မြန်မာပြည်သတင်း ဒိုင်ယာရီ Feb 2026
Feb 24 . ဒီနေ့ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်တဲ့ အဆင့်သတ်မှတ်ချက် ၂၂၇(ခရမ်းရောင်)မှာ ရှိခဲ့ကြောင်း ကမ္ဘာ့လေထုအရည်အသွေး ကိန်းဂဏန်းတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ IQAir သတင်းက ဖေါ်ပြထားပါတယ်။
ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာပြည်ဆိုင်ရာ ဖင်လန်နိုင်ငံသံရုံးကို ဖေဖော်ဝါရီ ၂၈ ရက်ကနေ စ ပိတ်သိမ်းတော့မယ်လို့ ဖင်လန်သံရုံးက ဒီနေ့ ကြေညာပါတယ်။
Feb 23 . စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ ကျင်းပပြီးနောက် ၃ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေကို မတ်လ တတိယအပတ်အတွင်း စတင် ခေါ်ယူကျင်းပမှာ ဖြစ်ကြောင်း ကြေညာပါတယ်။
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ဒေသခံတွေအားထားရတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ဒီရက်ပိုင်း မြန်မာစစ်တပ်ဘက်က လေကြောင်းနဲ့ရော မြေပြင်ကနေပါ တိုက်ခိုက်ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်လာနေပြီး၊ တိုက်ပွဲတွေကြောင့် အရင်ကတည်းက အခက်အခဲရှိနေတဲ့ ဒေသခံတွေ ဆေးကုသရေး ပိုခက်ခဲနေကြကြောင်း ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
Feb 22 . မြစ်ဆုံစီမံကိန်းကနေ ထုတ်လုပ်ရရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို ပြည်တွင်းသုံးစွဲမှု ဖူလုံဖို့အတွက်ဦးစားပေးမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်က ပြောပါတယ်။
ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ တွေ့ဆုံခဲ့ပြီး ရှမ်းမြောက်ဒေသ နယ်မြေထိန်းချုပ်ရေး၊ ဒေသတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချမှတ်ဖို့ ညှိနှိုင်းသဘောတူကြောင်း သိရပါတယ်။
Feb 21 . ကချင်လွတ်လပ်ရေးတပ်(KIA)ရဲ့ တပ်မဟာ ၉ ဌာနချုပ်အပါအဝင် တပ်မဟာ နယ်မြေ ၃ ခုကို စစ်တပ်က ဒီနေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ကြောင်း KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို အတည်ပြုပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရာထူးကနေ အနားယူလိုက်ကြောင်း ဥက္ကဋ္ဌသစ်ဖြစ်လာသူ ဦးစောဟန်အေးက ပြောပါတယ်။
Feb 21 . စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က MMQR (Myanmar Quick Response) ငွေပေးချေမှုစနစ်ကနေ ရရှိလာမဲ့ Transaction data (ငွေသွင်းငွေထုတ်အချက်အလက်)တွေကို အသုံးပြုပြီး အပေါင်ပစ္စည်းမလိုတဲ့ ဒစ်ဂျစ်တယ်ချေးငွေ(Collateral-free Digital Loan)ကို ထုတ်ချေးမှာကို Feb 19 က သတင်းထုတ်ပြန်ခဲ့ပြီး SMEs လုပ်ငန်းရှင်တွေက
မျှော်လင့်နေကြပါတယ်။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲမှာ လျှို့ဝှက်ဆောက်လုပ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြေအောက်ဆေးရုံ မိုင်းခွဲဖျက်ဆီးခံလိုက်ရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဘက်က BBC သတင်းကို အတည်ပြုပါတယ်။
Feb 20 . မြန်မာပြည်မှာ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးတွေပါဝင်တဲ့ အစိုးရသစ် တရပ်ကို သင်္ကြန်မတိုင်ခင် ဖွဲ့ဖို့ရှိကြောင်း စကစရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ခံက ပြောခဲ့ပါတယ်။
မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူး ယူထားတာ(၁၅)နှစ်ရှိလာပြီဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ တပ်ချုပ်ရာထူးကနေ အနားယူမယ်လို့ BBC ရဲ့ သတင်းရင်းမြစ်က သိရပြီး သမ္မတရာထူး ယူ၊ မယူဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
Feb 19 . NUG ဘက်က ရပ်တည်ခဲ့တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက စစ်တပ်ဆီ လက်နက်ချအပြီးမှာ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးဟာ မိသားစုကိုခေါ်၊ စစ်ကောင်စီနဲ့ ပူးပေါင်းသွားပြီး စစ်ကောင်စီထံ လက်နက်ချ ပူးပေါင်းသွားပြီးနောက် ဒီနေ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲနယ်ကို စစ်ကြောင်း ၂ ကြောင်းနဲ့
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာကြောင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။
မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မြင်းခြံမြို့နယ်တွေမှာ စစ်ကောင်စီက အင်အားသုံး နယ်မြေထိန်းချုပ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
Feb 18 . ရခိုင်ပြည်နယ်ရှိ မွေးကင်းစနဲ့ ၆ လကြား စစ်ရှောင်ကလေးတွေအတွက် နို့မှုန့်အာဟာရပြည့်ဝစေဖို့ ကချင်လူမျိုး မော်ဒယ်လုလုအောင်က ရခိုင်ပြည်နယ်အခြေစိုက် အရွယ်စုံ Arakanese Ladies အဖွဲ့ကို ကျပ်ငွေ သိန်း ၃၀ လှူဒါန်းခဲ့ပါတယ်။
မြန်မာပြည်မှာ ဆေးလိပ်ဖြတ်စက်လို့ လူသိများကြတဲ့ E စီးကရက်၊ Vape တွေကို တင်သွင်း၊ တင်ပို့တာ၊ ရောင်းချ၊ လက်ဝယ်ထားရှိတာနဲ့ သိုလှောင်ဖြန့်ဖြူးတာအပြင် သုံးစွဲတာတွေကို ဒီနေ့ကစပြီး တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။
Feb 17 . ဧရာဝတီတိုင်းမှာ စစ်ကောင်စီက တောင်သူတယောက်ကို နေကြာပင် အနည်းဆုံး ၂ ဧက စိုက်ဖို့ ဖိအားပေးနေတာကြောင့် တောင်သူတွေ အခက်တွေ့နေကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲ၊ ကုဋေမှော်မှာ မနေ့ညပိုင်းက မြေစာပုံပြိုကျလို့ ရေမဆေးကျောက် ရှာသူတွေ အယောက် ၂၀ ကျော် ပျောက်ဆုံးနေခဲ့ပါတယ်။
Feb 16 . စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာကာလအတွင်း မြန်မာပြည်တဝန်း အကျဉ်းထောင်တွေမှာ ထောင်တွင်းဆန္ဒပြလှုပ်ရှားမှု အနည်းဆုံး ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား(၁၆)ယောက်ထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း မြန်မာ့အကျဉ်းထောင်သက်သေ Myanmar Prison Witness က ဖေါ်ပြပါတယ်။
