စီးချင်ဦးဟဲ့ အထူးကား

manawphyulayJanuary 16, 20121min035

ဟော… လာပြီ
မနော တစ်ယောက် အဝေးကို မျှော်ကြည့်ရင်း စိတ်ထဲက ရေရွတ်လိုက်မိသည်။ လည်ပင်းကြောတွေထောင်၊ မျက်စိတွေ ညောင်းနေပြီး ခြင်းကိုင်ထားတဲ့လက်ကလည်း လက်အံသေနေအောင် မျှော်နေရတဲ့အချိန်မှာ ကိုယ်စီးမယ့်ကား လာတာတွေ့တော့ ဝမ်းသာသွားမိသည်။ ဒီနေ့ ရုံး စောစောသွားမယ်ဆိုမှ ဘာကားမှမလာတော့။ လာတဲ့ကားတွေကလည်း မရပ်နဲ့။ ဒါကြောင့် ဘာကားပဲဖြစ်ဖြစ် လိုက်မယ်လို့ ဆုံးဖြတ်ထားပြီးသား။
အခုလာနေတဲ့ကားက နှစ်ရာ ပေးစီးရတဲ့ “အထူးကား”ပေါ့။ အထူးကားဆိုတဲ့အတိုင်း အဲယားကွန်းပါတယ်။ တီဗွီပါတယ်။ လက်မှတ်ပေးတယ်(တစ်ခါတလေ စစ်ဆေးရှိရင်ပေါ့)။ ထိုင်ခုံတွေကလည်း ဆိုဖာခုံတွေလေ။ ခုနောက်ပိုင်းတော့ ကော်ခုံတွေပြောင်းလဲကုန်ပြီ။ ဒီတော့ ရိုးရိုး ငါးဆယ်၊ တစ်ရာပေးစီးရတဲ့ ကားတွေထက်သာတယ်။ စမတ်ကျကျ စီးရမယ်။ မြန်လည်း မြန်တယ်(ကားချင်းပြိုင်တဲ့အချိန် ပြောတာပါ။ ကျန်တဲ့အချိန်ဆို လိပ်ကတောင် အဘ ခေါ်ရလောက်တယ်။ ကားပေါ်ကဆင်းပြီးတောင် တွန်းပေးချင်စိတ်ပေါက်တယ်။)။ အေးအေးလူလူနှင့် တီဗွီကြည့်ရင်း ဇိမ်ရှိရှိစီးရမယ်။ ကျွန်မကလည်း ခရီးက အလုပ်သွားအလုပ်ပြန် တစ်နာရီလောက် (မြန်ရင်) အချိန်ပေးရတော့ ဒီလိုကားတွေနဲ့မှ အဆင်ပြေမှာလေ။
ကျွန်မလည်း အထူးကားရဲ့ အားသာချက်တွေကို တွေးရင်း ကားဆီသွားဖို့ ခြေလှမ်းပြင်လိုက်သည်။ မှတ်တိုင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသော လူတွေကိုကြည့်ရင်း “တက်မယ့်သူတွေ မနည်းပါလား” ဟု တွေးလိုက်မိပြီး ရှေ့ဆုံးက တက်နိုင်အောင် မာရသွန်ပြိုင်ပွဲ ပန်းဝင်သကဲ့သို့ အပြေးအလွှားသွားရသည်။
အရေးထဲ ဒီကားကလည်း ဘာလို့ အဝေးကြီးမှာ သွားရပ်သလဲမသိဘူး။ စိတ်တိုဖို့ကောင်းလိုက်တာ။ သူများထက် အရင်ဆုံး တက်နိုင်အောင် ပြေးသွားနေရင်းက ဆရာ တစ်ယောက်ပြောဖူးတဲ့ စကားကို ဖြတ်ခနဲ သတိရလိုက်သေးသည်။
