(တစ်)…..။ ။ ကလောင်နယ်က အကောင်ငယ်ပေါက်စကလေး …..အင်္ဂါညို တို့လို ငတကလေးများဟာ သိပ်ပြီးတော့ စာရေးဆရာဂိုက်ဖမ်းချင်တတ်ကြတာကလား . . .။ မဂ္ဂဇင်းဂျာနယ် အချို့မှာ စာမူ(ဝတ္တု)ကလေး လေးငါးပုဒ်ခန့် ပါပြီးစအချိန်မျိုးဆိုတော့ .ဖင်ကလေး တမမ၊ ရင်ကလေး တကြွကြွ။ မျှော်လင့်ချက်ဆိုတာ မိုးထိအောင်လှေကားထောင်လို့။ ဘဝင်ပီတိ ဂွမ်းဆီထိ။ အရာဟူသမျှ စိတ်ကူးတိုင်းလှနေတာ . . .။ စတိတ်ကော်လံကတုံးနဲ့ ခပ်နွမ်းနွမ်းပုဆိုးကွက်ကျားအညိုမှိုင်းမှိုင်းအရောင်မျိုးတွေကို အမြဲတစေ ဝတ်ဆင်တာမျိုးသာမဟုတ်တာ။ စုတ်ဖွားဖွားဆံပင် ဘုတ်သိုက်ရယ်နဲ့ လန်ဒန်ဖိုး ၊ ဗီးဂက်စ်ဖိုး တတ်နိုင်လျက်နဲ့ ဆေးပေါ့လိပ် လက်ကြားညှပ်လို့။ စာမူဖိုင်တွဲတွေ ထည့်ထားတဲ့ လွယ်အိတ်ကလေးကို တစ်စောင်းလွယ်ကာ စာပေလောကသား တို့ကျင်လည်ရာ (၃၃)လမ်းတစ်ဝှိုက်မှာ ဘောက်ဆတ်ဘောက်ဆတ်နဲ့ ခဏခဏတွေ့ရတတ်တာ ဘယ်သူရှိရမလဲ . . .။ […]
