15-7-2012 တနင်္ဂနွေနေ့ကရွှေကြည်အလှူတစ်ခုကိုအားဖြည့်ကူညီခဲ့ပါတယ်။ ဘာအလှူလဲဆိုတော့ Better Life Group ဆိုတဲ့စေတနာရှင်ပရဟိတအဖွဲ့လေးတစ်ခုရဲ့ ၅ ကြိမ်မြောက်ပညာရေးထောက်ပံ့တဲ့အလှူလေးပါ။ ဘယ်မှာလုပ်ခဲ့ သလဲဆိုရင်အောက်ရှမ်းတဲကြီး သီလရှင်သင်စာသင်ကျောင်းလေးတစ်ခုမှာပေါ့။ ဒဂုန်မြို့သစ်တောင်ပိုင်းအပိုင်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးမှာပါဝင်ပါတယ်။ အဖွဲ့မှာပါဝင်လှုပ်ရှားသူတွေတော်တော်များများဟာ အလုပ်တဖက်နဲ့မအားလပ်ကြသူတွေ ဖြစ်လေတော့ ၄ လမှာ တကြိမ်သာလှူတန်းဖြစ်ခဲ့တယ်။ ငွေကြေးအရလည်းစုဆောင်းဖို့အချိန် ယူတာလည်းပါတာပေါ့ရှင်။ ငွေကြေးမတတ်နိုင် အစိုးရကျောင်းလည်းမရှိရှာတဲ့ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း လေးတွေမှာလှူဖြစ်ခဲ့ကြပါတယ်။ ကလေးတွေစာတတ်မြောက်ရေးနဲ့သူတို့လေးတွေအသိဉာဏ်တိုးတက်စေဖို့ ရည်ရွယ်ပြီး လှုပ်ရှားခဲ့ကြတဲ့အဖွဲ့လေးတခုပါ။ အဖွဲဝင်ရယ်လို့သတ်မှတ်ထားတာမရှိပဲစိတ်ဝင်စားပါကလိုက်ပါလှူဒါန်းနိုင်ပါတယ်။ ပင်တိုင် လှုပ်ရှားသူအမာခံတွေကတော့အမြဲလိုပါဝင်မြဲပါ။ ဒီတစ်ခေါက်မှာတော့ အဖွဲ့အင်အား ၁၉ ယောက်ပါဝင်ခဲ့ပြီးရန်ကုန်နဲ့သိပ်မဝေးတဲ့လယ်ကွင်းတွေကြားက သီလရှင် သင်စာသင်ကျောင်းလေးကိုရောက်ခဲ့ကြပါတယ်။ အလုပ်နားရက်တနင်္ဂနွေနေ့ကိုပဲ အမြဲသွားလှူဖြစ်လေတော့ ကလေးတွေ ခမျာတော့ကျောင်းပိတ်ရက်ကျောင်းတက်ရရှာတယ်လေ။ ဒါပေမယ့်သူတို့ပျော်နေကြပုံပါပဲ။ ငွေကြေးတတ်နိုင်သူတွေ အတွက်ကျူရှင်တွေ အမျိုးမျိုးထားနိုင်ပေမယ့် တကယ့်ကိုနွမ်းပါးရှာသူတွေအတွက်တော့ကျောင်းဆိုတာတောင်အနိုင် နိုင်ရယ်ပါ။ ဆရာဝန်တွေအင်ဂျင်နီယာတွေမွေးထုတ်မပေးနိုင်ခဲ့တောင်မှ ဒီလိုဘကကျောင်းလေးတွေကြောင့် အသိပညာ အလိမ္မာလေးတွေအတော်အသင့် သင်ကြားခွင့်ရမယ်ဆိုရင်သူတို့ဘဝနည်းနည်းတော့လှပနိုင်မှာပါ။ […]
