မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ဧပြီ ၂၀၂၆
မြန်မာနှစ်ကူးဧပြီလသည် မြန်မာ-အမေရိကန်တို့အတွက် ထူးခြား၏။ မြန်မာပြည်တွင်း၌ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် ဘောင်းဘီချွတ်၍ မဲဆန္ဒဖြင့် ရွေးကောက်ထားပါသည်ဆိုသော ကိုယ်စားလှယ်များ၏ ထပ်ဆင့်ရွေးချယ်ပေးမှုဖြင့် သမ္မတဦးမင်းအောင်လှိုင် အဖြစ်ခံယူသည်။
မြန်မာနှစ်ဆန်းတရက်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းကျခံနေသူ (၄၅၁၄) ဦးတို့နှင့်အတူ သမ္မတဦးဝင်းမြင့်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။ ဧပြီလကုန် ၃၀ ရက်နေ့တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်ပြုကာ အကျဉ်း ကျခံနေသူ (၁၅၁၉) ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ ပြောင်းရွှေ့ကာ သတ်မှတ်ထားသည့် နေအိမ်တွင် (အကျယ်ချုပ်) ဆက်လက်ခံစေရန် ပြောင်းလဲသတ်မှတ်ပေးသည်။ ၂၀၂၁ တွင် အရေးပေါ်အခြေအနေ ကြေညာကာ စစ်အုပ်စုမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသော ထောင်ဒဏ်ပေါင်း ၃၃ နှစ်မှ လျော့ရက်များ နှုတ်ပါက ၁၃ နှစ်ကျော် ကျန်ရှိနေသေးသည်ကို လက်ရှိသမ္မတရာထူး ရယူလိုက်သည့် ဦးမင်းအောင်လှိုင်မှ နောက်ကြောင်းပြန်လက်ခံထားခြင်းလည်း ဖြစ်သည်။ ၂၀၀၈ ခြေဥပေးထားချက်ကို “ဗိုလ်မှဦး” ပြောင်းသည့် အစိုးရက လက်ခံလိုက်နာနေသည်လော၊ ဆန့်ကျင်သည်လော ကြီးစွာ ဆွေးနွေးကြရမည့်ကိစ္စဖြစ်ပါသည်။
ချိုင်းနား (China) ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ပြီးနောက် ဧပြီ ၃၀ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်၏ သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းဌာန၏ အမေးကို “ဒေါ်အောင်ဆန်းစုကြည်သည် ချိုင်းနား၏ မိတ်ဆွေဟောင်းတစ်ဦး ဖြစ်ပါသည်။ သူမ၏ အခြေအနေကို ကျနော်တို့ အမြဲတမ်း စိုးရိမ်ပူပန်နေပါသည်။” ဟူသော သဘောထားမှတ်ချက်နှင့် နောက်/ရှေ့ထွက်လာသည့် အနီးစပ်ဆုံးရလဒ်ဖြစ်ပေရာ လက်ရှိမြန်မာနိုင်ငံ၏ ကံကြမ္မာကို ချိုင်းနား မှ လွှမ်းမိုးထားသည်၊ သတိထားစောင့်ကြည့်နေသည်ဟု ယူဆနိုင်သည်။
ဧပြီနွေဦး အမေရိကား
ဧပြီလအတွင်း အမေရိကား (America) ၏ အရေးအကြီးဆုံး ထင်ရှားဖြစ်ရပ်များမှာ ဘုရင်ချားလ်စ်၏ လာရောက်လည်ပတ်မှု၊ လွတ်လပ်ရေး (၂၅၀) နှစ်ပြည့်အတွက် ရက် ၁၀၀ ပြင်ဆင်မှု စခြင်း၊ အီရန်စစ်ကြောင့် ချိုင်းနားနှင့် တင်းမာမှုများ စလာခြင်း၊ ဥရောပနှင့် Nuclear Fusion, Quantum Computing, and Artificial Intelligence (AI) နည်းပညာ သဘောတူညီချက်များ ရယူနိုင်ခြင်းနှင့် အမျိုးသားလုံခြုံရေးအတွက် ကာကွယ်ရေး ထောက်လှမ်းရေး အသုံးစရိတ်များ တိုးမြှင့်ခဲ့ခြင်းများ ဖြစ်သည်။
ဗြိတိန်ဘုရင်၏တိုင်းခန်းလော? Lesson လော?
