အမှောင်နှင့် အလင်း

ညဉ့်၏အဆုံး နောက်နေ့ရောက်လာရသည်။
အပူချည်းလည်း ရှိမနေ၊ အပူ၏ တွဲဖက်အနေဖြင့် အအေးရှိနေသည်။
သုခ၏ နောက်ခံ အဖြည့်ဒုက္ခရှိနေသည်။
အဆိုးနောက်ခံ မရှိက အကောင်းသည် ကြွမလာနိုင်ပေ။
အတိုရှိမှ အရှည်၏ တိုင်းတာမှု ဖြစ်နိုင်သည်။
အဝေး၏ အကွာအဝေးကို အနီးဖြင့်သာ မှန်းဆနိုင်သည်။
အမှောင်မရှိဘဲ အလင်းဖြစ်မလာနိုင်ပေ။
အနိမ့်ကို ထောက်၍ အမြင့်ဖြစ်လာသည်။
လူ့ဘဝ၌လည်း အကောင်း အဆိုး၊ အတက် အကျ၊ အလင်း အမှောင်ဟူ၍ ဆန့်ကျင်ဘက် သဘောတရားနှစ်ခု ဒွန်တွဲနေသည်။
မွေးကတည်းကစပြီး မြေပေါ် ခေါင်းချသည်အထိ သူတော်ကောင်းစိတ်မွေးသွားသည့် ပုဂ္ဂိုလ်မျိုး မရှိမဟုတ်ပေ။
ယင်းကဲ့သို့သော ပုဂ္ဂိုလ်များအတွက်မူ အထူးပြောဖွယ် မလိုပေ။
သို့ရာတွင် ဘဝ၏ တစ်စုံတစ်ခုသော ကာလအတွင်း၌ အဆိုးဖြင့် စာရင်းပိတ်ပြီး ယင်းအဆိုး၏နောက်ပိုင်း၌ အကောင်းပေါ်လာလျှင် ထိုသူ၏ဘဝသည်လည်း တန်ဖိုးရှိသည့် ဘဝဟုပင် ဆိုထိုက်သည်။
တစ်လျှောက်လုံး ဆိုးလာသော်လည်း တစ်စုံတစ်ခုသော အချိန်ကာလ၌ သတိသံဝေဂရပြီး စိတ်ကောင်းမွေးမြူလျှင် ထိုသူ၏ဘဝ၌ အမှောင်၏နောက်တွင် အလင်းရောင် ပေါ်လာသည်ဟုပင် ဆိုရမည် ………… ။

( ဆရာကြီး ပါရဂူ ၏ ပိယဒဿီ စာအုပ်မှ ကျွန်တော် နှစ်သက်မိသော စာသားများအား တင်ပြခြင်း ဖြစ်ပါသည်။ )

5 comments

  • thit min

    January 19, 2012 at 5:12 pm

    “တစ်လျှောက်လုံး ဆိုးလာသော်လည်း တစ်စုံတစ်ခုသော အချိန်ကာလ၌ သတိသံဝေဂရပြီး စိတ်ကောင်းမွေးမြူလျှင် ထိုသူ၏ဘဝ၌ အမှောင်၏နောက်တွင် အလင်းရောင် ပေါ်လာသည်ဟုပင် ဆိုရမည်” …………………………………
    လူဆိုးတယောက်ကို လူကောင်းလို့သတ်မှတ်ဖို့ ဆိုတာ အချိန်ကာလလုံလောက်ဖို့လိုတာမို့
    တော်တော်ပြောရခက်တဲ့ သဘောရှိပါတယ်။
    တခုတော့ ဖြတ်ကနဲ သိသွားသလိုခံစားမိပါတယ်။
    အရိယာမဖြစ်သေးသ၍
    လူကောင်းသည်လည်း လူဆိုးအချိန်မရွေးဖြစ်နိုင်သည်ပေါ့။အဲလိုပြောလို့ရမလား။

    Reply

    • Anzartone

      January 20, 2012 at 12:08 pm

      ဟုတ်ပါတယ် ဆရာသစ်ရေ …
      အောက်ထစ်ဆုံး အရိယာ (သောတာပန်) မဖြစ်သေးသမျှ လူကောင်းကလည်း အချိန်မရွေး လူဆိုးတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။
      ဒါပေမယ့်လို့လည်း တစ်ဘဝ ဆိုတဲ့ အတိုင်းအတာ အတွင်းမှာ လူဆိုး တစ်ယောက်ဟာ သူ ဆိုးခဲ့သမျှ နောင်တ ရပြီး ပြုပြင်သွားမယ် ဆိုရင်တော့ အဲဒီလူရဲ့ ကျန်ရှိနေတဲ့ ဘဝ အပိုင်းအစတွေမှာ အလင်းရောင် ပေါ်လာတယ်လို့ ပြောရမလားပဲ။

      Reply

  • ကို သစ် ပြော သွား သ လို

    အရိယာမဖြစ်သေးသ၍
    လူကောင်းသည်လည်း လူဆိုးအချိန်မရွေးဖြစ်နိုင်သည်ပေါ့။အဲလိုပြောလို့ရမလား။

    ကျွန်တော်လည်း အဲသည်လို နားလည်မိကြောင်းနှင့် စက္ကန့်(ဒိထက်ပိုချင်လည်းပိုမယ်ပေါ့ဗျာ)အမျှ ပြောင်းလဲနေတဲ့ မိမိ စိတ်ကို ခဏတာ သတိထားမိ သွားတဲ့ အတွက် အားလုံး အားလုံးကို ကျေးဇူးတင်လျှက်

    Reply

  • weiwei

    January 19, 2012 at 10:38 pm

    ”မကောင်းမှုဟူသည် မည်သည့်အရာဖြစ်သနည်း” ဆိုတာကို အမျိုးမျိုးစဉ်းစားခဲ့ရတဲ့ ဆရာဦး ပါရဂူရဲ့ စိတ္တရလေခါ စာအုပ်ကို သတိရသွားမိတယ် …

    Reply

  • pooch

    January 20, 2012 at 2:32 pm

    လူတယောက်ဟာ သူအသက်ရှင်နေစဉ်ကာလ တလျှောက်လုံးမှာ လူဆိုးလူကောင်းသတ်မှတ်ဖို့ ခဲယဉ်းပါတယ်။ အကောင်းကြီးက နေ ထဖောက်သွားနိုင်သလို ပျက်အစဉ် ပြင်ခဏဆိုပြီးလည်း ကောင်းသွားနိုင်တာမို့ အဲ့ဒီလူ အခေါင်းထဲ ရောက်ပြီး မြေချမှသာ သူဟာ လူဆိုးလား လူကောင်းလား အသေအချာ သတ်မှတ်လို့ ပြောလို့ ရပါတယ်။

    Reply

Leave a Reply

Your email address will not be published.