ခေတ်ရေစီးထဲက သူတို့ from Nine Nine SaNay by နိုင်းနိုင်းစနေ

zinmyotunNovember 11, 20104min00
ယနေ့ခေတ်ရေစီးကြောင်းမှာ အရှုးသွပ်ဆုံး အသက်(၇ဝ) DJဘွားဘွား Mamy
၂ဝ၁ဝခုနှစ် ဩဂုတ်လ။ ပဲရစ်မြို့ရဲ့ နှိုက်ကလပ်မှာ အသက်(၇ဝ)ကျော်အဘွားကြီးတစ်ဦး DJ လုပ်နေပြီလား? အမှန်အကန်ပါပဲ… အင်္ဂလန် DJ Ruth Flowers တဖြစ်လဲ DJ Mamyဟာ ဒီကနေ့ခေတ်ရဲ့ အသက်(၇ဝ)ကျော် အဘွားကြီး DJပဲဖြစ်ပါတယ်။ Cannes Film Festival ကတောင် သူ့ကိုဖိတ်ပြီး ဖြေဖျော်ခိုင်းသေးသတဲ့။ ရောင်စုံမီးရောင်တွေနဲ့ ရှုပ်ပွတဲ့အပြင်အဆင် ခလုတ်တွေကြားမှာ DJ Mamy ဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး DJ ပွတ်လို့နေတယ်။ high အဖြစ်ဆုံး သံစဉ်တွေနဲ့ နှိုက်ကလပ်တစ်ခုလုံးကို ပိုတက်ကြွအောင် သူစွမ်းဆောင်နိုင်ခဲ့ပါတယ်။

ရင်သားပေါ် သူတို့သမီးဝတ်စုံ ဒါဟာခေတ်ရေစီးလား? အတုယူမှားဖို့လား!

၂ဝဝ၉ခုနှစ် ဒီဇင်ဘာလ။ ရွှေရောင်ဆံပင် မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေ အင်တာနက်မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တယ်။ မိန်းကလေးရဲ့ မင်္ဂလာဆောင်ဝတ်စုံက လည်ဟိုက်လွန်းတဲ့အတွက်ကြောင့် အင်တာနက်သုံးတွေသူက ဒါဟာ ခေတ်ရေစီးကြောင်းကို အမီလိုက်တာလား! ဒါမှမဟုတ် လူတွေကို အတုယူမှားစေဖို့လား! လို့ ခန့်မှန်းကြတယ်။ ဒီမိန်းကလေးဟာ ရုရှားလူမျိုးဖြစ်မယ်လို့လည်း ထင်ကြတယ်။ အင်တာနက်သုံးစွဲသူ တချို့က ဒီလိုသူတို့သမီးဝတ်စုံဟာ လူတွေကို အထင်မြင်မှားစေနိုင်တယ်၊ အတုယူမှားစေနိုင်တယ်လို့ ဆိုပါတယ်။ တချို့ကလည်း သူတို့ဟာ အရမ်းချစ်ကြတဲ့ စုံတွဲဖြစ်မယ်ဆိုပြီး သူတို့သမီးရဲ့ ဒီလိုအဝတ်အစား အပြင်အဆင်ကို နားလည်ပေးနိုင်ကြောင်း ပြောပါတယ်။

