ပြီးခဲ့တဲ့နေ့ကတင်လိုက်တဲ့ အပိုင်း(17)မှာ စကားအသုံးမှားတာလေးတွေကို ထောက်ပြလာသူရှိတဲ့အတွက်ကျနော်အရေးမှားခဲ့တာကို ပြင်ပေးလိုက်ပါတယ်။ ကျနော်က ဆွမ်းလောင်းတာကို ဆွမ်းတန်းလို့ သုံးတာမှားပါတယ်။ အမှန်က “တန်းဆွမ်း “ဖြစ်ပါတယ်။နောက်သံဃာတော်များကို အိမ်မှာထို်င်ကိုယ်တော်အဖြစ်လာဘို့ ဒကာ ဒကာမကနေလျှောက်ထားတာကို “ဆွမ်းဖိတ်”တယ်လို့ပြောပြီး သံဃာတော်က တောင်းဆိုရင်တော့ “ဆွမ်းရပ် “တယ်လို့ သုံးပါမှ မှန်ပါတယ်။ အခုလိုလွဲမှားသွားတာလေးတွေကိုထောက်ပြပေးတာကိုကျေးဇူးအထူးတင်ပါတယ်။ အရင်ကကျနော်တို့မန်းလေးမြို့ဟာ အေးဆေးသော ဆိတ်ငြိမ်သော မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ဒါကြောင့်လဲကျနော်တို့မန်းလေးသားများ ရန်ကုန်ရွှေမြို့တော်ကြီးကိုရောက်ခဲ့ရင် ကြာကြာမနေနို်င်ဘဲပြန်ပြေးကြတာပါဘဲ။ ရန်ကုန်မြို့ကြီးက လူတွေအားလုံးကလဲ သုတ်သုတ်သုတ် ဘတ်စကားတွေ သုံးဘီးကားတွေကလဲ တဝူးဝူးတဝေါဝေါနဲ့ အပြေးအလွှား။ အချိန်အတွက် ဘာမှ စိုးရိမ်ကြောင့်ကြစရာမလိုတဲ့ မန်းလေးမြို့ကလာတဲ့လူတွေနဲ့ကြတော့ ကြည့်ရမြင်ရတာကိုက ရင်မောစရာဖြစ်နေတာကိုးဗျ။ မန်းလေးမှာတော့ နေ့စဉ်မြင်တွေနေရတဲ့ မြင်ကွင်းကလည်းခပ်အေးအေး ဘတ်စကားအိုကြီးတွေကလဲ လမ်းပေါ်မှာသွားနေတာ ခပ်လေးလေး တအိအိနဲ့။ လမ်းတွေကလဲခပ်ကျဉ်းကျဉ်း တွေပေါ်မှာခပ်ဖြည်းဖြည်းဘဲမောင်းတဲ့ မြင်းလှည်းတွေကထွက်လာတဲ့ မြင်းခွာသံလေးက လမ်းပေါ်မှာတခွပ်ခွပ်။ […]