“လူတွေရဲ့ အတ္တကြီးမှုကို ဘတ်စ်ကားစီးတဲ့အခါ တွေ့နိုင်တယ်”တဲ့။ ဆရာ့ပြောစကား မှန်နေပြီလားမပြောတတ်။ ကိုယ့်လိုပဲ အလုအယက်ပြေးနေတဲ့သူတွေကြားထဲ ရှေ့ဆုံးက တက်ပြီး နေရာကောင်းကောင်းယူချင်တာ ကျွန်မရဲ့အတ္တစိတ်ပဲ ဖြစ်မှာပါ။ ဖြစ်ချင်တော့ ကားက ဆင်းတဲ့သူလည်း ဆင်းပြီးရော မောင်းဖို့ပြင်နေတာကို လှမ်းအတက် စပယ်ယာက လှမ်းအဆွဲမှာ ခြေထောက်က ခြေနင်းခုံကိုမနင်းမိပဲ ခြေချော်ပြီး ခြေသလုံးနဲ့ ခြေနင်းခုံနဲ့ ရိုက်မိပါလေရော… အားလားလား အေးရတဲ့အထဲ ခြေထောက်တော့ ဘာဖြစ်ပြီလဲမသိ မစဉ်းစားအား နောက်တစ်ဖက်နဲ့ ခြေနင်းခုံပေါ် ခုန်အတက် ကားက ဝူးခနဲ မောင်းထွက်သွားသည်။
အထူးကားပေါ် တက်လိုက်မိသည်နှင့်တစ်ပြိုင်နက် “ငါတော့ လွဲပြီ” ဟု နောင်တရလိုက်သည်။ ဟုတ်တယ်လေ။ မတ်တပ်ရပ်စီးနေတဲ့ ခရီးသည်တွေက အများကြီး။ ကိုယ်တောင် လမ်းတစ်ဝက်ရောက်နေပြီ ခြေနင်းခုံကနေ အပေါ်ကို မရောက်သေး။ စပယ်ယာအသံ ထွက်လာသည် “ရှေ့ကို နည်းနည်းလေးလောက် တိုးပေးကြပါ။ အောက်မှာ မိန်းကလေးတစ်ယောက်တွယ်လာရလို့ပါ” အော်ပေမယ့်လည်း လှုပ်ရုံသာ လှုပ်သည့် ခရီးသည်တွေကြား မနည်း တိုးတက်နေရသည်။ ဒီလောက် လူတွေများပြီး ကျပ်နေတာကို ငါ ဘာလို့မမြင်ပါလိမ့်။ ဪ ကားပေါ်တက်ရဖို့အရေး ပြေးလွှားပြီး ဇောကပ်နေတော့လည်း ငါ မမြင်တာ မဆန်းပါဘူးဟု ဖြေတွေး တွေးလိုက်သည်။
ကျွန်မလည်း ဆွဲခြင်းက တစ်ဖက်နှင့်ဆိုတော့ ကားထွက်ချိန်မှာ ယိုင်လဲမသွားအောင် ဟန်ချက်ကို မနည်းထိန်းလိုက်ရသည်။ ကျွန်မက အရပ်ပုတော့ ကားပေါ်ရောက်လျှင် အပေါ်တန်းလည်း မမီ တခြားသူတွေကို ကိုင်ပြီး ရပ်ရမှာလည်း အားနာနှင့် စိတ်ဒုက္ခရောက်ရသည်။ ဟိုယိုင်ဒီယိုင်နှင့် မတည်ငြိမ်သေးခင်မှာပင် စပယ်ယာကလည်း-
“ကားခတစ်ယောက် ကျန်သေးတယ်” ဆိုပြီး အော်နေပြန်သည်။
ကျွန်မလည်း ကိုင်စရာနေရာရသည်နှင့် လက်ထဲက ငါးရာတန်ကို လှမ်းပေးလိုက်သည်။ စပယ်ယာက “တစ်ယောက်ထဲလား” လို့ မေးတာကို ခေါင်းညိတ်ပြလိုက်တော့ နှစ်ရာတန်တစ်ရွက် လှမ်းပေးရင်း “တစ်ရာ ခဏစောင့်” ဟု ပြောကာ အထဲကို ဝင်သွားလေသည်။
