အင်္ဂလိပ်သဒ္ဒါ တတ်ကျွမ်းလိုသော် (၃) – ပါမောက္ခမျိုးကျော်မြင့်

kaiJune 22, 20162min05

Nouns လေးတွေအကြောင်းကို(၂)လတိတိပြောခဲ့ပြီးပါပြီ။ အတော်အသင့်တော့ ပြည့်စုံသွားပါပြီ။ ယခုလမှာ nouns တွေကိုယ်စားအသုံးပြုရတဲ့ pronouns လေးတွေအကြောင်းဆက်လက်ဖော်ပြ လိုပါတယ်။ ပထမဦးဆုံး နားလည်ထားဖို့က အင်္ဂလိပ်စကားဟာ တတ်နိုင်သလောက် စကားလုံးထပ်ခြင်းကို ရှောင်ပါတယ်။ တို့မြန်မာစကားကတော့ “ ကိုကို၊ ညိုညို၊ အောင်အောင်၊ ကျော်ကျော် ” စသဖြင့် စကားလုံးလေးတွေကို ထပ်ပြီးသုံးကြတယ်။ English မှာတော့ noun တစ်ခုခုကို ထပ်တလဲလဲသုံးနေမဲ့အစား pronoun လေးတွေနဲ့ပြောင်းပြီးသုံးလေ့ရှိပါတယ်။ Pronoun (၃)မျိုးကို အရင်ခွဲခြားပြပါမယ်။ English လို First Person မြန်မာလိုတော့ “ ပြော သူ(သို့)ရေးသူ ”ဆို တဲ့ “ I, Me, My ” English လို Second Person မြန်မာလိုတော့ “နားဆင်သူ(သို့)ဖတ်ရှုသူ” ဆိုတဲ့ “ You, You, Your ” ရယ်နောက်ဆုံးအုပ်စုဖြစ်တဲ့ Third Person မြန်မာလိုတော့ “အပြောခံရသူ” ကို ကိုယ်စား ပြုတဲ့ “ She, Her, Her, He, Him, His, They, Them, Their ” တို့ဖြစ်ပါတယ်။ (၃)ခု (၃)ခုဆီတွဲပြီးရေတာက Subject, Object နှင့် Possessive ဆိုပြီးထပ်မံ(၃)မျိုးခွဲခြားလို့ရသေးလို့ပါ။

E1
တော်တော်ကိုရှုပ်ထွေးတဲ့ English စာဘဲနော်။ အမေရေကယ်ပါအုံးလို့အော်ရမလိုဖြစ်နေပြီ။ “You” နှင့် “It” ကိုကြည့်လိုက်ရင် Subject နဲ့ Object ကို (၁)လုံးထဲဖြစ်အောင်လုပ်ထားတယ်။ တစ်ခါ  “She, Her, Her”မှာ ကြပြန်တော့ Possessive နှင့် Object ကို Her (၁)လုံးထဲနဲ့သုံးထားပြန်ရော။ ရိုးရိုးတောင် မှတ်ဖို့တော်တော်ခက်နေတာ ရှုပ်ထွေးအောင်လုပ်ရက်တယ်လို့ အပြစ်မမြင်လိုက်ပါနဲ့။ Subject ဆိုတာကြိယာရဲ့အရှေ့ မှာ Object ဆိုတာ ကြိယာရဲ့အနောက်မှာ Possessive ဆိုတာ Noun ရဲ့အရှေ့မှာ သုံးတယ်ဆိုတာလေးကို မှတ်ထားလိုက်ရင်ရှင်းသွားမှာပါ။ ဥပမာ- “You hate my friend” ဆိုတဲ့ဝါကျက You နဲ့ “I hate you.” ဆိုတဲ့ဝါကျက you က မတူပါ ဘူး။ ပထမဝါကျက you ကသူကိုယ်တိုင်တစ်ခြားတစ်ယောက်ကို မုန်းတီးနေသူပါ။ ဒုတိယဝါကျက you ကြတော့ သူကမုန်းတီးခံရသူပါ။ အလားတူပါဘဲ “I hate her.” နဲ့ “I hate her friend.” ဆိုတဲ့ဝါကျ(၂)ခုမှာ ပထမ ဟာက Object ပါ။ သူကိုယ်တိုင်ကိုုက မုန်းတီးခံနေရသူပါ။ ဒုတိယဟာကတော့ Possessive ပါ။ သူမ၏ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။

