ဘာစီလိုနာ လူငယ် ကစားသမား ဘိုဂျန် ကာကစ်အား ရွန်နီ၏ တွဲဖက်အဖြစ် ကစားစေရန် ဖာဂူဆန် ပြင်ဆင်

khinmintatthuJune 2, 20101min00

မန်ချက်စတာ ယူနိုက်တက် အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ဘာစီလိုနာ အသင်းမှ လူငယ် တိုက်စစ်မှူး ဘိုဂျန် ကာကစ်အား ခေါ်ယူကာ ရွန်နီ၏ တွဲဖက် တိုက်စစ်မှူး အဖြစ် ကစားစေရန် ပြင်ဆင်နေကြောင်း သိရသည်။

သတင်းတစ်ရပ် အဆိုအရ ဖာဂူဆန်သည် အသက် ၁၉နှစ် အရွယ် စပိန် လူငယ် တိုက်စစ်မှူး ဘိုဂျန် ကာကစ်အား ပေါင် ၁၂သန်းဖြင့် ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင် နေသည်ဟု သိရသည်။ ကာကစ်သည် ဘာစီလိုနာ လူငယ် အသင်းမှ ထွက်ပေါ်လာသည့် ကစားသမား တစ်ဦးဖြစ်ပြီး လူငယ် ကစားသမား ဘဝ တစ်လျှောက်တွင် ဂိုးပေါင်း ၅၀ဝ မက သွင်းယူ ခဲ့သည့် တိုက်စစ်မှူးလည်း ဖြစ်သည်။ ပြီးခဲ့သည့် ဘောလုံး ရာသီက ဘာစီလိုနာ အသင်း အတွက် ၈ဂိုး သွင်းယူ ပေးခဲ့ကာ ဖာဂူဆန် အနေဖြင့် ရွန်နီ၏ တွဲဖက် တိုက်စစ်မှူး အဖြစ် ကာကစ်အား အလိုရှိ နေသည်ဟု သိရသည်။

ဖာဂူဆန်သည် မက္ကဆီကို တိုက်စစ်မှူး ဂျာဗီယာ ဟာနန်ဒက်စ်အား ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်သော်လည်း ဘာဘာတော့ဗ်နှင့် မိုက်ကယ် အိုဝင်တို့၏ စွမ်းဆောင်မှု များနှင့် ပတ်သက်၍ သံသယ ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။

ပေါင် ၃၄.၂သန်းဖြင့် ဘာစီလိုနာသို့ ဒေးဗစ် ဗီလာ ရောက်ရှိ လာခြင်းကလည်း ကာကစ် အတွက် ပုံမှန် ပွဲထွက်ခွင့် နေရာ ပျောက်ဆုံးဖွယ် ရှိနေပြီး ဂွါဒီယိုလာ အနေဖြင့် ကာကစ်အား ဈေးကွက်တင်ဖွယ် ရှိနေသည်ဟုလည်း သတင်း အချို့က ခန့်မှန်း ရေးသား ခဲ့ကြသည်။

Leave a Reply

Your email address will not be published.