California Governor အဖြစ် ရွေးကောက်ခံမည့် Tony Thurmond သည် ဘီလီယံနာများကို အခွန်ကောက်ခံရန်နှင့် ရွေးကောက်ပွဲတွင် ICE ကို ဖျက်သိမ်းရန် ကတိပြု
by Myanmar Gazette
၂၀၂၆၊ ဧပြီ ၃၀ က American Community Media က ကျင်းပသော ဆွေးနွေးပွဲတွင် ပြည်နယ်၏ အနာဂတ်အတွက် ရဲရင့်သော မျှော်မှန်းချက်ကို California ၏ Superintendent of Public Instruction နှင့် Democratic candidate for governor တစ်ဦးဖြစ်သူ Tony Thurmond က ရှင်းပြခဲ့သည်။ Panama ရွှေ့ပြောင်းအခြေချသူတစ်ဦး၏ သားဖြစ်သူ Thurmond က ၎င်း၏ မူဝါဒများသည် ဆင်းရဲမွဲတေမှုနှင့် အစိုးရအထောက်အပံ့ (public assistance) တို့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဘဝအတွေ့အကြုံများပေါ်တွင် အခြေခံထားကြောင်း ပြောကြားရင်း အလုပ်သမားလူတန်းစား မိသားစုများဘက်မှ ရပ်တည်ခဲ့သည်။
“ပိုမိုကောင်းမွန်တဲ့ California တစ်ခုဖြစ်လာဖို့ ဖြစ်နိုင်ခြေရှိပြီး ကျွန်တော်တို့အားလုံး အတူတကွ တည်ဆောက်ရမှာပါ” ဟု Thurmond က ဆိုသည်။
Panama မှပြောင်းရွှေ့ အခြေချလာခဲ့သောမိခင်နှင့် အမေရိကားစစ်သားအဖေတို့က မွေးဖွားလာသော Superintendent Tony Thurmond သည် California ဇာတိ ဖြစ်သည်။ မိခင်ဖြစ်သူက ကင်ဆာရောဂါဖြင့် ဆုံးပါးသွားပြီး ဖခင်က စစ်မှ ပြန်မလာတော့သောအခါ ဝမ်းကွဲဆွေမျိုးများက မွေးစားခဲ့သည်။ “ကျနော်တို့အသက်ရှင်ရပ်တည်ဖို့ free lunches, food stamps နဲ့ အစိုးရအထောက်အပံ့တွေကို အသုံးပြုခဲ့ရပါတယ်။ ကျွန်တော် ပညာသင်ကြားခွင့်ရခဲ့တယ်၊ အဲဒါက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပါတယ်”
လူဝင်မှုကြီးကြပ်ရေးမူဝါဒ၏ ထူးခြားသော ပြောင်းလဲမှု
Thurmond သည် Immigration and Customs Enforcement (ICE) ကို ဖျက်သိမ်းရန် သူ၏ တောင်းဆိုချက်ကို ထပ်မံအတည်ပြုခဲ့ပြီး ထိုကိစ္စတွင် သူသည် တိုးတက်သော အမြင်အရှိဆုံး ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုအေဂျင်စီသည် ၎င်း၏ တာဝန်ဝတ္တရားများတွင် ကျရှုံးနေပြီး အရေးပါသော အလုပ်သမားများကိုသာ ပစ်မှတ်ထားနေကြောင်း သူက ဝေဖန်ခဲ့သည်။
“ICE ဆိုတာ သူတို့ပြောသလို ကျွန်တော်တို့ကို ဘေးကင်းအောင် ထားဖို့ဖြစ်သင့်တာပါ။ ဒါပေမဲ့ သူတို့က ဘယ်သူ့ဆီကနေ ဘေးကင်းအောင် ကာကွယ်ပေးနေတာလဲ? ဘယ်သူတွေ ပြည်နှင်ဒဏ် အပေးခံနေရသလဲဆိုတာ ကြည့်ပါ။ ကလေးထိန်းတွေနဲ့ လယ်ယာလုပ်သားတွေ ဖြစ်နေပါတယ်”