“ ပြောသူ(သို့)ရေးသူ ” ကို ကိုယ်စားပြုတဲ့ pronoun လေး(၂)ခုရှိသည့်အနက် “ I, Me, My ” ဟာ အလွန် ကိုထူးခြားပါတယ်။ “ I ” ဆိုရင်ထူးခြားလွန်းလို့ သူတစ်ခုထဲနှင့်သာ သုံးလို့ရတဲ့ “ Am ”ဆိုတဲ့ ကြိယာလေးတောင် ရွေးထုတ်ပေးထားရတယ်… မဟုတ်လား။ ဒါ့ကြောင့် အားလုံးသိသွားအောင်ပြောကြည့်လိုက်ပါ။ “ I am special. ” ပေါ့ ဟုတ်လား။ တစ်ချို့ကဆို အပို Very လေးတောင်ထည့်ပြီး “I am very special.” ဆိုပါလား။ ကျွန်ုပ်တို့လို့ မြန်မာလိုပြန်နိုင်တဲ့ “ We, Us, Our ” ကတော့ “I” ရဲ့အများ Pronoun ပေါ့နော်။ ဒီနေရာမှာ တစ်ခုမှာချင်တာ က စကားပြောသည့်အခါတိုင်း အဆင်ပြေရင်ပြေသလို “I” ကိုဖြုတ်ပြီး “We” လို့သုံးတတ်အောင်လေ့ကျင့်ထားပါ။ “ I, I, I ” နဲ့ တစ်အိုင်ထဲအိုင်နေသူကို လူအများစုက အမြင်ကတ်တတ်ပါတယ်။ အဲ “ We ” လေးထည့်သုံးလိုက်တော့ လူချစ်လူခင်များလာပြန်ရော။အထူးသဖြင့် အလုပ်ရဖို့ interview ဝင်တဲ့အခါ “ I ” ကဒီလိုလုပ်လိုက်တယ် “ I ” က ဟိုလိုလုပ်လိုက် ဘယ်လိုကြွားဝါနေမယ့်အစား“ We ” လေးမှန်မှန်သုံးပေးလိုက်ရင် ဒီတောင်ကတော့ Team Player  ပဲဆိုပြီး အလုပ်ရဖို့သေချာသွားပါပြီ။
English မှာ Expression လေးတစ်ခုရှိပါတယ်။ “There is no “I” in team. ” တဲ့ နားဆင်သူ(သို့)စာဖတ်သူကို ကိုယ်စားပြုတဲ့ “ You ” ကလည်း မခေလှပါ။ တော်တော်လေးကိုထူးခြား ပါတယ်။ “ You ” ဆိုတာ နားဆင်သူတစ်ဦးတည်းဖြစ်နိုင်သလို နားဆင်သူများလည်းဖြစ်နိုင်ပါတယ်။ အဓိပ္ပါယ်အား ဖြင့် “You” သည် တစ်ဦးတည်းနှင့်အများ Plural ကို ကိုယ်စားပြုနိုင်သော်လည်း grammar အရ plural အဖြစ်သာ သုံးစွဲရပါ သည်။ ထို့ကြောင့် “You is beautiful.” ဟုသုံးစွဲ၍မရပါ။ မိမိ၏ချစ်သူတစ်ယောက်ထဲကို ရည်ရွယ်သော်ငြား အများကြိယာ “are” နှင့်သာ “You are beautiful”ဟူ၍သာသုံးစွဲနိုင်ပါသည်။ အပြောခံရသူများအုပ်စုမှ Pronoun လေးတွေ ကိုကြည့်ရင် “ကျား နှင့် မ” ခွဲခြားထားသည်ကိုတွေ့ရမည်။ မြန်မာလို သူ့ကိုပေးလိုက်ပါဟု  ကျား၊မ မခွဲခြားဘဲပြောနိုင်သော်လည်း ကိုယ့်ရည်းစားလေးအတွက်ပေးရမည့် လက်ဆောင်ကိုလွဲမှားပြီး “Please give it to him” လိုသုံးမိရင် တော့ ဒုက္ခရောက်ပြီ ဖအေလက်ထဲရောက်သွားမှဖြင့်ဒုက္ခရောက်ကြပြီပေါ့။ “I love her.” အစား “I love him.” လို့သုံးမိရင်တော့ မြန်မာပြည်အထိ ပြန်ပြေးသင့်ပြေးရလိမ့်မယ်မဟုတ်လား။ “they, them, their” ကိုအများအတွက်သုံး ပါ။ လူမဟုတ်တဲ့တိရိစ္ဆာန်အပါအဝင် ဥစ္စာပစ္စည်းများကို It, it, its သုံးပါ။ ဒီနေရာမှာမှားပြီးကိုယ့်ဇနီးရဲ့မိခင်ကို “it” လို့သုံးမိရင်တော့ ပြေးရပြန်ပြီပေါ့။ တော်တော် ကိုမလွယ်တဲ့ အင်္ဂလိပ်စာဘဲနော်။                                          pronoun လေးတွေကိုသူ့နေရာနှင့်သူမှန်ကန်စွာသုံးတတ်ပြီဆိုကြပါတော့။ ဘယ်လိုသုံးရမလဲဆိုတာသိထားဦးမှ။ “Grammar” စာအုပ်များက ရေးထားတာရူပ်ပါတယ်။ “pronoun”လေး တွေကို တိတိ ကျကျ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားဖော်ပြထားပါတဲ့။