မြန်မာပြည်အနေနဲ့ လာမဲ့ ဇွန်လမှာ တိုးတက်မှု တစုံတရာမရှိရင် အရေးယူဆောင်ရွက်မဲ့ နည်းလမ်းတွေ စဉ်းစားမယ်လို့ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF) က ထုတ်ပြန်သတိပေးလိုက်တဲ့အပြင် မြန်မာပြည်ရဲ့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT)
လုပ်ဆောင်ချက်တွေဟာ တရားဝင် ငွေကြေးစီးဆင်းမှုများအပေါ် မလိုအပ်ဘဲ အလွန်အကျွံ စိစစ်မှုများ ပြုလုပ်ခြင်း ရှိ၊ မရှိကိုလည်း FATF က ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Feb 15 . မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက တီမော လက်စ်တေ သံရုံး ယာယီ တာ၀န်ခံကို နိုင်ငံကနေ (၁)ပတ် အတွင်း ထွက်ခွာဖို့ မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း အခုလိုပဲ နှင်ထုတ်ခဲ့ဖူးပြီး ဒါဟာ ဒုတိယ အကြိမ်မြောက် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အခုနှစ် စိုက်ပျိုးရာသီ ထွက်တဲ့ စပါးတွေ ဝယ်လက် နည်းပါးသလို စပါးဈေးလည်း မကောင်းတာကြောင့် လယ်သမားတွေ အရှုံးနဲ့ ရင်ဆိုင်နေကြရကြောင်း တောင်သူတွေက ပြောပါတယ်။
Feb 14 . မြန်မာပြည် စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ကျပ်ငွေတန်ဖိုး ၈၀ % ထိကျဆင်းသွားတဲ့အပြင် စီးပွားရေးကပ်ဘေးသင့်ပြီးတော့ ကမ္ဘာ့အပယ်ခံနိုင်ငံအဖြစ် မြန်မာပြည် ရောက်ရှိသွားခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်က ပြောထားပါတယ်။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၃ ရက်ထိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်နဲ့စျေးဆိုင်ခန်းတွေ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
Feb 13 . ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား လေဆိပ် မနေ့မွန်းလွဲပိုင်းက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးအရ လေယာဉ်ခရီးစဉ်တွေ ရပ်နားထားကြောင်း လေယာဉ်လက်မှတ်ရောင်းချသူတွေက ပြောပါတယ်။
မြန်မာပြည်ရှိ Air KBZ နဲ့ KT Group ထံကို လွှဲပြောင်းခဲ့တဲ့ ATR ခရီးသည်တင် လေယာဉ်တွေကို မြန်မာစစ်တပ်က စစ်ဆင်ရေးများမှာ အသုံးပြုခဲ့ပြီး လေယာဉ်ငှားရမ်းပေးခဲ့တဲ့ NAC ကုမ္ပဏီဟာ လူ့အခွင့်အရေးစံနှုန်း လိုက်နာဖို့ ပျက်ကွက်ခဲ့တာ ဒိန်းမတ်နိုင်ငံက အတည်ပြုကြောင်း Justice For Myanmar က သတင်းထုတ်ပြန်ပါတယ်။
Feb 12 . မြန်မာပြည်မှာ အကျပ်အတည်းပေါင်းစုံနဲ့ ကြုံနေရကြောင်းနဲ့ မြန်မာပြည်ကို ကမ္ဘာက မေ့လျော့နေပေမဲ့ ဘုရားသခင်က မေ့လျော့တော် မမူကြောင်း မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက မိန့်ကြားခဲ့ပါတယ်။
ရခိုင်၊ မကွေးနဲ့ စစ်ကိုင်းအပါအဝင် ပဋိပက္ခတွေဖြစ်နေတဲ့ နေရာအများစုမှာ ကလေးတွေ ပညာသင်ကြားခွင့် ဆက်လက်ဆုံးရှုံးနေပြီး တချို့နေရာတွေမှာ အခြေခံပညာအထက်တန်းအဆင့်ထိ မရောက်နိုင်ဘဲ ပညာရေး ခါးဆက်ပြတ်သွားသူတွေများလာကြောင်း ဒေသခံတွေနဲ့ ပညာရေးဆိုင်ရာ ကူညီပေးနေသူတွေက ပြောပါတယ်။
Feb 11 . ၂၀၂၅၊ မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် အဆောက်အအုံ ပြိုကျပြီး လူရာချီ သေဆုံးခဲ့ရတဲ့ မန္တလေး၊ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုကို ဆောက်လုပ်ခဲ့တဲ့ NTL ကုမ္ပဏီပိုင်ရှင်ကို အမှုဖွင့်တရားစွဲဆိုထားပြီ ဖြစ်ပါတယ်။
ဗဟိုဘဏ်ရဲ့ တင်းကျပ်မှုကြောင့် ဘဏ်တွေကနေ တရက်စာ ငွေသားထုတ်ယူမှုကို ဒီနေ့ထိ ဆက်ကန့်သတ်နေတာကြောင့် ငွေသားကိုအဓိထား သုံးစွဲနေရတဲ့ လုပ်ငန်းတွေ အခက်အခဲဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
Feb 10 . ပြီးခဲ့တဲ့နှစ်က တိုက်ပွဲဖြစ်လို့ အကျဉ်းချုံးသာ ပြုလုပ်နိုင်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ တည်ရှိတဲ့ သမိုင်းဝင် မော်တင်စွန်းဘုရားပွဲကို အခုနှစ်မှာ ၁၅ ရက်လောက်ထိ ကျင်းပဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ သဘောထားအမြင် ကောက်ယူထားတဲ့ True Choice Myanmar စစ်တမ်းရလဒ်တွေကို US ၊ ယူကေ၊ အာဆီယံနဲ့ နိုင်ငံတကာအစိုးရ၊ လွှတ်တော်တွေဆီ ပေးပို့သွားမယ်လို့ စစ်တမ်း ဦးဆောင်ကောက်ယူခဲ့တဲ့ Institute of Peace and Federal Democracy တည်ထောင်သူ ဒေါက်တာဆာဆာက ပြောပါတယ်။ စစ်တမ်းမှာ စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာမဲ့ အစိုးရဟာ ပြည်သူကို ကိုယ်စားမပြုနိုင်ဘူးလို့ ၉၇ ရာခိုင်နှုန်းကျော်က ဖြေဆိုထားကြောင်း ဆိုပါတယ်။
Feb 09 . ပြီးခဲ့တဲ့ရွေးကောက်ပွဲသုံးပိုင်းလုံးမှာ ကြံ့ခိုင်ရေးပါတီက (၁)ပါတီတည်း အစိုးရဖွဲ့နိုင်တဲ့ထိ လွတ်လွတ်ကျွတ်ကျွတ်နိုင်ခဲ့ပြီး အဲဒီရလဒ်တွေထဲမှာ ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့ကြောင်း ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့နိုင်ငံရေးပါတီတွေက ပြောကြပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ညွှန်ကြားချက်နဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ တည်းခိုသူတွေရဲ့ အချက်အလက်တွေကို ရယူပြီး နောက်ကြောင်း အလွယ်တကူလိုက်နိုင်တဲ့ ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် - Guest List Management System(GLMS)ကို စပြီး ကျင့်သုံးနေကြောင်း DVB သတင်းအရ သိရပါတယ်။
Feb 08 . ရှမ်းပြည်နယ်ထဲက တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တော်လှန်ရေးမှာ ပါဝင်သူတွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းကို လာရောက်ကြဖို့ ဖိတ်ခေါ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ကျရောက်တဲ့ ၇၉ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားမှာ ပြောပါတယ်။
ရန်ကုန်နဲ့ ဒလမြို့ကို ဆက်သွယ်ထားတဲ့ မြန်မာ - ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလတံတား) ပြီးစီးသွားချိန်မှာ ဒလဘက်ခြမ်းက အိမ်ခြံမြေဈေးကွက်တွေ အဆမတန် ခုန်တက်သွားပါတယ်။