Thurmond ၏ အစီအစဉ်တွင် California ရှိ ICE detention center များကို လည်ပတ်နေသည့် မည်သည့်ကုမ္ပဏီကိုမဆို 50% tax ကောက်ခံမည့် ဥပဒေကြမ်း (legislation) ကို ဦးဆောင်တင်သွင်းရန် ပါဝင်နေသည်။ “ကျွန်တော်တို့ ဒီမှာ ICE ကို မလိုချင်ဘူးဆိုတဲ့ သတင်းစကားကို ပေးလိုက်တာပါ” ဟု ဆိုသည်။ “California ဥပဒေတွေကို ချိုးဖောက်ရင် ဘယ်သူမဆို အရေးယူခံရပါလိမ့်မယ်။ ကျွန်တော်တို့ ဒီမှာရှိတဲ့ လူတိုင်းကို အကာအကွယ်ပေးသွားမှာပါ”
Healthcare နှင့် “Billionaire Tax”
လူနေမှုစရိတ် မြင့်မားလာမှုကို ဖြေရှင်းရန်အတွက် Thurmond က ပိုင်ဆိုင်မှု $150 million ထက်ကျော်လွန်သော ဘီလီယံနာများကို အခွန်ကောက်ခံရန် အစီအစဉ်ကို တင်ပြခဲ့သည်။ ထိုအခွန်ငွေများကို လူလတ်တန်းစားများအတွက် tax credits ပေးရန်နှင့် single-payer healthcare system ကို ထောက်ပံ့ရန် အသုံးပြုမည်ဖြစ်သည်။
“ကျွန်တော် single-payer healthcare system ကို အပြည့်အဝ ထောက်ခံပါတယ်။ ကျန်းမာရေး အာမခံမရှိလို့တင် လူတစ်ယောက်ဟာ အသက်မဆုံးရှုံးသင့်ပါဘူး”
Thurmond က အာမခံမရှိသဖြင့် အသက် ၃၅ နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့ရသည့် သူ၏ အစ်ကိုဖြစ်သူအကြောင်းကို လက်တွေ့ ဥပမာပြကာ ပြောကြားခဲ့သည်။ Healthcare မှ အကျိုးအမြတ်ကို ဖယ်ရှားခြင်းဖြင့် ပြည်နယ်သည် လူနာများကို ဦးစားပေးနိုင်ပြီး အထွေထွေကုန်ကျစရိတ်များကို လျှော့ချနိုင်မည်ဟု ဆိုသည်။
Housing – ၂၀၃၀ တွင် ယူနစ် ၂ သန်း
Superintendent Tony Thurmond သည် ၂၀၃၀ ခုနှစ်တွင် two million housing units ယူနစ်၂သန်း အိမ်ယာကို ဖန်တီးတည်ဆောက်မည့် ရည်မှန်းချက်ကြီးမားသော အိမ်ရာစီမံကိန်းကြီးအကြောင်းကို ပြောကြားခဲ့သည်။ သူ၏ အစီအစဉ်သည် ပြည်နယ်အတွင်းရှိ county ၅၈ ခုလုံးရှိ school districts များပိုင်ဆိုင်သော ပိုလျှံမြေကွက် (surplus property) များကို အသုံးပြုရန် အာရုံစိုက်ထားသည်။
“ကျွန်တော်တို့ဟာ supply နဲ့ demand အကျပ်အတည်းကို ကြုံတွေ့နေရတာပါ။ ပြည်နယ်ဟာ affordable housing အတွက် ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ။ ကျွန်တော့်အုပ်ချုပ်မှုအောက်မှာတော့ အိမ်ခြံမြေတွေကို အကုန်ဝယ်ပြီး အကျိုးအမြတ်အတွက်ပဲ ထားရှိနေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို အခွန်အကြီးအကျယ် ကောက်ခံသွားမှာပါ”