မော်ဒယ်လောကရဲ့ “ဒဏ္ဍာရီ” အသက်(၈၁)နှစ်ရှိ မော်ဒယ်ဘွားဘွားDaphne Selfe
၂ဝဝ၉ခုနှစ် မတ်လ။ အင်္ဂလန်က အဘွားအိုတစ်ဦးဟာ သမိုင်းမှာ အသက်အကြီးဆုံး မော်ဒယ်ဂဲလ်အဖြစ် စံချိန်တင်ခဲ့တယ်။ (၈၁)နှစ်ရှိပြီးဖြစ်တဲ့ အဘွားအိုဟာ ကိုယ်လုံးကိုယ်ပေါက် လှနေသေးတဲ့အပြင် နာမည်ကြီးတံဆိပ်တွေရဲ့ မျက်နှာသာပေးတာကို ခံရပါသတဲ့။ အသက်(၈၁)နှစ် မော်ဒယ် Daphne Selfeဟာ ပလပ်စတစ်ဆာဂျင်ရီ လုံးဝမခွဲဖူးပါတဲ့။ မော်ဒယ်လျှောက်တဲ့အလုပ်နဲ့တင် တစ်နေ့ကို စတာလင်ပေါင်(၁ဝဝဝ) သူ့မှာ ဝင်ငွေရှိပါတယ်။ ဒါဟာ ပြိုင်ဆိုင်မှုများတဲ့ မော်ဒယ်လောကမှာ “ဒဏ္ဍာရီ” တစ်ပုဒ်လိုပါပဲ။ သားသမီး(၄)ယောက်နဲ့ မြေးတွေရှိတဲ့ အသက်(၈၁)နှစ် Daphne Selfeကတော့ ယနေ့အထိDolce &Gabbana (D&G)လို နာမည်ကြီးတံဆပ်တွေရဲ့ အလုအယှက် စာချုပ်ချုပ်ခြင်းကို ခံနေရပါသတဲ့။
ခေတ်ရေစီးကြောင်းပေါ်က အသက်(၇၈)နှစ်ရှိသူ အဘိုးအို

အသက်(၇၈)နှစ်ရှိသူ အဘိုးအိုတစ်ဦးဟာ နဂိုအသက်ကို မခန့်မှန်းနိုင်လောက်အောင် ပြင်ဆင်နိုင်ခဲ့ပါတယ်။ သူကတော့ တရုတ်ပြည် ဟူနန်ကဖြစ်ပြီး Latin အကကို ကြိုက်နှစ်သက်သူဖြစ်တယ်။ ကရခက်တဲ့ Hip-hopအကတွေကိုလည်း ကနိုင်ပါသတဲ့။ သူဟာ အရောင်အသွေးစုံ အဝတ်အစားတွေနဲ့ လိုက်ဖက်အောင် ပြင်ဆင်ဝတ်ဆင်နိုင်တာကြောင့် လမ်းသွားလမ်းလာတွေတောင် ၂ခါပြန်ကြည့်ရသတဲ့။ သူ့ကို “ခေတ်ရေစီးကြောင်းပေါ်က အသက်အကြီးဆုံးယောက်ျား” လို့ လူတွေက သတ်မှတ်ကြတယ်။

ခွေးကို လွတ်ကျောင်းနေသလိုမျိုး ကလေးတွေနဲ့
ဒိလိုဘေးကင်းကြိုးတွေက ဂျာမဏီမှာ ခေတ်စားနေခဲ့ပါတယ်

၂ဝဝ၉ခုနှစ် စက်တင်ဘာလ။ ဂျာမဏီနိုင်ငံမှာ ကလေးတွေကို ဘေးကင်းကြိုးချည်ပေးတဲ့ မိဘတွေ ပိုပိုများလာခဲ့တယ်။ ညနေညခင်း လမ်းလျှောက်ထွက်တဲ့ ကလေးတွေကို မိဘတွေက ဘေးကင်းကြိုး ချည်ပေးတတ်တယ်။ ခွေးတွေကို လွတ်ကျောင်းနေသလိုမျိုး ဒီလိုုမြင်ကွင်းက မြင်ရသူကို စိတ်ဝင်စားစေတယ်။ ဒီလိုလွတ်ကျောင်းနည်းက ဂျာမဏီနိုင်ငံမှာ ခေတ်ဖက်ရှင်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။