Feb 07 . ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို နေပြည်တော်ရှိ MICC(1) မှာကျင်းပရာ ရုပ်ရှင်တသက်တာဆု ၃ ဆု အပါအဝင် အကယ်ဒမီဆု(၁၈)ဆု ချီးမြှင့်ခဲ့ပါတယ်။ ရုပ်ရှင်တသက်တာဆုတွေကို ဝါရင့်သရုပ်ဆောင် ဒါရိုက်တာ ဦးဌေးအောင်၊ သရုပ်ဆောင်ဒေါ်ခင်လေးဆွေနဲ့ ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့က ရရှိပြီး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို “ပန်းမြိုင်လယ်မှဥယျာဉ်မှူး” ဇာတ်ကားက ရရှိပြီး၊ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု“ဗြောသံ” ဇာတ်ကားနဲ့ ဒါရိုက်တာ ဩရသ၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု“မြေစာ” ဇာတ်ကားနဲ့ မြင့်မြတ်၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု“မောင့်မိဖုရား” ဇာတ်ကားနဲ့ ရတနာဗို၊ အမျိုးသားဇာတ်ပို့ဆု“မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်”ဇာတ်ကားနဲ့ နေမျိုးအောင်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု“မောင့်မိဖုရား”ဇာတ်ကားနဲ့ ခိုင်နှင်းဝေ တို့က ရခဲ့ပါတယ်။
ဘဏ်တွေကနေ ချေးငွေတွေ ထုတ်ယူပြီး အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ ဒေါ်လာတွေမှာ ဈေးကစားတာတွေ မရှိအောင် ကြီးကြပ်ဖို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှာ ပြောပါတယ်။
Feb 06 . အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က စတင်တည်ဆောက်ခဲ့တဲ့ ရန်ကုန်-ဒလ ဆက်သွယ်ထားတဲ့ ကိုရီးယား – မြန်မာ ချစ်ကြည်ရေးတံတားကို ဒီမနက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဖွင့်လှစ်ခဲ့ပါတယ်။
စစ်ကောင်စီက ပြည်ပတင်သွင်းကုန်တွေ ပိတ်ထားတာကြောင့် မြန်မာပြည်တွင်းမှာ ကိုကာကိုလာအချိုရေ၊ ကြောင်စာနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကစလို့ ပြည်ပက တင်သွင်းရတဲ့ပစ္စည်းတွေ ပြတ်လပ်နေကြောင်း The Washington Post သတင်းဆောင်းပါးက ဖော်ပြပါတယ်။
Feb 05 . အိမ်နီးချင်း မြန်မာပြည်မို့ ချိုင်းနားဟာ သူနဲ့ ကိုက်ညီမှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လျှောက်လှမ်းဖို့ ထောက်ခံပြီး အကူအညီတွေ ဆက်ပေးသွားမယ်လို့ ချိုင်းနားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ (၁)လအတွင်း စစ်ဘေးရှောင် ၄၄ ယောက်(ရခိုင်ဘက်က လာသူများ အဖမ်းခံရတာများကြောင်း)စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
Feb 04 . ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ (၂)နှစ်သက်တမ်းရှိလာချိန် ၂၀၂၅ ဒီဇင်ဘာလ ၁၆ ရက်ထိ လူငယ်တပ်သားသစ် တသိန်းလောက်ကို စစ်ကောင်စီတပ်က စုဆောင်းထားပြီးဖြစ်ကြောင်း MDSI စစ်ဘက်သုတေသနဌာနက သတင်းထုတ်ပါတယ်။
ကချင်ဒေသ မြေရှားတူးဖော်မှုလုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းအောင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ချိုင်းနားကုမ္ပဏီတွေနဲ့ ညှိနှိုင်းထားကြောင်း ပြောပါတယ်။ ကချင်ပြည်နယ်၊ ချီဖွေ၊ ပန်ဝါဒေသမှာ တူးဖော်နေတဲ့ မြေရှားသတ္တုအားလုံးကို လက်ရှိအချိန်ထိလည်း ချိုင်းနားပြည်ကို ဆက်လက်တင်သွင်းနေဆဲ
ဖြစ်ပါတယ်။
Feb 03 . မြန်မာပြည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုရဲ့ အဓိကကျတဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေအတွက် ဘတ်ဂျက်ခွဲဝေမှုတွေဟာ ထက်ဝက်ခန့်ထိ လျော့ကျသွားခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်တွေကတော့ နှစ်စဉ်နဲ့အမျှ မြင့်တက်ခဲ့ကြောင်း ကိန်းဂဏန်း အချက်အလက်တွေအရ DVB သတင်းက ဖော်ပြပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်အတွင်း ချင်းပြည်နယ်ထဲမှာ မြန်မာစစ်တပ်က နယ်မြေအများအပြား လက်လွှတ်ထားရပြီး လက်တလောမှာ ချင်းမြောက်ပိုင်းစိုးမိုးရေးအတွက် ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ မြန်မာစစ်တပ်ကို ချင်းတပ်တွေ ပေါင်းပြီး တိုက်နေခဲ့ပါတယ်။ စစ်ရေးမှာ စုစည်းထားကြတဲ့ ချင်းအမျိုးသားတပ်ဦး CNF/CNA နဲ့ ချင်းညီနောင် CB တို့ ပေါင်းစည်းရေးဘက်မှာ ညှိနှိုင်းလို့ မရသေးပါဘူး။
Feb 02 . ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ပဲခူးတိုင်းထဲက စက်မှုဇုန်တွေနဲ့ သီးသန့်ဓာတ်အားလိုင်း ယူထားတဲ့နေရာတွေကို ၂၄ နာရီမီးပေးမှာဖြစ်ပြီး မီတာခကိုလည်း နောက်ထပ်တဆနီးပါးတိုးမြှင့် ကောက်ခံမှာဖြစ်ကြောင်း စစ်ကော်မရှင်ရဲ့ လျှပ်စစ်ဝန်ကြီးဌာနကပြောခဲ့ပါတယ်။ အများပြည်သူ လျှပ်စစ်မီးသုံးစွဲမှုအတွက် မီတာခနှုန်းထားကတော့ မပြောင်းလဲဘဲ အရင်အတိုင်း ဆက်လက် ကောက်ခံမယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်အတွင်း ဥပဒေပေါင်း ၁၃၆ ခုကို စစ်ကော်မရှင်က ပြင်ဆင်၊ ဖြည့်စွက်၊ ဖျက်သိမ်း၊ ပြဋ္ဌာန်းခဲ့ကြောင်း ဥပဒေပညာရှင်အသိုင်းအဝိုင်းက စုစည်းထားတဲ့ အချက်အလက်အရ သိရပါတယ်။
Feb 01 . ဒီနေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ၅ နှစ်ပြည့်ပြီ ဖြစ်ပြီး ၅ နှစ်အတွင်း အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတာ၊ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တာ၊ တော်လှန်ရေး ထောက်ပံ့တာတွေ ဆက်လက် လုပ်နေကြဆဲ ဖြစ်ကြောင်း သတင်းတွေက ဖေါ်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့ ၅ နှစ်ပြည့်ပြီဖြစ်တဲ့ စစ်အာဏာသိမ်းမှုကာလအတွင်း စစ်တပ်ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၇,၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်မှာ ဖော်ပြပါတယ်။
Jan 31 . ၅ နှစ်ကြာ နိုင်ငံရေးအပြောင်းအလဲကြီး ရှိနေချိန်မှာပဲ မြန်မာပြည်သူလူထုရဲ့ ဒုက္ခတွေ ပိုကျပ်တည်းလာခဲ့ကြောင်း ကုလသမဂ္ဂက ပြောခဲ့ပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေအားလုံး ပြန်လွှတ်ပေးဖို့လည်း ကုလ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တောင်းဆိုခဲ့ပါတယ်။