လွတ်လပ်ရေးကြေညာစာတမ်း ထုတ်ပြန်ခြင်း ၂၅၀ နှစ်ပြည့် (Semi-quincentennial) အထိမ်းအမှတ်အဖြစ် သမ္မတထရမ့် ဖိတ်ကြားထားမှုအရ ဗြိတိန်ဘုရင် ချားလ်စ် (King Charles III) အမေရိကားသို့ ၄ ရက်တာ ခရီး လာရောက်လည်ပတ်ခဲ့သည်။ ဧပြီ ၂၈ ရက်နေ့က (၁၁၉) ကြိမ်မြောက် အမေရိကန်ကွန်ဂရက်လွှတ်တော်၌ ဗြိတိန်ဘုရင် ချားလ်စ် ၂၄ မိနစ်ကျော်ကြာ ပြောကြားခဲ့သည့် မိန့်ခွန်းသည် သမိုင်းဝင်ရုံသာမက၊ လက်ရှိ အမေရိကနိုင်ငံရေး အခင်းအကျင်းအတွက် လေးနက်သော သင်ခန်းစာတစ်ရပ် ဖြစ်ခဲ့သည်။
ဘုရင်ချားလ်စ်က မိမိကိုယ်ကို အမေရိကား၏ ရေးရာကိစ္စရပ်များကို နေ့စဉ်မပြတ် လေ့လာစောင့်ကြည့်ခဲ့သော မင်းဆက်များအနက် (၁၉) ဦးမြောက် ဘုရင်ဖြစ်ကြောင်း မိတ်ဆက်ရင်း၊ ကွန်ဂရက်လွှတ်တော်အား “ဒီမိုကရေစီ၏ ခံတပ်” (Citadel of Democracy) ဟု အလေးအမြတ်ပြု သုံးနှုန်းသွားခဲ့သည်။ ၎င်းသည် ပြည်သူ့အသံကို ကိုယ်စားပြုသည့် ဥပဒေပြုလွှတ်တော်၏ အခန်းကဏ္ဍသည် မည်မျှအရေးကြီးကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။
သမိုင်းကြောင်းကို ပြန်လည်ကိုးကားရာတွင်လည်း ဘုရင်ချားလ်စ်သည် ပညာသားပါပါဖြင့် နှိုင်းယှဉ်ပြသွားခဲ့သည်။ “ဂျော့ချ်နှစ်ဦး၏ ပုံပြင်” (A Tale of Two Georges) ဟု ဆိုကာ ပထမဆုံးသမ္မတ ဂျော့ချ်ဝါရှင်တန်နှင့် ၎င်း၏ဘိုးဘေး ဘုရင်ဂျော့ချ် (၃) တို့ကို ဥပမာပေးလျက်၊ လွန်ခဲ့သော ၂၅၀ နှစ်က “ကိုယ်စားလှယ်မပါဘဲ အခွန်မဆောင်ရ” (No taxation without representation) ဟူသော အငြင်းပွားမှုမှ စတင်ခဲ့သည့် အမေရိကန်ဒီမိုကရေစီသည် ဗြိတိန်၏ အလင်းပွင့်ခေတ် (British Enlightenment) အမွေအနှစ်များနှင့် Magna Carta “မဟာပဋိညာဉ်စာချုပ်” တို့အပေါ်တွင် အခြေခံထားကြောင်း ထောက်ပြခဲ့သည်။ အထူးသဖြင့် အမှုပေါင်း ၁၆၀ ကျော်တွင် ကိုးကားခဲ့ရသည့် မဂ္ဂနာကာတာ၏ အနှစ်သာရဖြစ်သော “ဥပဒေအထက်တွင် မည်သူမှမရှိစေရ” ဟူသည့် အချက်ကို သတိပေးသွားခြင်းမှာ ယနေ့ခေတ် အမေရိကန်နိုင်ငံရေးသမားများအတွက် စဉ်းစားစရာ ဖြစ်လာစေသည်။
ထို့အပြင် ဘုရင်ချားလ်စ်သည် ခရစ်ယာန်ဘာသာတရား (Christian faith) အပေါ် မိမိ၏ သက်ဝင်ယုံကြည်မှုကို ပုဂ္ဂိုလ်ရေးဘဝနှင့် လူ့အဖွဲ့အစည်းအတွက် “ခိုင်မာသော ကျောက်ဆူး” တခုအဖြစ် တင်စားပြောကြားသွားခဲ့သည်။ ဤနေရာတွင် သတိပြုရန်မှာ ဗြိတိန်ဘုရင်သည် အင်္ဂလန်အသင်းတော် (Church of England) ၏ အကြီးအကဲဖြစ်ပြီး၊ ၎င်း၏ဘာသာရေးအယူအဆမှာ အမေရိကားရှိ ဧဝံဂေလိအသင်းတော်များ (Evangelicals) သို့မဟုတ် ရိုမန်ကက်သလစ် (Roman Catholic) တို့နှင့် ကွဲပြားခြားနားမှု