“Asylum ဆိုင်ရာ တင်းကျပ်မှုများကို ထရမ့်အစိုးရက ပြန်လည်လျှော့ချပေးနေ”

kaiMarch 31, 20261min00

ပြီးခဲ့သည့် နိုဝင်ဘာလနှောင်းပိုင်းက ဝါရှင်တန်ဒီစီတွင် ၂၀၂၅ ခုနှစ်၌ ခိုလှုံခွင့် (Asylum) ရရှိထားသည့် အာဖဂန်နစ္စတန်နိုင်ငံသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် နေရှင်နယ်ဂတ်စစ်သည် နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် USCIS မှ ကိုင်တွယ်နေသော ခိုလှုံခွင့်လျှောက်ထားမှု (Asylum cases) အားလုံးကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့သည်။

ယခုအခါ အစိုးရသည် ခရီးသွားလာခွင့် ကန့်သတ်ထားသည့် နိုင်ငံများ (Travel Ban countries) မှ လျှောက်ထားသူများမှလွဲ၍ ကျန်ရှိသော ခိုလှုံခွင့်တောင်းခံမှုများကို ပြန်လည်စိစစ် ဆုံးဖြတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း DHS သတင်းရင်းမြစ်များက ဆိုသည်။ သို့သော်လည်း အမေရိကားသို့ ဝင်ရောက်ခွင့် အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ကန့်သတ်ခံထားရသည့် ၃၉ နိုင်ငံမှ လျှောက်ထားသူများအတွက်မူ ခိုလှုံခွင့် ရပ်ဆိုင်းထားမှုသည် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

အဆိုပါ ကန့်သတ်ချက် (Travel Ban) စာရင်းဝင် ၃၉ နိုင်ငံတွင် မြန်မာ ၊ အာဖဂန်နစ္စတန်၊ အီရန်၊ လာအို၊ ကျူးဘား၊ ဟေတီ နှင့် ဗင်နီဇွဲလား တို့ ပါဝင်နေဆဲဖြစ်သည်။ ၎င်းနိုင်ငံများမှ လျှောက်ထားသူများအတွက် ခိုလှုံခွင့် (Asylum) သာမက အလုပ်လုပ်ကိုင်ခွင့် (Work Permits)၊ အမြဲတမ်းနေထိုင်ခွင့် ဂရင်းကတ် (Green Cards) နှင့် နိုင်ငံသားဖြစ်ခွင့် (Citizenship) လျှောက်ထားမှုများကိုပါ ထရမ့်အစိုးရက ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်သည်။

မြန်မာတို့အတွက်.. ဂရင်းကဒ်ကိုင်ဆောင်ထားသူများ.. အမေရိကစစ်တပ်ထဲဝင်၍စစ်မှုထမ်းပါကလည်း.. နိုင်ငံသားဖြစ်ရန်ကျမ်းကျိန်သည့်အဆင့်တွင်ရပ်ဆိုင်းထားဆဲဖြစ်သည်။

ယခု.. DHS ၏ ထုတ်ပြန်ချက်အရ “အန္တရာယ်မရှိသော နိုင်ငံများမှ သေချာစွာ စိစစ်ပြီးသည့် ခိုလှုံသူ (Asylum seekers) များအတွက် စိစစ်မှုများကို ပြန်လည်ခွင့်ပြုပေးလိုက်ပြီ” ဟု ဆိုသည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် အန္တရာယ်ရှိနိုင်သည့် (High-risk) အမှုတွဲများကို ပိုမိုအာရုံစိုက် စစ်ဆေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထရမ့်အစိုးရသည် ဘိုင်ဒန်အစိုးရလက်ထက်က စိစစ်မှုများ လျော့ရဲခဲ့သည်ဟု ယူဆကာ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပိုမိုတင်းကျပ်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဆိုပါသည်။ အခြားတစ်ဖက်တွင်မူ လူဝင်မှုကြီးကြပ်ရေး တက်ကြွလှုပ်ရှားသူများက ဥပဒေနှင့်အညီ လျှောက်ထားသည့် ရွှေ့ပြောင်းအခြေချသူ (Immigrants) များကို အစိုးရက ဒဏ်ခတ်အပြစ်ပေးနေခြင်းဖြစ်သည်ဟု စွပ်စွဲဝေဖန်ထားကြသည်။