ဘုရားစူး… အထူးကား။ ထိုင်စရာ နေရာ မရှာလိုက်ရဘဲ ကိုင်စရာနေရာနဲ့ ခြေထောက်ရပ်စရာကိုသာ အသည်းအသန်ရှာလိုက်ရသည့်အဖြစ်။ ကားပေါ်မတက်ခင်က ဇိမ်ကျကျထိုင်ရင်း တီဗွီကြည့်ကာ အမောဖြေမည်ဟူသော အတွေးကလည်း အတော်ပံတပ်ကာ ဘယ်ဆီပြေးပြီမသိ။ ထိုင်ခုံပေါ်ထိုင်ဖို့မပြောနှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်မတ်မတ်ရပ်နိုင်အောင် မနည်းကြိုးစားပြီး နေရာယူလိုက်ရသည်။ ဒါကြောင့် ရှေးလူကြီးတွေပြောတာ ထင်ပါရဲ့။ ကိုယ့်ခြေထောက်ပေါ် ကိုယ်အရင်ရပ်ကြည့်ဦးဆိုတဲ့ စကားကြားယောင်နေမိတယ်။
ထိုင်ခုံမှာ အမိန့်သား ထိုင်နေသူတွေကို ဝေ့ကြည့်လိုက်တော့ ဘေးဘီကို စိတ်ဝင်စားဟန်မပြဘဲ တီဗွီကိုသာ အာရုံစိုက်နေကြလေသည်။ အင်း… သူတို့ကို ကြည့်ရတာ နှစ်ရာတန် နတ်ပြည်ရောက်ပြီး စည်းစိမ်ခံစားနေကြတဲ့ နတ်သား၊ နတ်သမီးတွေနဲ့တောင် တူနေသယောင်။ အေးလေ… ငါလည်း ထိုင်ခုံရရင် သူတို့လိုနေမှာပေါ့…။
တစ်ယောက်ထဲ တွေးရင်း ငေးရင်းနဲ့ စီးလာတာ သီရိမင်္ဂလာဈေးနားရောက်ရော စပယ်ယာရဲ့အသံက နားထဲကိုးလို့ကန့်လန့်ဝင်လာပါတော့တယ်။
“ဟိုနားက ပုပု မျက်မှန်နဲ့အစ်မ၊ ရှေ့နည်းနည်းတိုးပါဗျာ လုပ်ပါ။ အချောင်ကြီးပါဗျာ”
ကျွန်မလည်း ဘေးဘီကို ငဲ့စောင်းကြည့်လိုက်မိသည်။ ဟင်… ယောက်ျားလေးတွေချည်းပဲ။ ဒါဆို “ပုပု မျက်မှန်နဲ့အစ်မ”ဆိုတာ ငါ့ကို ပြောတာပေါ့လေ။
“တောက်… အစ်မရေ နည်းနည်းတိုးပေးပါ” လို့ ပြောရင်တောင် တိုးပေးလိုက်ဦးမယ်။ အခုတော့ ဂုဏ်ပုဒ်တွေတပ်ပြီး ပြောနေတော့ ကျွန်မကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြပြီလေ။ စိတ်က ထောင်းခနဲ ဖြစ်မိပြီး
“ဘယ်အထိ တိုးရဦးမှာလဲ။ အရှေ့မှာ ကားမှန်ပဲရှိတော့တယ်။ လွန်းပူနဲ့ လာဖောက်ပေးမှပဲ ကားမှန်ဖောက်ထွက်လို့ရမယ်” လို့ ဘုတောပစ်လိုက်တယ်။ ကိုရွှေစပယ်ယာလည်း တစ်ခွန်းမှ ပြန်မဟတော့။ ဟိုဘက်က ခရီးသည်တွေက ဘာပြောလို့လဲမသိ။ စပယ်ယာက “မြန်ချင်ရင် တက်စီစီးသွားပါ။ ဒီထက်မြန်ချင်ရင် ကိုယ်ပိုင်ကားဝယ်ထားပါ”လို့ လှည့်အော်နေတယ်။