၈ဝနောက်ပိုင်း ခေတ်ရေစီးထဲက ကိုရင်shidaoxin

၂ဝ၁ဝခုနှစ် အောက်တိုဘာလ။ ရှန်ဟိုင်းမြို့လမ်းဘေးတစ်နေရာက ညနေခင်းလက်ဖက်ရည်ဆိုင်မှာ ကိုရင်တစ်ပါးထိုင်နေတယ်။ လက်ဖက်ရည်မရောက်ခင် ကိုရင်က iphone3GS ကိုထုတ်ပြီး “Microblogပေါ်က သတင်းတွေကို အရင်ကြည့်မယ်”လို့ဆိုတယ်။ ဒီကိုရင်ဟာ Microblogပေါ်မှာ ပရိသတ်ပေါင်း ၅သောင်းကျော်ရှိတဲ့ ကိုရင်ဖြစ်တယ်။ ထုံးစံအရဆိုရင် ဘုန်းကြီးတွေဟာ တရားတွေအကြောင်းပဲ ပြောကြတယ်။ ဒါပေမယ့် ဒီကိုရင်က မတူူဘူး။ သူ သီချင်းခွေထုတ်တယ်၊ သူဟာ အနုပညာဘုန်းကြီးပါလို့ ကြော်ညာတယ်။ သူ့ခရီးစဉ်ကို ကြော်ညာတယ်။ သတင်းထောက်တွေကို သူဘာလုပ်နေတယ်ဆိုတဲ့အကြောင်း အသိပေးတယ်။သူဟာ ၈ဝခုနှစ်နောက်ပိုင်းက သီချင်းဆို ဘလော့ရေးတဲ့ ခေတ်ရေစီးထဲက အနုပညာသည် ကိုရင်တစ်ပါးဖြစ်တယ်။

ခေတ်ရေစီးကြောင်းထဲက အသက်(၂ဝ) ဖိလစ်ပိုင်နိုင်ငံသား Bryan Boy
သူဟာ နာမည်ကြီးတံဆိပ် အဝတ်အစားနဲ့ မိန်းကလေးလို့ ဝတ်ဆင်တတ်သူတစ်ဦးဖြစ်တယ်။ နှစ်သက်သူတွေက သူ့ကို BB (Bryan Boy)လို့ခေါ်ကြတယ်။ မနှစ်သက်သူတွေက မကောင်းဆိုးဝါးလို့ဆိုတယ်။ ၂ဝဝ၉ခုနှစ် ဇွန်လမှာ သူနာမည်ကြီးခဲ့တယ်။ သူ့ပရိသတ်တွေ ကမာ္ဘအနှံ့ရှိခဲ့တယ်။ သူ့ကို ဖက်ရှင်လောကရဲ့ ထွတ်ခေါင်လို့ တင်စားကြတယ်။ သူကတော့ အသက်(၂ဝ)ရှိတဲ့ Bryanလို့ခေါ်တဲ့ ဖိလစ်ပိုင်နိုင်ငံသားဖြစ်တယ်။ Web Designer တစ်ဦးဖြစ်တဲ့ Bryanဟာ လွန်ခဲ့တဲ့ ၅နှစ်က ကိုယ်ပိုင်ဘလော့တစ်ခုတည်ခဲ့တယ်။ သူ့ဘလော့မှာ အဝတ်အစား၊ မော်ဒယ်ရှိုးတွေအပြင် နာမည်ကြီးတံဆိပ် ပစ္စည်းတွေကို ထည့်သွင်းရေးသားခဲ့တယ်။ များသောအားဖြင့် သူ့ကိုယ်ပိုင် မော်ဒယ်ရှိုးတွေ ပိုများတယ်။ လတိုင်း သူ့ဘလော့ကိုလာရောက် လည်ပတ်သူပေါင်း ၃သိန်းခွဲကျော် ရှိခဲ့တယ်။ နာမည်ကြီး ဒီဇိုင်းပညာရှင် Marc Jacobs ကတောင် သူ့ကိုမျက်နှာသာပေးခဲ့တဲ့အပြင် Fashion Week တွေမှာ သူ့ကိုပွဲထုတ်လေ့ရှိခဲ့တယ်။

