ဟောင်ကောင်မှာတုန်းက မေမေလေး အစီအမံနဲ့ ကက်သလစ်သီလရှင်ကျောင်းမှာ ၁၁ နှစ် က ၁၄ နှစ် ရောက်တဲ့အထိ ကျောင်းအိပ်ကျောင်းစား နေခဲ့ဖူးပါတယ်။ ညနေဧည့်ချိန်ရောက်လို့လည်း ဘယ်သူမှ လာတွေ့မယ့်လူ မရှိဘူး။ ကျောင်းပိတ်ရက်ရှည်မှာလည်း အိမ်ပြန်ရအောင်လို့ ဘယ်သူမှ လာမခေါ်ကြဘူး။ အဆောင်တစ်ခုလုံး ပြောင်တလင်းခါနေတာတောင် တစ်ယောက်တည်း ကျန်နေခဲ့ရတဲ့သူဆိုတော့ လူသူမရှိတဲ့ စာသင်ခန်းတွေ၊ စာကြည့်တိုက်တွေထဲမှာ ငြိမ်ငြိမ်တိတ်တိတ်ကလေး လျှောက်သွားနေတတ်တဲ့ ယင်းမာကို ကျောင်းကသီလရှင်ဆရာလေးတွေကတောင် ဘာလုပ်ရမှန်းမသိ ဖြစ်ကြတယ်။ ကစားစရာ အဖော်မရှိတဲ့အတူတူတော့ စာကြည့်တိုက်ထဲတင် အချိန်ဖြုန်းနေရင်းက တနေ့တော့ အင်္ဂလိပ်မဂ္ဂဇင်းတစ်အုပ်ထဲမှာ ပြဇာတ်ရေးပြိုင်ပွဲတစ်ခု ကြော်ငြာထားတာဖတ်လိုက်ရပါတယ်။ အသက် ၁ဝ နှစ်က ၁၉ နှစ်အတွင်း မည်သူမဆို အင်္ဂလိပ်ဘာသာနဲ့ ဝင်ရောက်ရေးသား ယှဉ်ပြိုင်နိုင်သတဲ့။ ကိုယ်ကလည်း အဲသလောက်တောင် အားအားယားယား ရှိနေတဲ့ အချိန်မို့လို့ […]
