၁။ ဝင်ငွေဆိုတဲ့ အဓိပ္ပ္ပာယ်က မိမိရဲ့ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် အလုပ်တစ်ခုလုပ်ပြီးရရှိတဲ့ လုပ်အားခဖြစ်တယ်။ ဒီနေ့ ခေတ်မှာ ရှင်သန်နေတဲ့လူသားတစ်ဦးအတွက် အရေးကြီးဆုံးဟာ ဝင်ငွေဖြစ်တယ်။ မနက်မိုးလင်းတာနဲ့ စဉ်းစားရမှာက ဝင်ငွေ ဖြစ်တယ်။ နေ့လည်ပိုင်းစဉ်းစားရမှာကလည်း ဝင်ငွေပါပဲ။ ညအိ်ပ်ယာဝင်ခါနီးစဉ်းစားရမှာကလည်း ဝင်ငွေဖြစ်တယ်။ ဝင်ငွေလမ်း ကြောင်းတစ်ခုမရှိတဲ့ လူသားတစ်ဦးဟာ မကြာခင်မှာ အခက်အခဲများတွေကြုံရမယ်၊ စိတ်ပင်ပန်းဆင်းရဲမှုများကြုံရမယ်၊ သူတစ်ပါးရဲ့ အထင်အမြင်သေးခြင်းခံရမယ်၊ အဆင့်အတန်းခွဲခြားခံရမယ်၊ ယုံကြည်မှုတွေပျောက်ကွယ်သွားမယ်၊ မိမိချစ်ခင်မြတ်နိုးသူများရဲ့ စွန့်ပယ်ခြင်းကအစ လူ့အသိုင်းအဝိုင်းရဲ့ ပစ်ပယ်ခြင်းများအထိဖြစ်လာတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းဆိုတာကလည်း ဒီနိုင်ငံမှာနေထိုင်တဲ့ လူသားတွေရဲ့ ရောင်ပြန်ဟပ်မှုဖြစ်တယ်။ ဒီလူသားတွေကိုယ်တိုင်က ဝင်ငွေကို အရေးမထားကြရင် ဒီနိုင်ငံ ဟာလည်း ဝင်ငွေကင်းမဲ့တဲ့နိုင်ငံဖြစ်လာမယ်။ ဝင်ငွေမရှိတဲ့ နိုင်ငံဟာ ဆင်းရဲပြီး၊ ဖွံ့ဖြိုးတိုးတက်မှုတွေပါကင်းမဲ့သွားမယ်။ ဒီလို နိုင်ငံမျိုးက လူတွေကိုလည်း တစ်ခြားနိုင်ငံသားတိုင်းက အထင်အမြင်အလွန်သေးကြတယ်။ […]