Jan 30 . မြန်မာနဲ့ အိန္ဒိယကြား ပဲကုန်သွယ်မှု MoU ကို သက်တမ်းတိုးဖို့ ဆွေးနွေးနေကြတဲ့အတွက် ပြည်တွင်းဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံဈေးတွေ ဆက်တိုက်တက်လာနေပြီး ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ သန့်စင်ပြီးအလုံးသေး FAQ တတန်ကို ကျပ် ၃၁ သိန်း ဝန်းကျင်ထိရောက်လာခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီး ၄ ရက်အကြာမှာ စစ်ခေါင်းဆောင် "ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်"က တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့ပေါင်း ၆၃ မြို့နယ်ကို အရေးပေါ်ကာလ ရက် ၉၀ သက်တမ်းထပ်တိုးခဲ့ပါတယ်။
Jan 29 . ပြည်သူ့တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်ထဲက မော်လူးဒေသထဲကို မြန်မာစစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် ဗုံးကျည်ထိမှန်ပြီး ကလေးငယ် ၂ ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ပါတယ်။
မြန်မာ့မီးရထားဌာနက ရန်ကုန် - မန္တလေး၊ ရန်ကုန် - နေပြည်တော်ခရီးစဥ်အတွက် ရထားလက်မှတ်ကို အွန်လိုင်းကရောင်းချတဲ့ စနစ်ကို Pilot Project အနေနဲ့ စတင်နေပြီး ထိုင်ခုံ ထပ်တဲ့ ပြဿနာတွေ ကြုံတွေ့နေရတာကြောင့် ခရီးသည်တွေကြား ဝေဖန်မှုတွေ ထွက်နေခဲ့ပါတယ်။
Jan 28 . နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ တောင်ညိုလမ်းပိုင်းမှာ “ဇော်လေးနိုင်” ဇာတ်အဖွဲ့ကား ချောက်ထဲကျ တိမ်းမှောက်ခဲ့လို့ ၁၂ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး မြန်မာပြည်ထဲက ပဋိပက္ခဖြစ်နေတဲ့ နေရာအများစုမှာရှိတဲ့ ကလေးငယ်တွေ ကာကွယ်ဆေးမထိုးရတော့ဘူးလို့ ကျန်းမာရေးဆိုင်ရာ အကူအညီပေးနေသူတွေက ပြောပါတယ်။
Jan 27 . စစ်ကောင်စီက ပြည်ပမှာ အိမ်အကူလုပ်သားအဖြစ် လုပ်ကိုင်တဲ့ ခွင့်ပြန်အလုပ်သမားတွေကို ပြန်လည်ထွက်ခွာခွင့် ချမပေးဘဲ တားဆီးထားကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
နိုင်ငံတကာရဲ့ပိတ်ဆို့မှုခံထားရတဲ့ အီရန်နိုင်ငံက လေယာဉ်လောင်စာဆီတင်သင်္ဘောတွေ ရေဒါဖျောက်ပြီး ရန်ကုန်၊ သီလဝါဆိပ်ကမ်းကို ရောက်ခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)က ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ထုတ်ပြောပါတယ်။
Jan 27 . ပါကစ္စတန်နဲ့ မြန်မာပြည် နှစ်နိုင်ငံကြား စီးပွားရေးနဲ့ နည်းပညာအပါအဝင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
Jan 26 . ရခိုင်ပြည်ရဲ့ ရှေးဟောင်းမြို့တော် မြောက်ဦးမှာ မြောက်ဦးခေတ်က သုံးစွဲခဲ့တဲ့ ရွှေပုရပိုက်တခု၊ ကျောက်စိမ်း တတုံး၊ ရွှေလက်စွပ် ၃ ကွင်း၊ ရွှေအပိုင်းအစတချို့နဲ့ ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာနဲ့ နရပတိကြီး အမည်ပါ ငွေဒင်္ဂါး ၁၅၀ ကျော်တို့ကို တူးဖော်ရရှိခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
"အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင်တဲ့ ရွေးကောက်ပွဲက တရားမဝင်တဲ့ ရလဒ်တွေသာ ထွက်လာလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောပါတယ်။
Jan 25 . မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကနေ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်နိုင်ရေး၊ နိုင်ငံရေးအခြေအနေ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပြီး တည်ငြိမ်မှု ထိန်းသိမ်းနိုင်ရေးကို ထောက်ခံကြောင်း ချိုင်းနားအစိုးရက ပြောပါတယ်။
NLD ပါတီ ပါဝင်နိုင်မှု မရှိတဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ "ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်လုံး ကြံ့ခိုင်ပါတီကိုယ်စားလှယ်လောင်းတွေ အနိုင်ရခဲ့ကြောင်း" ပါတီထိပ်ပိုင်းခေါင်းဆောင်က ပြောပါတယ်။
Jan 24 . ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း နိုင်ငံတကာက ပြောနေပေမဲ့ စစ်ခေါင်းဆောင်ကတော့ နိုင်ငံတကာ အသိအမှတ်မပြုတာကို ဂရုမစိုက်ဘူးလို့ မနေ့က မန္တလေးက မဲရုံတွေကို လိုက်ကြည့်ချိန်မှာ ပြောသွားခဲ့ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စွဲဆိုထားတဲ့ အမှုတွေဟာ နိုင်ငံရေးအမှုတွေ မဟုတ်ဘဲ ရာဇဝတ်မှုတွေဖြစ်လို့ တရားဥပဒေအတိုင်း ဆက်လုပ်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
Jan 23 . စစ်ကောင်စီက ပြည်နယ်နဲ့တိုင်းအသီးသီးမှာ စစ်မှုထမ်းအပတ်စဥ် ၁၈ ကို ဒီနေ့မှာ သင်တန်းဆင်းခဲ့ပြီး ဒီနေ့ထိ စစ်မှုထမ်းရသူဦးရေ ၂ သိန်းနီးပါး ရှိလာကြောင်း သင်တန်းကျောင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုဗစ်ကာလ ကတည်းကစပြီး မြန်မာပြည်ဘက်က ဖရဲ၊ သခွားဝယ်ယူမှုကို ချိုင်းနားနိုင်ငံ ဘက်က ရပ်တန့်ထားသလို လက်ရှိအချိန် အထိလည်း နိုင်ငံရေး အခြေအနေတွေကြောင့် ချိုင်းနားနယ်စပ် ဂိတ်တွေ ဆက်ပိတ်ထားတဲ့အတွက် ဖရဲ၊ သခွား ဈေးကွက်ပျက်နေပြီး တောင်သူတွေလည်း အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။
Jan 22 . ပြုံးအလှပိုင်ရှင်တွေလို့ တင်စားကြတဲ့ ပြုံးသယောင်မျက်နှာရှိတဲ့ ဧရာဝတီလင်းပိုင် အကောင် ၄၀ ဝန်းကျင်ကို ထိုင်းနိုင်ငံ ပင်လယ်ကွေ့အထက်ပိုင်း ဘန်ပကောင်မြစ်ဝမှာ တွေ့ရတာကို သတင်းကောင်းတစ်ခုအနေနဲ့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ပါရဂူတွေ၊ တပ်မတော်ဆေးတပ်ဖွဲ့က ပါရဂူတွေက စောင့်ရှောက်မှုပေးနေတယ်လို့ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားပါတယ်။
Jan 21 . ရန်ကုန်မြို့နဲ့မန်းလေးလိုမြို့ကြီးတွေမှာ အိမ်ခြံမြေ အရောင်းအဝယ် ဈေးနှုန်းတွေ တက်လာပြီး အိမ်ငှားခတွေလည်း နှစ်ဆနီးပါး ဈေးတက်၊ ငှားရမ်းသူတွေ များနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်တွေနဲ့ အိမ်ငှားရမ်းနေထိုင်သူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တနှစ်အတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုဖြစ်ပွားလို့ လူ ၂ ယောက် ရေစီးထဲမျောပါခဲ့ပြီး လူနေအိမ် အလုံး ၃၄၀ ထက်မနည်း ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရပါတယ်။
Jan 20 . မြန်မာနိုင်ငံတွင်း နေပြည်တော်၊ ညောင်တုန်းနဲ့ တိုက်ကြီးမြို့တွေကို ဗဟိုပြုပြီး ဇန်နဝါရီ ၁၉ ရက် ညဉ့်နက်ပိုင်းနဲ့ ၂၀ ရက် မနက်အစောပိုင်းတွေမှာ အင်အားအသင့်အတင့်ရှိ(ရစ်ချက်စတာစကေး ၄ ဒသမ ၅)ငလျင်တွေ လှုပ်ခတ်ခဲ့ပါတယ်။
