကို သေချာစွာ ကိုင်တွယ်ပြုစုကာ စိုက်နည်းစနစ်မှန်ကန်ခြင်း စသောအချက်များကို အပြည့်အဝလုပ် ဆောင်နိုင်ပါမှ မျိုးစေ့ ၁၀ဝလျှင် ပျိုးပင်(၁နှစ်သားအရွယ်) ၅ဝပင်သာပေါက်နိုင်သည်။

4 comments

  • ချာလီဂဇက်ဒလဝမ်

    March 31, 2012 at 7:21 pm

    ကျုပ် ကြားဖူးတာက မြန်မာမျိုး ထက် ယိုးဒယားမျိုးက ကြီးထွားနှုန်းမြန်တယ်ဆို
    ၂ နှစ်ခွဲ ၃ နှစ်ဆိုရင် မှိုသွင်းပြီး ၄ နှစ်ကျော်လောက်ရှိတဲ့အခါ ၁ ပင်ကို သိန်း ၂ဝ နဲ့
    ရောင်းရသတဲ့
    အဲဒါ ဟုတ်သလားဗျာ ။
    မြန်မာမျိုးကတော့ ၅ နှစ် ၆နှစ် လောက်မှ မှိုသွင်းရကြောင်းလဲ ကြားဖူးပါတယ်
    ကျုပ် အခုပြောတဲ့ ကြားထားတဲ့ အကြောင်းရာတွေဟာ မှန်ကန်မှု ရှိ/ မရှိ
    ဖြစ်နိုင်ရင် ရှင်းပြပေးပါဦး။

    Reply

    • Wai Aung

      April 3, 2012 at 10:28 am

      ဟုတ်ကဲ့ မြန်မာမျိုး ထက် ယိုးဒယားမျိုးက ကြီးထွားနှုန်းမြန်တယ်ဆိုတာ သူတို့က စိုက်ပျိုးရေးကို စီးပွားဖြစ် အင်းနဲ့အားနဲ့စိုက်နေတာက တကြောင်း ပြီးတော့ အပင်ထွားဆေး စတဲ့ နည်းပညာပိုင်း ဆိုင်ရာမှာ သာတာက တကြောင်း ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်တာကတကြောင်း စတဲ့ အဖက်ဖက်က သာလွန်နေတာကြောင့်မြန်မာမျိုး ထက် ယိုးဒယားမျိုးကပိုကောင်းတယ် ကြီးထွားနှုန်းမြန်တယ်လို့ သတ်မှတ်နေကြတာပါ။ တကယ်တမ်း အဲ့ဒီဓာတုဆေးတွေကို သုံးပြီးစိုက်တာက အပင် အဆီထွက်နှုန်းကို ထိခိုက်စေပါတယ်။ မြန်မာမျိုးက သဘာဝနည်းနဲ့ စိုက်တာက ပိုများပြီး ကမ္ဘာ့ဈေးကွက်ကို တကယ်တမ်း ထိထိရောက်ရောက် မချိတ်နိုင်သေးတာကြောင့် ဈေနည်းနေတာပါ။ အကို ပြောသလို ၁ပင်ကို (၄နှစ်သား မှိုသွင်းပြီး) သိန်း ၂ဝ ဆိုတာ အပင်ထွားရင် ဖြစ်နိုင်ပါတယ်။
      မြန်မာမျိုးက တကယ်တမ်းဈေးကွက်ဝင်သွားရင် ယိုးဒယားမျိုးထက် သာကြောင်း ကျနော် ပြောနိုင်ပါတယ်။
      အချိန်သိပ်မရလို့ ဒီလောက်ပဲ ရေးနိုင်တာ ခွင့်လွှတ်ပါ။
      ခင်မင်စွာဖြင့်
      ကိုဝေအောင်

      Reply

  • metallic

    March 31, 2012 at 10:44 pm

    ငယ်ငယ်တည်းက ကြားဘူးနေတဲ့ဒီအပင် ခုချိန်ထိမြင်ဘူးသေးဘူး
    ဓာတ်ပုံလေးများမြင်ရရင်ကောင်းမှာ

    Reply

    • Wai Aung

      April 3, 2012 at 12:25 pm

      ဓါတ်ပုံကို ကျနော်တင်မလို့ ကြိုးစားသေးတယ်
      connection အခက်အခဲရယ် ပြီးတော့ အချိန်သိပ်မရတာရယ်ကြောင့်ပါ
      gmail address ပေးလေ
      ကျနော်ပုံတွေကို ပို့ပေးမယ် ကျနော့်ဆီမှာ လက်ရှိစိုက်ထားတဲ့ ပုံတွေပို့ပေးလိုက်မယ်။
      ခင်မင်တဲ့
      ကိုဝေအောင်

      Reply

Leave a Reply to Wai Aung Cancel Reply

Your email address will not be published.