တဖြည်းဖြည်းနှင့် လူတွေများလာပြီး မွန်းကျပ်လာကာ ပူလောင်အိုက်စက်လာတော့မှ “အဲယားကွန်း”လည်း “အလကားကွန်း” ဖြစ်ပြီး ထင်တယ်ဟု တွေးလိုက်မိသည်။ မှန်အလုံပိတ်ကားထဲမှာ အဲယားကွန်းမရသောကြောင့် လူနံ့၊ ချွေးနံ့၊ ရေမွှေးနံ့တွေနှင့် အတော်ပင် မွန်းကြပ်လာခဲ့သည်။ ထို့ကြောင့် စပယ်ယားအား….
“ပြတင်းပေါက်မှန် ဖွင့်လို့ရမလား” ဟု လှမ်းမေးလိုက်တယ်။
“လှည့်ကင်းရှိတယ် အစ်မ။ ဖွင့်လို့မရဘူး”တဲ့။
ဩော… ငါ့နှယ် နှစ်ရာပေးပြီး ချွေးထုတ်နေရတဲ့အဖြစ်ပါလားဟု တွေးမိပြန်သည်။
“သမီး… ကားစီးရင်း ဘုရားဂုဏ်တော်ပွားများဖို့ မမေ့နဲ့နော်” ဆိုတဲ့ အမေ့စကားကိုလည်း သတိမရနိုင်တော့။
“တစ်ရာ အမ်းရမယ်၊ တစ်ရာအမ်းရမယ်” ဆိုတာကိုသာ တရစပ် ရွတ်ဖတ်သရဇ္ဈာယ်နေရသည်။ ကျွန်မကလည်း မေ့တတ်တာနဲ့၊ စပယ်ယာတွေကလည်း မေ့ချင်ယောင်ဆောင်တတ်တာနဲ့တော့ ဒီလိုပဲ ရွတ်ဖတ်ပေးနေရတာပေါ့။ တစ်ခါကလည်း တစ်ထောင်တန်ပေးပြီး ကားပေါ်ကဆင်းပြီး လမ်းလျှောက်ပြီးမှ သတိရတော့ လှည့်ကြည့်တော့ ကားက ထွက်သွားပြီ။
ဒါနဲ့ ဆင်းရမယ့် မှတ်တိုင်နားရောက်တော့မှ “တစ်ရာ အမ်းရမယ်” ဟု ခပ်တည်တည်တောင်းလိုက်သည်။ အရင်တုန်းကဆိုလျှင် ပြန်အမ်းရမည့် ပိုက်ဆံကို ထိုသို့ မတောင်းရဲခဲ့။ ခုတော့ တောင်းရဲသွားပြီ။ နေ့စဉ် ကြုံတွေ့ရသော အတွေ့အကြုံ၊ သင်ခန်းစာများက တောင်းတတ်အောင် သင်ပေးလိုက်တာ ထင်ပါရဲ့။ စပယ်ယာက တစ်ရာတန် အဟောင်းအနွမ်းတစ်ရွက်ကို လှမ်းပေးရင်း
“ဒီတစ်ရွက်ပဲ ရှိတယ်” ဟု ပိတ်ပြောသသည်။ ကျေးဇူးတင်ပါတယ် မောင်မင်းကြီးသားရယ်။ ရှားရှားပါးပါးရှိတဲ့ တစ်ရွက်ကို အမ်းပေးတဲ့အတွက်။
ကျွန်မ ဆင်းရမည့် မှတ်တိုင်နီးလာပြီမို့ ဆင်းရလွယ်အောင် ကြိုထွက်ထားဖို့ တာစူလိုက်သည်။ အထူးကားရဲ့ တစ်ယောက်စာ လျှောက်လမ်းလေးမှာ နှစ်ယောက်စီထပ်ပြီး ရပ်နေကြရတော့ ဘယ်လိုများ တိုးရပါ့။ ဒီကြားထဲ လွယ်ထားတဲ့ စလင်းဘတ်ကညပ်ပြီး နောက်မှာ ကျန်ခဲ့လို့ မနည်းဆွဲယူလိုက်ရသည်။ ခြင်းကလည်း ထုတ်လို့မရ။ အရင်ကတော့ ပလတ်စတစ်ခြင်းလေးတွေ ကိုင်သည်။ ခုတော့ ကြိမ်ခြင်းပဲကိုင်တော့သည်။ ပလတ်စတစ်ခြင်းကိုင်တုန်းက ကားအောက်ရောက်တော့ လက်ထဲမှာ လက်ကိုင်ကွင်း နှစ်ဖက်ပဲ ပါလာပြီး ခြင်းကိုယ်ထဲက ကားထဲ ကျန်ဖူးသည်မို့ ခြင်းတောင် ရွေးကိုင်ရခြင်း ဖြစ်သည်။ ခုတော့ တိုးရလွယ်အောင် ခြင်းကို အပေါ်က မြှောက်ကိုင်ဖို့ကလည်း အရပ်က ပုနေတော့ သူများတွေရဲ့ ခေါင်းကိုတောင် ကျော်အောင် မမြှောက်နိုင်။ ဒုက္ခပါပဲ။ တိုးထွက်လို့လည်း မရွေ့ပါလား။