"မြန်မာစစ်အုပ်စုဟာ ရိုဟင်ဂျာတွေအပေါ်မှာသာမက မြန်မာပြည်သူ အားလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေ ဆက်ကျူးလွန်နေပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားမဝင်တဲ့ ရွေးကောက်ပွဲအတုတွေနဲ့ ဖုံးကွယ်လို့ မရနိုင်ဘူး"လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
Jan 19 . သမားရိုးကျနည်းဗျူဟာတွေထက် လက်ရှိထပ်ဖြစ်လာမဲ့ တိုက်ပွဲတွေမှာ ခေတ်နဲ့လျော်ညီတဲ့ နည်းပညာတွေ ထုတ်သုံးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာစစ်တပ်က မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ ရှမ်းပြည်နယ်မိုးမိတ်မြို့တွေကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)လက်ထဲကနေ ချိုင်းနားအကူအညီနဲ့ ပြန်ရခဲ့ပြီးနောက် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ စီစဉ်နေတဲ့အပြင် တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မန္တလေး - မိုးကုတ်လမ်းတလျှောက် အခုလထဲ အလုံးစုံထိန်းချုပ်လိုက်နိုင်တာကြောင့် အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်စတင်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
Jan 18 . လေထုအရည်အသွေးတိုင်းတာတဲ့ အဖွဲ့အစည်း(IQAir)ရဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ တိုင်းတာချက်အရ ရန်ကုန်မြို့ဟာ AQI (Air Quality Index- လေထုအရည်အသွေး အညွှန်းကိန်း) ၁၀၄ မှာ ရှိနေခဲ့ပြီး ကျန်းမာရေးထိခိုက်စေတဲ့ အခြေအနေ ရှိနေကြောင်း သိရပါတယ်။
မြန်မာပြည်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်မှု တိုးလာချိန်မှာ လေတပ်ကို အဆင့်မြှင့်ဖို့ စစ်ကော်မရှင် ကြိုးပမ်းနေကြောင်း BBC သတင်းက ဖေါ်ပြပါတယ်။
Jan 17 . မြန်မာစစ်ကော်မရှင်က ဆက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြစ်ဆုံစီမံကိန်းဇုန်ဟာ ပြင်းထန်ငလျင်ဇုန်ထဲမှာ ကျရောက်နေတာကြောင့် လုံးဝမလုပ်သင့်ကြောင်း အပါအဝင် အချက် ၈ ချက်ကို မြန်မာဘူမိသိပ္ပံပညာရှင်များက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
Jan 16 . ဧရာဝတီတိုင်းမှာ သဘာဝဘေးကြောင့်ရော သွင်းအားစုဈေးနှုန်း ကြီးမြင့်မှုကြောင့် ကွမ်းရွက်(၁)ပိဿာ ကျပ်(၄၅,၀၀၀)ထိ ဈေးတက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲမှာ မနေ့က PDF ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပနေရာကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် ၄ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
Jan 15 . စစ်ကောင်စီလက်ထက် မြန်မာပြည်ကို နိုင်ငံခြားရင်းနှီးမြှုပ်မှု ဝင်ရောက်တဲ့ပမာဏဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနှစ်ထက်တနှစ် ကျဆင်းလာပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမ ၈ လ ဖြစ်တဲ့ ၂၀၂၅ ဧပြီလကနေ ဒီဇင်ဘာထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု US ဒေါ်လာ သန်း(၃၃၃)သန်းသာ ဝင်ရောက်ခဲ့ပါတယ်။
ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေ အများဆုံး ခိုလှုံနေတဲ့ နေရာတွေ၊ တော်လှန်ရေး အင်အားစု အားကောင်းတဲ့ နေရာတွေမှာ မြေအရောင်းအဝယ်တွေ ဖြစ်နေပြီး မြေဈေးတွေ အဆမတန် ထိုးမြင့်နေရာ အရင်က သိန်းဆယ်ဂဏန်းသာ ရှိခဲ့တဲ့ မြေယာတွေဟာ အခု သိန်းထောင်ဂဏန်းအထိ ဈေးတက်နေတာပါ။
Jan 14 . မြန်မာပြည်တွင်း ၁၆ ပဲရည် အခေါက်ရွှေဈေး ဆက်တိုက် မြင့်တက်နေခဲ့ပြီး လတ်ကလောမှာ (၁)ကျပ်သားကို ကျပ် သိန်း(၁၀၀)နား၊ (၉၈ သိန်း ၂ သောင်းကျပ်)ထိ မြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခု မတ်လတုန်းက ငလျင်လှုပ်ခဲ့ပြီးနောက် နေပြည်တော်က ဆောက်လုပ်ရေးလုပ်ငန်းတွေ အလုပ်ပိုလုပ်နေရပေမဲ့ လုပ်သားရှားပါးမှုကြောင့် အလုပ်မဖြစ်ဘူးလို့ ဆောက်လုပ်ရေးကန်ထရိုက်တွေက ပြောပါတယ်။
Jan 13 . ပြည်သူ့ရှေ့ဆောင်ပါတီ(ppp)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုကော်မတီဝင်တယောက်ကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ခွင့်ပြုချက်မရဘဲ ပြည်ပသံရုံးတခုနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အရေးယူမယ်လို့ သိရပါတယ်။
အညာဒေသမှာ ဆောင်းရာသီ အအေးပိုတဲ့ဒဏ်၊ စိတ်ရောလူပါ ပင်ပန်းတဲ့ ဒဏ်တွေကြောင့် သက်ကြီးရွယ်အိုတချို့ ကွယ်လွန်သွားတာရှိကြောင်း စစ်ရှောင်ရေး ကူညီပေးနေသူတွေက DVB ကို ပြောပါတယ်။
Jan 12 . ပြီးခဲ့တဲ့ ၂၀၂၅ ခု ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်ထိ (၁)နှစ်တာအတွင်း စစ်အုပ်စုရဲ့ သတ်ဖြတ်မှုတွေကြောင့် ပြည်သူပေါင်း(၉,၇၉၉)ယောက် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းလုပ်တဲ့ တိုင်းနဲ့ ပြည်နယ် ၁၂ ခုထဲ ရန်ကုန်တိုင်းကလွဲပြီး ကျန်နေရာတွေမှာ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပြီး ရွေးကောက်ပွဲကို နိုင်ငံတဝန်း ဆန့်ကျင်မှုတွေ ကြုံတွေ့နေရပေမဲ့ ဇန်နဝါရီ ၂၅ ရက်မှာ တတိယပိုင်းကျင်းပဖို့ ရှိနေပြီး လာမဲ့ မတ်လမှာ လွှတ်တော်တွေ စတင်မယ်လို့ ကြေညာထားပါတယ်။
Jan 11 . ၂၀၂၅၊ ဒီဇင်ဘာ (၁)လအတွင်း စစ်ကောင်စီရဲ့ စစ်သား၊ ရဲ၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အလင်းဝင် ပူးပေါင်းတာ၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတာ စုစုပေါင်း(၁၄၁)ယောက်ထိ ရှိကြောင်း ပြည်သူ့ပန်းတိုင်ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ မှတ်တမ်းတွေအရ ၂၀၂၅ ဇန်နဝါရီကနေ ဒီဇင်ဘာထိ တနှစ်တာအတွင်း အလင်းဝင်ပူးပေါင်းနဲ့လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း (၂,၅၇၈)ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေရော၊ ပြည်ပကနေ ခွင့်နဲ့ခေတ္တပြန်လာပြီး ပြန်ထွက်မယ့်သူတွေပါ အလုပ်သမားဝန်ကြီးဌာနရဲ့ စေလွှတ်ခွင့်နဲ့ ထွက်ခွာခွင့် ပြန်စာအပြင် အလုပ်သမားဌာနရဲ့ Telegram Channel ကထုတ်ပြန်တဲ့ ပြည်ပထွက်ခွာခွင့် အမည်စာရင်းမှာ ကိုယ့်အမည် ပါမှသာ ပြည်ပထွက်ခွင့် ရမယ်လို့ သိရပါတယ်။