ဥပမာ -“John and his dad love to go fishing. He is 56, but still looks young.”အထက်ကဝါကျတွေမှာ“He”ဆိုတဲ့pronounလေးအစား John ကိုဆိုလိုတာလားသူ့ အဖေကိုဆိုလိုတာလား မရှင်းပါ။ ဒီတော့ “He” ကို ဒီနေရာမှာမသုံးသင့်ပါ။ “He” အစား “John” ကိုသုံးမှ ရှင်းပါမယ်။ အလားတူဥပမာလေး တွေအများကြီးရှိနေပါတယ်။ နားဆင်နေသူ(သို့)စာဖတ်နေသူအတွက် မရှင်းမလင်းဖြစ်နိုင်တဲ့  pronoun သုံးစွဲမူ လေးတွေကို သတိထားပြီးရှောင်ရန်ဖြစ်ပါသည်။ တချို့pronounလေးတွေကျပြန်တော့ သိနေသူတွေအတွက် ပြဿနာမရှိသော်လည်း မသိသေးသူတွေအတွက် ဒုက္ခပေါ်ပြန်ရော။ ဥပမာ – တစ်ချိန်ကမြန်မာတွေ  “He three, She three, we three” ဆိုပြီးရယ်စရာတွေပြောကြတယ်။ မြန်မာပြည်ကြီးကိုကောင်းကောင်း ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်ကြီး ကိုနေဝင်းအကြောင်းပေါ့။ စိတ်မဆိုးကြပါနဲ့နော်။ “I’m being sarcastic.” အခု ခေတ်လူငယ် တွေဆိုနားလည်ကြမှာမဟုတ်ပါ။ Pronounနဲ့ပတ်သက်လို့ တော်တော်နားလည်သွားပြီလို့ထင်နေရချိန်မှာ ဇယားလေးတစ်ခုထပ်ပြီးဖော်ပြလိုက်ပါရစေ။ ဒီဇယားလေးကိုတော့ နောက်လမှဘဲသေချာရှင်းပြပါ့မယ်။ စာဖတ်သူ အားလုံးစီး ပွားရေး၊ ပညာရေး၊ ကျန်းမာရေးအားလုံး အဆင်ပြေကြပါစေ။  ။

E2မှတ်ချက်။  ။ မြန်မာ့ဂဇက် ဇူလိုင် ၂၀၁၆ထုတ်တွင်ပုံနှိပ်ဖေါ်ပြထားပါသည်။

5 comments

  • ခင်ဇော်

    June 24, 2016 at 12:21 pm

    ငယ်တုန်း က ဒီ ဇယားပေါ့။
    အဒေါ် ဆရာမတွေ တွေ့လိုက်တိုင်း ရွတ်ရွတ်ပြရဒါ။
    ဂစ်ဂစ်ဂစ်။

    :k:

    Reply

  • kai

    June 24, 2016 at 4:47 pm

    ဆရာက.. အမေရိကားမှာ..အင်္ဂလိပ်စာသင်ခဲ့တဲ့ ပါမောက္ခမို့… အင်္ဂလိပ်စာကို.. အသင်အပြကျွမ်းကျင်ပါတယ်.. (အခုတော့.. ကျောင်းအုပ်ချုပ်ရေးဖက်ရောက်သွား သမို့..) ဖြည်းဖြည်းချင်း မြင့်လာတယ်လို့.. ခံစားရတယ်..။
    ခက်လာသပေါ့…။ :k:

    Reply

  • Thint Aye Yeik

    June 24, 2016 at 9:48 pm

    စာအုပ် ထုတ်ဖြစ်တော့မှ ဝယ်ပြီး အေးအေးလူလူ ဖတ်မယ်တွေးနေတယ်

    အရင်အပိုင်းတွေနဲ့က ပေါင်း မထုတ်လောက်ဘူးထင်ရဲ့
    နှစ်အုပ် ဝယ် သိမ်းရမယ်ထင့်

    Reply

  • ဂျစ်စူ

    June 24, 2016 at 10:46 pm

    သင်ယူလျက်ပါလို့စ်

    Reply

Leave a Reply

Your email address will not be published.