အရင်တုန်းကတော့ အရင်တုန်းကပေါ့

ခရီးသွားရင်း မြစ်ကြီးနားကနေ မန္တလေးကိုရောက်ပြီ။ ဒါပေမယ့်လို့ အမောမပြေပေါင်။ ဘာကြောင့်လဲပြောပြရမယ်လား။ ပြောပြမယ်လေ ဒီလို။ ဝန်ဆောင်မှုအတွက် အဖိုးအခ အပြည့်ယူပြီး ဝန်ဆောင်မှုကိုတော့ အပြည့်အဝမရနိုင်တာကိုပြောပြချင်တာ။ ခုလို မိုးရာသီမျိုုးမှာ ခရီးသွားရတာကိုတော့ သက်သာချောင်ချိလိုက်မယ်လို့တော့မထင်လိုက်ပါနဲ့။ ရာသီဥတုတွေကလည်း ဖောက်လွဲဖောက်ပြန်ဆိုတော့ကာ ပူလိုက်သမ စပ်စပ်ကိုလောင်တယ်ဆိုတာမျိုး။ မိုးလေး တစ်ပေါက်နှစ်ပေါက်လောက်ကျလိုက်.။ နေက ရဲခနဲပူလာလိုက်။  သူလည်း  ကိုယ့်မြို့ကို ပြန်ဖို့အရေး ကားကောင်းကောင်းလေးတော့ စီးမယ်လို့ စိတ်ကူးမိတယ်။ ဘယ်ရမလဲ စီးမယ့်စီးရင်တော့ Air Conကားပဲစီးမယ်ပေါ့။ ကားလက်မှတ်ခကလည်း ကြည့်လိုက် 10000 မျိုးလောက်ပေးရတော့ ဝန်ဆောင်မှုကလည်း နိမ့်လောက်မယ်မထင်ဘူးလေ။ ကားနံပါတ်ကလည်း ၉ခ/ ——-ဆိုတော့ကာ ငြိမ့်ပြီပေါ့။ ကားစီးရမယ့်အရေး တွေးလို့ ပျော်နေတာ။ သက်တောင့်သက်သာဆိုတာ လူတိုင်း ခံစားချင်ကြတာကိုး။ ရာသီဥတုကိုကြောက်ပြီး ကားကောင်းကောင်းလေး စီးချင်တဲ့သူ ဒုက္ခကတော့ လှလှလေးတွေ့တယ်။

သူတို့ကားမထွက်ခင် ကားပေါ်တက်လို့ရပြီလို့လည်းအော်လိုက်ရော အံ့ဩသွားတယ် ။ ဘယ်နှယ့် ကားစက်နိုးထားနှင့်ပြီးမှ Air Conလေးဖွင့် ခရီးသည်တင်ရမှာ။ ခုတော့ ကားပေါ်တက်လို့ရပြီ ဆိုတော့ ကိုယ့်ကားလက်မှတ်က ခုံနံပါတ်ကိုကြည့်ပြီး တက်ရတယ်။ ကားပေါ်ရောက်တော့ လားလား ပူလိုက်တာ။ သူ့ အသိထဲမှာတော့ ကားပေါ်တက်စမို့နဲ့တူပါရဲ့ ခဏနေရင်တော့ Air Conဖွင့်မှာပဲဆိုပြီး အောက်အီးခံနေလိုက်တာ ချွေးတွေကို ပေါက်ပေါက်ကိုကျရော။ တကိုယ်လုံးကချွေးတွေများ ရေချိုးပြီးစနဲ့တူနေတယ်။ ကားစက်ကလည်းမနိုးသေး။ ကားပေါ်ကလူတွေက ဆူကုန်ပြီ။ Air Con ဖွင့်ပါဗျို့။

ဒါပေမယ့်လည်း ကားစီးခရီးသည်တွေ ပါးစပ်ပေါက်တွေသာ ပိတ်သွားရတယ် ကိုယ်ရွှေကားသမားက မဖွင့်ရေးချမဖွင့်။ ဘယ်ဖွင့်မတုန်း။ Air Conကပျက်နေပါသတဲ့။

ကောင်းရော ။ကားကြီးကိုကြည့်တော့ ထင်ရက်စရာမရှိ။ Air Conလေးပျက်နေတာတောင် မပြင်နိုင်တဲ့ ယာဉ်လိုင်း ။ စပယ်ယာက ဘာပြောသေးတယ်မှတ်သလဲ။

“အရင်တုန်းကတောင် Air Conတွေမပါပဲ စီးခဲ့သေးတာပဲ”တဲ့ ဗျာ။ကြည့်စမ်း နားရင်းရိုက်စရာကောင်းပုံ။ သကောင့်သားပြောမှလား။ အရင်တုန်းကတော့ အရင်တုန်းကပေါ့။ ဒါပေမယ့် အရင်တုန်းကပေါ့လို့ ပြန်ပြောရတော့မလိုလို။ ဒါဆိုလည်း အကောင်းစား လေအိတ် Air Con Busလို့ပြောကြသေးတုန်း။ ပေးရတဲ့ ပိုက်ဆံနဲ့တန်အောင် ဝန်ဆောင်မှုကို အပြည့်အဝပေးပါတော့လား။ ရေသန့်ဗူးလေးပေးရုံ။ Snow Towerလေးပေးရုံနဲ့တော့ မလုံလောက်ဘူးလေ။ Air Conမရမှန်းသိသိရက်နဲ့တော့ ဘယ်ခရီးသည်မှ မစီးဘူး။ ပြောင်းစီးကြမယ့်လူတွေချည်းပဲ။ ခုတော့ ကားပေါ်ရောက်မှ သိတယ်။ ဘာတတ်နိုင်မည်နည်းလို့ အချင်းချင်း မြည်တွန်တောက်တီးပြီး အောင့်အီးစီးလိုက်လာခဲ့တဲ့အဖြစ်။ ကိုယ့်ဆရာတို့ ဆရာမတို့တော့ ကြုံဖူးချင်လည်း ကြုံဖူးကြမပေါ့လေ။

တိုးတက်လာတယ် ။  အရင်တုန်းကတော့ အရင်တုန်းကပေါ့။  ဒါပေမယ့် အရင်တုန်းက…..အတိုင်းပေါ့လို့…။

သော်ဇင်(လွိုင်ကော်)

Leave a Reply

Your email address will not be published.