မှတ်တိုင်ရောက်သည်အထိ တိုးထွက်၍မရတော့ ဒေါသထွက်၊ ချွေးတွေထွက်နှင့် တစ်ကိုယ်လုံး ပူထူနေတော့သည်။ နောက်ဆုံးတော့ စပယ်ယာခမျာ မနေသာတော့ဘဲ လက်ကိုဆွဲပြီး အတင်း ဆွဲထုတ်လိုက်မှ ဆင်းရမည့် အပေါက်နားရောက်တော့သည်။ ဒီကြားထဲ ဆံပင်က လူကြားထဲ ညှပ်ကျန်ချင်သေးသည်။ ကမန်းကတမ်း ဆင်းလိုက်ရသည်။ ကားပေါ်ထိုင်ပါလာတဲ့ အလုပ်သွား တွေ့နေကြ ကလေးမလေးနှစ်ယောက်က ကားအောက်ရောက်တော့ “အစ်မ ဒီနေ့ ဆပ်ပြာမတိုက်လာဘူးထင်တယ်” လို့ ပြောတော့ ကြောင်ပြီး ပြန်မေးလိုက်မိသည်။ “ဘာဖြစ်လို့လဲ” “အစ်မ ကား ထိုင်ခုံမရလို့”လေတဲ့။ စိတ်ထဲကလည်း “ဒီနေ့ တော်တော်ကံမကောင်းတာပဲ” ဟု မဆီမဆိုင် ကံကို အပြစ်တင်လိုက်သေးသည်။ ကားပေါ်က ဆင်းလိုက်သည်နှင့် ဆူးလေဘုရားကြီးကို ဦးခိုက်ရင်း သဘာဝလေနုအေးတို့၏ ကြိုဆိုခြင်းကို ခံစားရ၍ အနည်းငယ် လန်းဆန်းသွားရသည်။ ဟူး…. အခုမှပဲ အသက်ကို တဝကြီး ရှူရတော့သည်။
ကျွန်မတစ်ယောက် မှတ်တိုင်မှာရပ်ရင်း ပြန့်လွင့်နေတဲ့ ဆံပင်ကို သပ်ချရင်း ခြင်းထောင်ကို လက်ထဲမှာ နေရာတစ်ကျချပြီး ရွှဲနေတဲ့ ချွေးကိုသုတ်လိုက်ပြီး စီးလာတဲ့ အထူးကားကြီးကို မကျေမနပ်နှင့် မျက်စောင်းဝင်ပြီး ကြည့်လိုက်တဲ့အခါမှာတော့-
“ထိုင်ခုံပြည့်သာ တင်ဆောင်ပါသည်။ လူပိုတင်ခွင့် မရှိပါ”
“အကောင်းဆုံး ဝန်ဆောင်မှုပေးပါ”
“အမျိုးသမီးများကို ဦးစားပေးပါ”
“ခရီးသည်များသည် ထမင်းရှင်များဖြစ်သည်”
“Air-Con အမြဲ ဖွင့်ထား။ မအေးလျှင် လိုင်းမထွက်ရ”
“နေရာတိုင်းတွင် သင့်ကို အမြဲစောင့်ကြည့်နေသည်”
ဟူသော စာတန်းလေးတွေက ကျွန်မကို “တာ့တာ ဘိုင်ဘိုင်” ဟု ပြုံးပြနှုတ်ဆက်နေကြပြီး အထူးကားကြီးကလည်း ကျွန်မကို ကြည့်၍ တဟားဟား အော်ရယ်ကာ မြူးထူးသွက်လက်စွာ နှုတ်ဆက်ထွက်ခွာသွားလေတော့သည်။