Jan 10 . စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဆင်းသက်ဖို့လာတဲ့ Mi-17 အမျိုးအစားရဟတ်ယာဉ်ကို မုံရွာခရိုင်တပ်ရင်းတွေက ပစ်ခတ်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း(BOB)က ရုပ်သံနဲ့ သတင်းထုတ်ပြန်ခဲ့ပြီး ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်ခေါင်းပိုင်းနဲ့အမြှီးပိုင်း ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း မြစ်ကြီးနား၊ ဧရာဝတီမြစ်တကြောမှာနေထိုင်တဲ့ ဒေသခံတွေက ဒီနေ့ကျရောက်တဲ့(၇၈)ကြိမ်မြောက် ကချင်ပြည်နယ်နေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
Jan 09 . ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ထဲက တောကျွဲအင်းမြို့အပါအဝင် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်က စစ်စခန်း(၁၄)ခုကို တရက်တည်းမှာ တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာပြည်တဝန်းမှာ ကိုင်တွယ်သုံးစွဲနေတဲ့ ကျပ်ငွေစက္ကူတွေကို ဟောင်းနွမ်းပျက်စီးအောင် မလုပ်ဖို့၊ ရေရှည်အသုံးပြုနိုင်ဖို့ ရိုသေစွာ ကိုင်တွယ်အသုံးပြုကြဖို့ စစ်ကောင်စီ လက်အောက် ဗဟိုဘဏ်က သတိပေးချက်ထုတ်ထားပါတယ်။
Jan 08 . မန္တလေးမြို့မှာ ဒီနေ့ည ၉ နာရီခန့်က မြို့ကို ဗဟိုပြုပြီး အသံလှိုင်းပါတဲ့ ပြင်းအား ရစ်(ခ်)တာစကေး ၄ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ မြို့ခံများ နေအိမ်ပြင်ပ လမ်းတွေပေါ် ထွက်ပြေးရတဲ့ထိ ဖြစ်ခဲ့ပြီး စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
ပဲခူးတိုင်း၊ တောကျွဲအင်းမြို့နဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အဝေးပြေး ရထားခရီးစဥ်တွေကို ဖျက်သိမ်းခဲ့ရကြောင်း နေပြည်တော်ရှိ မြန်မာ့မီးရထားရုံး အရင်းမြစ်တွေက ပြောပါတယ်။ အလားတူ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်- မန္တလေး ရထားခရီးစဉ်တွေပါ ရပ်နားထားပြီး ပြန်ပြေးဆွဲ နိုင်မဲ့အချိန် ခန့်မှန်းမရသေးဘူးလို့ သိရပါတယ်။
Jan 07 . ကချင်ပြည်နယ်မှာ စစ်ကောင်မရှင်နဲ့ချိုင်းနား သဘောတူမှုနဲ့ ပြန်စတင်ဖို့ ပြင်ဆင်နေတဲ့ မြစ်ဆုံစီမံကိန်းမှာ မြန်မာစစ်တပ်နဲ့ချုပ်ဆိုတဲ့စာချုပ်ဟာ အတည်မဖြစ်ဘဲ ဧရာဝတီမြစ်ကြီး ထာဝရ စီးဆင်းနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ – NUG နဲ့ တော်လှန်ရေးမဟာမိတ်တွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရဲ့ ရွေးကောက်ပွဲ အပိုင်း(၁)ထုတ်ပြန်ချက်တွေအရ တနိုင်ငံလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်အများဆုံးနဲ့ အနိုင်ရရှိထားပေမဲ့ ပြည်နယ်တချို့မှာတော့ ဒေသခံတိုင်းရင်းသားပါတီတွေက အနိုင်ရရှိထားပါတယ်။
Jan 06 . စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်၊ ခင်ဦးနဲ့ ကသာမြို့နယ်တို့ကို မနေ့ကနဲ့ဒီနေ့တွေမှာ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ကလေးတယောက် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ကိုးကန့်တပ်လို့သိကြတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်ထဲက ချိုင်းနား - မြန်မာနယ်စပ် ချင်းရွှေဟော်ဂိတ် ကနေ နေ့စဉ်ကုန်တင်ကားရာချီနဲ့ ကုန်စည်စီးဆင်းမှုတွေပြန်လုပ်နေပြီလို့ ကိုးကန့်တပ်ဘက်က ပြောပါတယ်။
Jan 05 . ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ နိုင်ငံတဝန်းရှိ မဟာဗျူဟာကျတဲ့ လမ်းမကြီးတွေ၊ နယ်စပ်မြို့တွေကို တဖြည်းဖြည်း စိုးမိုးထိန်းချုပ်လာနိုင်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စစ်ရေးအခြေအနေ အစီရင်ခံစာက ဖော်ပြပါတယ်။
ရခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ် နှစ်ဖက်ကြား လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်ဖြစ်နေပေမဲ့ စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့်အခမ်းအနားကို ဇန်နဝါရီ ၂၁ ကနေ ၂၃ ရက်အထိ ၃ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ စစ်တပ် လက်အောက်ခံ ပွဲကျင်းပရေးကော်မတီဘက်က ပြောပါတယ်။
Jan 04 . လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား(၆,၀၀၀)ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ Sexy မော်ဒယ် နန်းမွေစံလည်း လွတ်မြောက်လာပါတယ်။ နန်းမွေစံနဲ့ မင်းသမီး သင်ဇာဝင့်ကျော်တို့ကို လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေ လူမှုကွန်ရက်မှာ အခကြေးငွေယူ ဖြန့်ဝေခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီက ၂၀၂၂ မှာ အီလက်ထရောနစ်ဥပဒေနဲ့ ဖမ်းဆီးခဲ့တာပါ။
ဒီနေ့ ကျရောက်တဲ့ ၇၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ နေအိမ်၊ ဆိုင်ခန်း၊ ဆိုက်တွဲ၊ ဆိုက်ကား၊ လိုင်းကားတွေမှာ မြန်မာနိုင်ငံတော် အလံထောင်ကြဖို့ အုပ်ချုပ်ရေးအဖွဲ့တွေက ဖိအားပေးမှုတွေ ရှိခဲ့ပြီး မြောက်ဒဂုံဘက်မှာတော့ လမ်းမတန်းတွေက ဆိုင်ခန်းတွေမှာ အလံထောင်ဖို့ အုပ်ချုပ်ရေးအဖွဲ့တွေက အလံတခုကို (၁)သောင်းကျပ်နဲ့ လိုက်ရောင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
Jan 03 . စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ(၁)လအတွင်း လေကြာင်းတိုက်ခိုက်မှု ၁၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သား ၂၆ ယောက် သေဆုံးကာ ၄၀ လောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း Wetlet Information Network က သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ် အပါအဝင် မြန်မာပြည်တဝန်း ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ၂၀၂၁ ထက် ၂၀၂၅ ခုနှစ်မှာ ၂၇ ဆထိ ပိုတိုးလာပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅၊ အောက်တိုဘာအထိ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅,၇၂၉)ကြိမ် ပြုလုပ်ခဲ့ကြောင်း US အခြေစိုက် Armed Conflict Location & Event Data Project - ACLED ရဲ့ စာရင်းက ဖော်ပြခဲ့ပါတယ်။
