အလွမ်း

kaiOctober 28, 20101min00

အလွမ်း

နီးသလိုလိုနဲ့…အဝေး။
ဝေးသလိုလိုနဲ့ …အနီး။

သက်တန့်မြစ်ရစင်းစာ
ဖူးငုံသီကြွေ…..။

နွေအနမ်းတိုင်းမှာ
ဆောင်းကြွင်းမီးခိုးပွင့်တွေကမညှာမတာ
အဲ့ဒီ့မျက်ဝန်းတချက်ဆို
ဟောဒီ့ကောင်းကင်ကြီးတခုလုံးဟာလဲ ပတ်ကြားအက်။

ရာသီတော်၁၂ပါးရဲ့
အလင်းမဲ့အမှောင်မဲ့
အကြားမဲ့အမြင်မဲ့
ရုပ်မဲ့နာမ်မဲ့
ရှိခြင်းတရားမရှိခြင်းတရားများ…..
သင်တို့အား
ယခုအချိန်သက်ပြင်းတရှိုက်စာ
စွန့်ခွာခွင့်ပြုပါ။

”…..ကျမသည် မျက်ကန်းမဟုတ်သော်လည်း
တစ္ဆေနှင့် ရဲတင်းလွန်းသူ….”
(ခရမ်းရင့်ရောင် ဒုတိယပတ်ဒိုင်ယာရီ)

နီးသလိုလိုနဲ့…အဝေး။
ဝေးသလိုလိုနဲ့ …အနီး။
အဝေးဆုံးကြယ်နှစ်ပွင့်ရဲ့အလင်းနှစ်တိုင်းဟာ
အဝေးဆုံးကြယ်နှစ်ပွင့်အတွက် အနီးကပ်ဆုံးချစ်ခြင်းမေတ္တာဖြစ်တယ်။

မွန်ဒရာ

မှတ်ချက်။  ။ မန္တလေးဂေဇက် အောက်တိုဘာထုတ်တွင်ဖေါ်ပြပြီး

Leave a Reply

Your email address will not be published.