ပညာရေးနှင့် သင်ကြားခွင့်ဆိုင်ရာ အခွင့်အရေး
ပြည်နယ်၏ ထိပ်တန်းပညာရေးအရာရှိတစ်ဦးအနေဖြင့် Thurmond သည် အထောက်အထားမဲ့ ကျောင်းသားများကို ကာကွယ်ရန်အရေးကိုလဲ ဆွေးနွေးခဲ့သည်။ အခြားပြည်နယ်များတွင် နေထိုင်ခွင့် အထောက်အထားမဲ့ကလေးများကို public schools များတွင် ပညာသင်ကြားခွင့် ပိတ်ပင်ရန် ကြိုးပမ်းမှုများကို သူက ဝေဖန်ခဲ့ပြီး U.S. Constitution သည် ကလေးအားလုံးအတွက် အာမခံချက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ကျွန်တော့်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ရှုနားလည်မှုအရ အထောက်အထားမဲ့ကလေးတွေ အပါအဝင် ကလေးအားလုံးအတွက် ပညာသင်ကြားခွင့်ကို အာမခံထားပါတယ်။ အဲဒီကလေးတွေကို ကျွန်တော်တို့ လက်ခံရပါမယ်။ သူတို့မှာ ပညာသင်ကြားပိုင်ခွင့် ရှိပါတယ်”
Tony Thurmond ၏ အဓိကမူဝါဒများ
- Immigration ကဏ္ဍ: ICE ကို ဖျက်သိမ်းရန်နှင့် ပုဂ္ဂလိကထိန်းသိမ်းရေးစခန်းများကို အခွန်တိုးမြှင့်ကောက်ခံရန်။
- Housing (အိမ်ယာ) ကဏ္ဍ: ၂၀၃၀ ခုနှစ်တွင် အိမ်ရာယူနစ် ၂ သန်း တည်ဆောက်ရန် စီမံချက်ထားရှိသည်။
- Economy (စီးပွားရေး) ကဏ္ဍ: ချမ်းသာကြွယ်ဝသူများကို အခွန်ကောက်ခံ၍ အလုပ်သမားမိသားစုများကို ပြန်လည်ပံ့ပိုးရန်။
- Healthcare နှင့် Child Care ကဏ္ဍများ: ပြည်သူအားလုံး လက်လှမ်းမီနိုင်သော ကျန်းမာရေးစနစ်နှင့် ကလေးထိန်းကျောင်းမှု အစီအစဉ်များကို ဖော်ဆောင်ပေးရန် ကတိပြုထားသည်။
ရှေ့ဆက်မည့်လမ်း
အချို့သော ဝေဖန်သူများက သူ၏ polling numbers များကို ထောက်ပြနေသော်လည်း Thurmond က တွန့်ဆုတ်မသွားဘဲ၊ ယခင်ရွေးကောက်ပွဲများတွင်လည်း သူသည် အသုံးစရိတ်နှင့် စစ်တမ်းများတွင် အရေးနိမ့်ခဲ့သော်လည်း နောက်ဆုံးတွင် မဲအရေအတွက် ငါးသန်းကျော်ဖြင့် ပြည်နယ်အဆင့်တွင် နှစ်ကြိမ်တိုင်တိုင် အနိုင်ရခဲ့ကြောင်း ပြောကြားခဲ့သည်။
“စစ်တမ်းတွေက ဘယ်သူ့ကိုမှ ရွေးကောက်တာမဟုတ်ပါဘူး။ ပြည်သူတွေကပဲ ရွေးကောက်တာပါ” ဟု Thurmond က ဆိုသည်။ “ကျွန်တော်ဟာ California ရဲ့ အကောင်းဆုံး Governor ဖြစ်လာဖို့ ကြိုးစားသွားမှာပါ။ ဘီလီယံနာတွေအတွက် မဟုတ်ဘဲ အလုပ်သမားတွေအတွက် တိုက်ပွဲဝင်သွားမှာပါ”