ရှိနိုင်သော်လည်း၊ ဘုံတူညီချက်မှာ ဘာသာရေးအာဏာသည် နိုင်ငံတော်၏ အချုပ်အခြာနှင့် ဒီမိုကရေစီဥပဒေများအောက်တွင်သာ ရှိရမည်ဟူသော အချက်ပင် ဖြစ်သည်။ မျှော်လင့်ချက်ကို ခိုင်မာစေသည့် အီစတာ (Easter) ပွဲတော်ကာလတွင် ဤကဲ့သို့ ဘာသာရေးနှင့် နိုင်ငံရေးအာဏာကို စနစ်တကျ ခွဲခြားပြသွားခြင်းမှာလည်း ထူးခြားလှသည်။
အမေရိကား လွတ်လပ်ရေးရရှိခြင်း ၂၅၀ နှစ်ပြည့် (Semiquincentennial) အကြိုကာလတွင် ဘုရင်ချားလ်စ်က သမ္မတလင်ကွန်း၏ Gettysburg မိန့်ခွန်းကို ပြန်လည်ကိုးကားကာ “ကျုပ်တို့ ပြောခဲ့တာတွေကို ကမ္ဘာကြီးက သတိပြုမိမှာမဟုတ်ပေမဲ့၊ ကျုပ်တို့ လုပ်ခဲ့တာတွေကိုတော့ မည်သည့်အခါမျှ မေ့ပျောက်လိမ့်မည်မဟုတ်ပါ” ဟု နိဂုံးချုပ်သွားခဲ့သည်။ ၎င်းသည် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် စကားလုံးများထက် လက်တွေ့လုပ်ရပ်များဖြင့်သာ ဒီမိုကရေစီကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း နှိုးဆော်လိုက်ခြင်းပင် ဖြစ်သည်။
ဆိုရသော် ဘုရင်စနစ်ကို ကျင့်သုံးနေသည့် ဗြိတိန်ဘုရင်က မူလလက်ဟောင်း ကိုလိုနီ အမေရိကားသို့ လာရောက်၍ ဒီမိုကရေစီ၏ တန်ဖိုးနှင့် ဥပဒေစိုးမိုးရေးကို ဟောပြောသွားရခြင်းသည် လက်ရှိအမေရိကနိုင်ငံရေး၏ ပုံပျက်ယွင်းနေသော အခြေအနေကို ထင်ဟပ်စေပါသည်။ ခေါင်းဆောင်တစ်ဦး၏ အာဏာသည် ပြည်သူနှင့် ဥပဒေ၏ အောက်တွင်သာ ရှိရမည်ဟူသော အခြေခံအမှန်တရားကို အမေရိကန်နိုင်ငံရေးသမားများ ပြန်လည်နှလုံးသွင်းရန် လိုအပ်နေပြီ ဖြစ်ပါသည်။
God Save the King Vs No Kings Day
ပြီးခဲ့သည့်ရက်ပိုင်းက အိမ်ဖြူတော် တောင်ဘက်မျက်နှာစာ (South Lawn) နှင့် နိုင်ငံတော်ညစာစားပွဲတို့တွင် ဗြိတိန်ဘုရင် ချားလ်စ် (King Charles III) အား ကြိုဆိုသည့် “God Save the King” သံစဉ်များ လွှမ်းမိုးခဲ့သည်။ ထိုအခမ်းအနားတွင် သမ္မတ ထရမ့် (Trump) က “ယနေ့ခေတ် အမေရိကန်တို့ အမြတ်တနိုးသီဆိုကြသည့် ‘My Country ’Tis of Thee’ သီချင်း၏ အရင်းအမြစ်မှာ ဗြိတိန်၏ ‘God Save the King’ ပင် ဖြစ်သည်” ဟု ဆိုကာ နှစ်နိုင်ငံ၏ ဘုံသမိုင်းကြောင်းကို ထောက်ပြခဲ့သည်။ သို့သော် အိမ်ဖြူတော်၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာများ၌ ဘုရင်နှင့် သမ္မတ၏ပုံကို “TWO KINGS” (ဘုရင်နှစ်ပါး) ဟု ကမ္ပည်းထိုး ဖော်ပြခဲ့ခြင်းမှာ အမေရိကန်ဒီမိုကရေစီ၏ စံနှုန်းများနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ၂၀၂၅ ခုနှစ် ဇွန်လမှ စတင်ခဲ့သော “No Kings” (ဘုရင်စနစ်မရှိရ) လှုပ်ရှားမှုသည် ၂၀၂၆ ခုနှစ် မတ်လတွင် အရှိန်အဟုန် အမြင့်ဆုံးသို့ ရောက်ရှိလာသောကြောင့် ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ မြို့ကြီးပေါင်း ၃,၃၀၀ ကျော်၌ လူဦးရေ ၈ သန်းကျော် တပြိုင်တည်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည့် ဤဖြစ်ရပ်သည် လက်ရှိအုပ်ချုပ်ရေးလမ်းကြောင်းအပေါ် လူထု၏ တုံ့ပြန်ချက်ကို အထင်အရှား ပြသလိုက်ခြင်းပင် ဖြစ်သည်။ သမ္မတ ထရမ့်သည်လည်း ၎င်း၏ ကိုယ်ပိုင်လူမှုကွန်ရက်မှတစ်ဆင့် ပြင်းထန်ရိုင်းစိုင်းသော စကားလုံးများဖြင့် လူထုအား တုံ့ပြန်ခဲ့ရာ၊ ၎င်း၏ ထောက်ခံသူ “မာဂါ” (MAGA) အုပ်စုများနှင့် ဆန့် ကျင်သူများအကြား ကြီးစွာသော သဘော ထားကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။
မည်သို့ပင်ဆိုစေကာမူ သမ္မတ ထရမ့်သည် ၂၀၂၄ ခုနှစ် တရားဝင်ရွေးကောက် ပွဲတွင် လူထုမဲအများဆုံးရရှိပြီး ရွေး ကောက်တင်မြှောက်ခံထားရသူ ဖြစ်သည်ကိုမူ ငြင်းချက်ထုတ်၍ မရနိုင်ပေ။ အမေရိကား၏ အုပ်ချုပ်ရေးစနစ်တွင် အာဏာကို အပြန်အလှန် ထိန်းကျောင်းသည့် “Checks and Balances” စနစ်မှာ ယနေ့တိုင် ခိုင်မာစွာ တည်ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အစွန်းရောက်မှုများနှင့် ပဋိပက္ခများကို ရှုမြင်ရာတွင် မြန်မာများအပါအဝင် အဖက်ဖက်မှ သတိထား ဆင်ခြင်ကြရန်နှင့် အစွန်းမရောက်ဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိကြရန်သာ တိုက်တွန်းလိုပါသည်။
နိဂုံး – ဗြိတိသျှဓနသဟာယသို့ မျှော်ကြည့်ခြင်း
ဤကိစ္စအတွက် ဘုရင်ကြီး ကြွချီလာသည်ဟုသာ ဆိုချင်သည်။ အဆိုပါဘုရင်မျိုး မြန်မာနိုင်ငံတွင်လည်း လိုပါ၏။ အဘယ်ကြောင့်ဆိုသော် ကုန်းဘောင်ခေတ်မင်းဆက်၏ တတိယမြန်မာနိုင်ငံတော်ဟူသည် ခေါင်းစဉ်သာရှိပြီး နယ်နမိတ်အတိအကျ အိမ်နီးချင်းများနှင့် သတ်မှတ်စာချုပ်ချုပ်ထားခြင်းမရှိသလို အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားရေးစနစ်တို့မှာလည်း ကမ္ဘာနှင့်ညှိစနစ်တကျ မရှိစဖူးပါချေ။ အင်္ဂလိပ်တို့ ကိုလိုနီပြုပြီးနောက်မှ မြို့ပြများနှင့် အုပ်ချုပ်ရေး အခွန်စနစ်တို့ဖြင့် တည်ထောင်ထားခြင်းသာဖြစ်၏။
၁၉၄၈ လွတ်လပ်ရေးပေးသည်မူ၍ အင်္ဂလိပ်တို့ တည်ထောင်ပေးသွားသော မြန်မာနိုင်ငံတော်ပါတည်း။ ယခုကဲ့သို့ မြန်မာပြည်ချွတ်ခြုံကျနေချိန်တွင် ချိုင်းနား (China) ၏ ရုပ်သေးအစိုးရဖြစ်တည်ခြင်းထက် ချိန်ခွင်လျာညှိနိုင်ရန် ဗြိတိသျှဓနသဟာယသို့ ပြန်လည်ဝင်လျောက်၍ ချားလ်စ်ဘုရင်ကြီးကို ရုပ်သေးထားကြ Lesson ခံကြစေလိုသည်။
စဉ်းစားပေးကြပါကုန်။


