နရသိန်တောရက ရဟန်းတပါးရဲ့ ရင်တွင်းဖြစ်

Good IdeaSeptember 24, 20102min00

ရဟန်းအတွက် ဝတ်အပ်ရာ

နီစွေးစွေး သင်္ကန်းဆိုတာ

မြန်မာပြည်က လူတိုင်းအသိ။

 

အခုတော့…

အနီရောင် တစက်ကယ် မပါ

ခပ်ညစ်ညစ် အဖြူရောင်ကာလာနဲ့

အထက်အောက် ငါဆင်မြန်း

ဖိုးသူတော် တပတ်နွမ်း ဖြစ်နေပါရော့လား။

 

ရဟန်းအတွက်

အပ်စပ်တဲ့နေရာ

ဆိတ်ငြိမ် အေးချမ်း

တရားကြေးစည်သံလွှမ်းတဲ့ ကျောင်းသင်္ခမ်းပါ။

 

အခုတော့…

ငါ ရောက်နေတာ

မစည်ကားအပ်

လူတွေသတ်မှတ်

နံရံလေးဘက်ကြားက

ရာဇဝတ်သားတွေ စံမြန်း

လောက ဒုက္ခဘုံနန်းပါလား။

 

ငါ့ ကျောင်းမှာ

ညနေဆည်းဆာ လွှမ်းရင်

ခြင်ထောင်လေး အသာချလို့ တရားမှတ်

ပြီးတဲ့အခါ ငြိမ်းချမ်းစွာ အိပ်စက်ရတယ်။

 

အခုတော့…

ဆည်းဆာ လွှမ်းချိန်

တပ်ထောင်တာ ဗိုလ်ထု

ခြင် မောင်မယ် အစုစုတို့ ကိုက်ခဲ

ရိုက်လည်း မသတ်ရက်

ပွတ်သပ်ခါသာ ချလို့

ညဉ့်တစ်ယံ မှေးရဖို့အရေး

မိုင်တစ်ထောင် မာရသွန်ပြေးသလို

ဇောချွေးက အထပ်ထပ်။

 

အရင်က ငါ့ကျောင်းမှာ

သင့်တော်ရာ ဆွမ်းထမင်း

လောင်းလှူရာ ဆွမ်းဟင်းနဲ့

အဆင်ပြေစွာ ဘုဉ်ပေးခဲ့ရတယ်။

 

အခုတော့…

ငါ အကျဉ်းသား

သူငါ အများလို

ရောင်စုံ ထမင်း

ကိုယ်ပျောက် ပဲဟင်းနဲ့

ဟင်းရွက်စုံ တာလပေါ

မသေရုံ မျှောလို့သာ နေရတယ်။

 

အရင်က ငါကို့

လူတွေ လက်အုပ်ချီမိုး

ရိုကျိုး ရှိခိုးလို့ နေခဲ့တာ။

 

အခုတော့

အာဏာယစ်မူး

မိစ္ဆာ စစ်ဘီးလူး လက်းပါးစေတွေက

ရင်ကို ဆောင့်ကန်

ပါးကို ဘယ်ညာပြန်

လက်သီးဆွမ်းတွေ အဖန်ဖန်

ကပ်နေပါပေါ့လား။

 

ငါ ဘာများ မှားခဲ့

ဘဝ အဖြေလွှာထဲ

အကြိမ်ကြိမ် ပြန်စစ်ဆေး

ကြက်ခြေခတ်တော့ မတွေ့သေးတာ အမှန်ပဲ။

 

အာဏာအတွက်

သာသနာ ဖျက်သူကို

ကံဆောင်စေလို့

ဘုရားရှင် ပညတ်

ဒီအတွက် ငါ ကံဆောင်တယ်

ကံဆောင်တယ်ဟေ့ ကံဆောင်တယ်။

 

အရိုင်းတွေ ယဉ်စေရေး

ကံဆောင်ခြင်းနဲ့ ငါ သတိပေးတယ်။

 

အကြပ်အတည်းတွေ ပြေလည်ရေး

ကံဆောင်ခြင်းနဲ့ ဆွေးနွေးစေဖို့ပါ။

 

ဒါကို မကျေနပ်

ကံဆောင်သူတွေ ဖမ်း

ကမ်းတဲ့လက်ကို ပုတ်ချပြီး

ဒင်းတို့ ယုတ်မာသထက် ယုတ်မာခဲ့ကြတယ်။

 

ဒီလို အချိုးနဲ့တော့

ကံဆောင်တာတွေ မရပ်

အထပ်ထပ် တိုးဖို့သာ တွက်ထားပေတော့။

 

ကံဆောင်ခြင်းအတွက်

အဝတ်ဆင်းရဲနဲ့လည်း ငါပေးဆပ်မယ်။

အနေဆင်းရဲနဲ့လည်း ငါပေးဆပ်မယ်။

အစားဆင်းရဲနဲ့လည်း ငါပေးဆပ်မယ်။

 

ပုထုဇဉ်ဘဝ

နိဗ္ဗာန်မရသေး သရွေ့တော့

သံသရာ အဖန်ဖန်မှာ

မတရားမှုကို တော်လှန်နေဦးမယ်…။

 

စစ်ဝေး

၂၃. ၉. ၂၀၁၀

Leave a Reply

Your email address will not be published.