Chongqingမြို့က ဦးလေးကြီး ဒီမက်ဆီကန်ခေါင်းနဲ့ ခေတ်ရေစီးထဲ မျှောခဲ့တယ်

ဘက်ခ်ဟမ်ရဲ့ နုနယ်စဉ်ကထားခဲ့တဲ့ “မက်ဆီကန်ဆံပင်” ကို မှတ်မိကြသေးလား? ၂ဝဝ၉ခုနှစ် နိုဝင်ဘာလ။ အင်တာနက်ဖိုရမ်မှာ ဆွေးနွေးကြတဲ့အထဲမှာ တရုတ်ပြည် Chongqingမြို့က ကူလီထမ်းသူ ဒီမက်ဆီကန်ခေါင်းနဲ့ လူလည်းပါတယ်။ မကြာပါဘူး.. အင်တာနက်ပေါ် သူ့ဓာတ်ပုံတွေပြန့်ပြီးနောက် ဒီလူချက်ချင်း နာမည်ကြီးလာခဲ့တယ်။ သူ့ကို Chongqingမြို့မှာ ခေတ်အဆန်ဆုံးလူလို့ တင်စားကြတယ်။

မိန်းမဖြစ်တုန်းက ကိုယ်ဝန်မလွယ်ဘဲ ယောက်ျားဖြစ်မှ ကိုယ်ဝန်လွယ်သူ Betty Thomas
၂ဝဝ၈ခုနှစ် ဇွန်လ။ အသက်(၃၄)နှစ်ရှိတဲ့ Betty Thomasလို့ အမည်ရတဲ့ ယောက်ျားတစ်ဦးဟာ သမီးလေးတစ်ဦးကို ဖွားမြင်ခဲ့တယ်။ ဒါဟာ Thomasအတွက် ဘဝအပြောင်းအလဲတစ်ခုဖြစ်သလို အမေရိကန်ရဲ့ ယဉ်ကျေးမှုမှာလည်း မယုံနိုင်စရာအဖြစ် မှတ်တိုင်ထူခဲ့တယ်။ တကယ်တော့ Betty Thomasဟာ မိန်းကလေးကနေ ယောက်ျားလေးဖြစ်အောင် ခွဲစိတ်ခဲ့သူပါ။ သူဟာ သုတ်ရေအေးခဲနည်း (Frozen Sperm)နဲ့ ကိုယ်ဝန်ယူခဲ့သူဖြစ်ပြီး အမေရိကန်ရဲ့ ပထမဦးဆုံး ကိုယ်ဝန်လွယ်ဖခင် ဖြစ်ခဲ့ပါတယ်။

Rapတရားဟောတဲ့ ခေတ်ရေစီးထဲက ဂျပန်ဘုန်းကြီး
အဆိုပညာကို နှစ်သက်တဲ့ ဂျပန်ကဘုန်းကြီး၊ Rapသီချင်းဆိုသလို တရားလည်းဟောတယ်။ ခါတိုင်းရွတ်ဆိုနေကျ တရားတော်ကို Rapအဖြစ် ပြောင်းလဲရွတ်ဆိုသူဖြစ်ပြီး အနှစ်(၄ဝဝ)သမိုင်းရှိတဲ့ Kyouyoji ဘုန်းကြီးကျောင်းမှာ (tab-dance)နဲ့ ဖြေဖျော်ဦးမယ်လို့ ဆိုပါတယ်။

*** ဂူဂယ်မှာ သူတို့ရဲ့ဝက်ဆိုက်၊ ပရိုဖိုင်းတွေကို ရှာဖတ်နိုင်ပါတယ်။ http://share.youthwant.com.tw ဒီဆိုက်ထဲကနေ နှစ်သက်မိတဲ့တချို့ကို မျှဝေပါတယ်။ ကျန်တာတွေကိုတော့ အဲဒီဆိုက်မှာ အပြည့်အစုံသွားကြည့်နိုင်ပါတယ်။

နိုင်းနိုင်းစနေ

Leave a Reply

Your email address will not be published.