Jan 02 . တော်လှန်ရေးတပ်တွေဟာ မြန်မာတပြည်လုံး အတိုင်းအတာမှာ မြို့နယ်ပေါင်း ၃၇ ခုကို အပြည့်အ၀သိမ်းပိုက်ထားပြီး ၄၁ မြို့နယ်ကို ၀ိုင်းပတ်ထိန်းချုပ်ထားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အစီအရင်ခံစာက ဖော်ပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စက်ရုံဟာ အချိန်တနှစ်ကျော်ကြာအောင် မလည်ပတ်နိုင်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ ချိုင်းနားကုမ္ပဏီ နှစ်ဖက်စလုံး ဒေါ်လာသန်း ရာနဲ့ချီ နစ်နာမှုရှိနေကြောင်း စီမံကိန်းနဲ့နီးစပ်သူတွေက ပြောပါတယ်။
Jan 01 . မြန်မာစစ်တပ်ဩဇာခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ကနေ ကရင်အမျိုးသားတပ်မတော်(KNA)အမည်နဲ့ တံဆိပ်တွေကို ဒီနေ့မှာ စတင်ပြောင်းလဲ တပ်ဆင်လိုက်ပါတယ်။
၂၀၂၅၊ ဒီဇင်ဘာ (၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂၃၅ ယောက် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်ထားပြီး စစ်အာဏာသိမ်းစကနေ ၂၀၂၅ ဒီဇင်ဘာလကုန်ထိ စစ်ကောင်စီတပ်ကြောင့် နိုင်ငံအနှံ့ ပြည်သူ(၇,၆၄၀)
သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
Dec 31 . ၂၀၂၅ တနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၇,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၅,၆၀၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ဘာသာစကားသင်တန်းကျောင်းအချို့ဟာ ဂျပန်နိုင်ငံ သွားရောက်လုပ်ကိုင်လိုသူတွေကို မက်လုံးပေး ဆွဲဆောင်လိမ်လည်ပြီး လူစုဆောင်းတာတွေ ဆက်ရှိနေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုက်အဝန်းတွေက ပြောတာကို DVB သတင်းထံက သိရပါတယ်။
Dec 30 . ဒီဇင်ဘာ တလအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂၃၅ ယောက် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ပြောပြီး စစ်အာဏာသိမ်းစကနေ ၂၀၂၅ ဒီဇင်ဘာလကုန်ထိ စစ်ကောင်စီတပ်ကြောင့် နိုင်ငံအနှံ့ ပြည်သူ ၇,၆၄၀ သေဆုံးခဲ့ရကြောင်း
DVB သတင်းဌာနက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီးမှာ မြန်မာပြည်ဟာ တည်ငြိမ်ပြီး အေးချမ်းတဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ချိုင်းနားပြည်က ပြောခဲ့ပါတယ်။
Dec 29 . မြန်မာပြည်တွင်း အခေါက်ရွှေဈေး ပြန်ကျဆင်းလာရာ (၁)ကျပ်သား ၉,၄၇၀,၀၀၀ ထိ မြင့်တက်ခဲ့ပေမဲ့ ဒီနေ့မှာတော့ ကျပ် ၉၃ သိန်း ၅ သောင်းထိ ပြန်ကျသွားခဲ့ပါတယ်။ ပြင်ပ ရွှေဈေးကွက်အတွင်းမှာတော့ တရက်အတွင်း ၁၆ ပဲရည် (၁)ကျပ်သား ကျပ် ၁ သိန်းကျော်ထိ ပြန်ကျလာခဲ့ပြီး စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရည်ညွှန်းရွှေဈေးနှုန်းကတော့ အရင်ကထက် ကျပ် တသောင်းမြင့်တက်ခဲ့တာပါ။
၂၀၂၅ ရွေးကောက်ပွဲဟာ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း မြန်မာပြည်မှာ ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေထဲ မဲပေးမှုအနည်းဆုံးနဲ့ လူစိတ်ဝင်စားမှုအနည်းဆုံး ရွေးကောက်ပွဲ ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ပြောခဲ့ပါတယ်။
Dec 28 . ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပတဲ့ ဒီနေ့မှာပဲ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာနဲ့ မြို့နယ် ၂၀ ဝန်းကျင်လောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး သမိုင်းတလျှောက် မဲပေးသူအနည်းဆုံးနဲ့ မကျင်းပနိုင်တဲ့ မြို့နယ်အများဆုံးဖြစ်ခဲ့ပေမဲ့ စစ်တပ်ကတော့ ရွေးကောက်ပွဲကို အပိုင်း ၃ ခုခွဲပြီး ကျင်းပခဲ့တာပါ။
စစ်တပ် ဦးစီးကျင်းပတဲ့ ၂၀၂၅ နှစ်၊ ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ အပိုင်း-၁ ကို ချိုင်းနားနဲ့ ရုရှား အပါအဝင် အိန္ဒိယ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကာဇက်စတန်နဲ့ နီကာရာဂွါနိုင်ငံတွေက လေ့လာသူတွေ လာရောက်ခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
Dec 27 . ရန်ကုန်တိုင်းထဲက ကိုကိုးကျွန်းကလွဲလို့ မြို့နယ် ၄၄ မြို့နယ်မှာ ညမထွက်ရအမိန့် ထုတ်ထားတာကို ဒီနေ့စပြီးရုပ်သိမ်းကြောင်း စစ်ကော်မရှင်က ကြေညာပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထဲရေးလက်အောက်ခံ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ပတ်စ်ပို့ကို ၅ ရက်အတွင်း အမြန်ကြေးကျပ် ၅ သိန်းခွဲ ဝန်းကျင်နဲ့ ပြုလုပ်ပေးမယ်လို့ တရားဝင် ကြေညာထားပေမဲ့ ပြင်ပမှာ ပတ်စ်ပို့ မှောင်ခိုဈေးက ၃ ရက်အတွင်း အမြန်ကြေးနဲ့ဆိုရင် ကျပ် ၆ သိန်းခွဲကနေ ၁၀ သိန်းလောက်အထိ ပေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
Dec 26 . မန္တလေး၊ ညောင်ဦးမြို့နယ်က ပုဂံရှေးဟောင်းယဥ်ကျေး မှုနယ်မြေမှာ ခရီးသွားတချို့ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ သတင်းတွေကြောင့် ခရီးသွားပြည်သူတွေကြား စိုးရိမ်ထိတ်လန့်မှုတွေရှိခဲ့ပါတယ်။
ရခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေမှာ ဆောင်းခိုငှက်တွေကို ဖမ်းဆီး သတ်ဖြတ် ရောင်းချတာတွေ လုံးဝမပြုလုပ်ကြဖို့ အာရက္ခတပ်တော်(AA)က သတိပေးဆိုင်းဘုတ်တွေထူ၊ အမိန့်ထုတ်ထားပြီး အာရက္ခတပ်တော် ထိန်းချုပ်ပြီးနောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တာတွေ မြင်တွေ့လာရကြောင်း သဘာဝပတ်ဝန်းကျင်ရေးဆောင်ရွက်နေသူတွေက ပြောကြပါတယ်။
Dec 25 . မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာတည်ရှိတဲ့ ပုဂံရှေးဟောင်းယဥ်ကျေး မှုနယ်မြေမှာ ခရီးသွားတချို့ပြန်ပေးဆွဲခံရခဲ့တဲ့ သတင်းတွေကြောင့် ခရီးသွားပြည်သူတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေရှိခဲ့ရပါတယ်။
မြောက်ဦးခေတ် ရခိုင်ဘုရင် နရပတိကြီး(၁၆၃၈-၁၆၄၅)လက်ထက်က သွန်းလုပ်ခဲ့တယ်လို့ အယူရှိတဲ့ သမိုင်းဝင် ကြေးသွန်းခေါင်းလောင်း“ယတြာခေါင်းလောင်း” ကြီးကို သိမ်းဆည်းထားသူဖြစ်တဲ့ အဘိုးအိုတယောက်က အာရက္ခပြည်သူ့အစိုးရ(ULA)ထံကို တူးဖော်အပ်နှံလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
Dec 24 . ဒေါ်အောင်ဆန်းစုကြည်အတွက် အစားအစာ၊ ဆေးဝါးနဲ့ စာအုပ်အချို့ ပါတဲ့ ပါဆယ်ထုပ်ကို နေပြည်တော်အကျဥ်းထောင်ဆီ အပတ်စဥ် တနင်္လာနေ့တိုင်း ပို့ဆောင်ခွင့်ရနေပေမဲ့ ဘယ်သူတဦးတယောက်မှတော့ ထောင်ဝင်စာတွေ့ခွင့် မရပါဘူး။ အရင်ကဆို သူ ဘာလိုတယ်၊ ဘာလေးတော့ ထည့်ပေးပါဆိုပြီး မှာတဲ့ သူ့လက်ရေးနဲ့ရေးတဲ့ စာရင်းလေး ရဖူးပေမဲ့ အခုတော့ ပုံနှိပ်ထားတဲ့ စာရင်းကိုပဲ ရတော့ကြောင်း ရှေ့နေအဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီဈေးတွေ တလီတာ ၂၅၀၀ ကျပ် အောက် ပြန်ကျဆင်းလာခဲ့ပြီး ဒီဇယ်ဈေးတွေလည်း တလီတာကို ၂,၆၀၀ ကျပ် အောက် ပြန်ကျဆင်းခဲ့ပေမဲ့ တက်စီခနဲ့ သယ်ယူပို့ဆောင်ရေး၊ ကုန်ဈေးနှုန်းတွေကတော့ ကျဆင်းခြင်း မရှိပါဘူး။
Dec 23 . ဧရာဝတီမြစ်ဘေးက မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို စစ်တပ်က ပြန်ရခဲ့တာကြောင့် မြစ်အရှေ့ခြမ်း တကြောလုံးကို တော်လှန်ရေးအင်အားစုတွေ လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စိုးမိုးနယ်မြေတွေအတွင်းမှာ လောင်းကစားနဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာနဲ့ တိုင်တန်းမှုတွေများလာတာကြောင့် ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြားကာလဒေသန္တရ ပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
Dec 22 . မြန်မာစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေကို ခေါ်ယူနေချိန်မှာပဲ တဖက်မှာလည်း အမည်မသိရသေးတဲ့အုပ်စုဖွဲ့သူတွေက လူငယ်တွေကို လမ်းမှာ ပြန်ပေးဆွဲတာ၊ မိသားစုဆီက ငွေညှစ်တောင်းတာနဲ့ စစ်မှုထမ်းအဖွဲ့ဆီ ရောင်းစားတာတွေ ပြုလုပ်နေတာကြောင့် ရန်ကုန်နဲ့ မြို့ပြလူငယ်တွေ စိုးရိမ်ပူပန်နေကြရကြောင်း DVB သတင်းက ဖေါ်ပြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သယ်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ လာမဲ့ ၂၀၂၆၊ ဇန်နဝါရီလမှာ ကြားနာစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ တရားရုံးက ကြေညာထားပြီး နှစ်ဖက်လျှောက်လဲချက် ကြားနာတာအပြင် လူသက်သေတွေပါ တံခါးပိတ်စစ်ဆေးဖို့ ရှိပါတယ်။
Dec 21 . ရှမ်းပြည်နယ်ထဲ ပအိုဝ်းပြည်သူ့စစ်(PNO/PNA)နယ်မြေတွေနဲ့ ဆက်စပ်နယ်မြေတွေဖြစ်တဲ့ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်နဲ့ လွိုင်လင်မြို့နယ်တွေက ဘိန်းခင်းဧကပေါင်း ရာချီကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖျက်ဆီးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီဒေသထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဖျက်ဆီးရှင်းလင်းနေတာ (၁)လကျော်ချိန် အဲဒီထဲက လုပ်ငန်းတချို့ကတော့ လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားရာ နေရာတချို့ကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ ပြင်ဆင်နေတာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
Dec 20 . မြန်မာ့အရေး တခုတည်းအတွက် အာရုံစိုက်လုပ်ဆောင်ရမယ့်”မြန်မာ့အရေး အာဆီယံ အမြဲတမ်းအထူးသံတမန်”ခန့်အပ်နိုင်ရေး မလေးရှား၊ ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာပြည်တွင်းကို ပြည်ပကနေ ဆီတင်သွင်းတဲ့ အမြတ်ကြီးစား ခရိုနီတွေရဲ့ စက်သုံးလောင်စာဆီ မသမာမှုကြောင့် နိုင်ငံတော်ရဲ့ နစ်နာဆုံးရှုံးမှုပမာဏ ငွေကျပ် ဘီလီယံ(၅၄၀)ကျော် ရှိခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။
Dec 19 . ဖမ်းဆီးခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းမရဘဲ အဆက်အသွယ် ပြတ်နေတာ ကြာပြီမို့ သူ မသိလိုက်ရခင် ကွယ်လွန်သွားတာမျိုး ဖြစ်နိုင်ကြောင်း သားဖြစ်သူ ကင်မဲရစ်(ခေါ်)ကိုထိန်လင်းက ပြောပြီး၊ ဒါဟာ သတင်းမှားပါလို့ မြန်မာစစ်အစိုးရဘက်က တုံ့ပြန်ထားပါတယ်။ လူမြင်ကွင်းကနေ ၅ နှစ်နီးပါး ပျောက်ကွယ်နေပြီး
ပြင်ပကမ္ဘာနဲ့ပါ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းတယ် ဆိုတာကို စာနဲ့ထုတ်ပြန်ရုံသာမက သက်သေအထောက်အထားနဲ့ပါ ထုတ်ပြောသင့်တယ်လို့ တုံ့ပြန်မှုတွေလည်း ရှိခဲ့ပါတယ်။
"အပစ်ရပ်စာချုပ်(NCA)မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ပါဝင်လက်မှတ်ရေးထိုးပြီး လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြပေမဲ့ တချို့ကတော့ လမ်းမှားလျှောက်နေကြတယ်"လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (ဒီနေ့)ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား သဝဏ်လွှာမှာ ပြောပါတယ်။
Dec 18 . “ဖက်ဒရယ်ယူနစ်အစိုးရတွေ ပေါ်ပေါက်လာချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုကြောင်းနဲ့ ဒီနှစ်အတွင်းမှာ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန် စတဲ့ လွှတ်တော်အသီးသီးကနေ ကြားကာလအခြေခံဥပဒေ၊ ကြားကာလအစီအမံ စသဖြင့် ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖက်ဒရယ်
ယူနစ်အစိုးရအသီးသီး ပေါ်လာနိုင်ဖို့ အားထုတ်ကြိုးပမ်းတာကို မြင်တွေ့ရတာဟာ တော်လှန်ရေးရဲ့ အသီးအပွင့်တွေကို ခံစားနေရပြီလို့ ထင်မှတ်ကြောင်း” NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍဟာ နိုင်ငံအတွက်ရော၊ လက်ရှိ နွေဦးတော်လှန်ရေးအတွက်ပါ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီး နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေကြောင်း" အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သမ္မတရုံးက ထုတ်ပြန်တဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားတဲ့ မိန့်ခွန်းမှာ ဖော်ပြပါတယ်။
Dec 17 . ရုပ်ရှင် သရုပ်ဆောင် ဦးညီညီလှိုင်(ခ)ညောင်ညောင်(အသက် ၆၂ နှစ်)ဟာ ပန်ကရိယ ကင်ဆာရောဂါ ခံစားခဲ့ရပြီး ဒီနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
သင့်အေးရိပ် စုဆောင်းတင်ပြပါသည်။