35 comments

  • teekock

    January 16, 2012 at 11:25 am

    ကိုယ်ချင်းစာရင်း ရယ်လိုက်ရတာဗျာ။ ရေးလည်းရေးတတ်ပါရဲ့။ ကိုယ်တိုင် ဘတ်စ်ကားပေါ်တက်ပြီး စီးလိုက်ရသလိုပါပဲ။ ဒါနဲ့… “အစ်မ ဒီနေ့ ဆပ်ပြာမတိုက်လာဘူးထင်တယ်” လို့ ပြောတော့ ကြောင်ပြီး ပြန်မေးလိုက်မိသည်။ “ဘာဖြစ်လို့လဲ” “အစ်မ ကား ထိုင်ခုံမရလို့”လေတဲ့။ ဆိုတာကို နားမလည်ဘူး။ ပုပုနဲ့မျက်မှန်နဲ့အမလို့ ဂုဏ်ပုဒ်တွေတပ်ပြီးခေါ်တာကို သူများကိုယောင်ပြီးလိုက်ကြည့်နေမိတယ်ဆိုတာလေးကို လည်းမြင်ယောင်မိတယ်။

    ဒီစာလေးကို ကြိုက်တယ်။

    Reply

    • manawphyulay

      January 16, 2012 at 11:38 am

      ဒါနဲ့… “အစ်မ ဒီနေ့ ဆပ်ပြာမတိုက်လာဘူးထင်တယ်” လို့ ပြောတော့ ကြောင်ပြီး ပြန်မေးလိုက်မိသည်။ “ဘာဖြစ်လို့လဲ” “အစ်မ ကား ထိုင်ခုံမရလို့”လေတဲ့။ ဆိုတာကို နားမလည်ဘူး။
      ဒါက ကားစီးလို့မှ နေရာမရရင် သူများတွေက ဘုရားမရှိခိုးခဲ့ဖူးထင်တယ်တို့ ဘာတို့ သုံးနှုန်းနေကြအတိုင်း ဒီပြင်စကားကို သုံးနှုန်းခေါ်ဝေါ်တာ ဖြစ်ပါတယ်။ ကြုံဖူးမှသိမှာပါနော်။

      Reply

      • Moe Z

        January 18, 2012 at 4:47 pm

        အဲဒါ ဘာပြောတာလဲ မမ မနောရဲ့
        နားမလည်ဘူး ဆပ်ပြာတိုက်တာနဲ့ ထိုင်ခုံနေရာ ဘာမှလည်းမဆိုင်ဘူး 🙁

        Reply

  • စိန်ပေါက်ပေါက်

    January 16, 2012 at 12:11 pm

    ခင်ဗျား ကျုပ်စီးပွါးကို ဖျက်နေတာလား..
    ကျုပ်က အဲမွန်းဘတ်စကား အစီးတစ်ရာထောင်ထားတာဂျ..တိလို ့လား..
    ဒါတောင် ကျန်တဲ့ဆယ်စီးက မောင်ပေ့သား ပေတလူဆော့ဖို ့ပေးလိုက်သေးလို ့..
    နို ့မိုဆို တစ်ရာ့တဆယ်စီး ပိုင်တယ်.
    ညှင်း..ညှင်း..ပွေး.

    Reply

    • manawphyulay

      January 16, 2012 at 12:20 pm

      ခုနတော့ တစ်စီး တက်နင်းမိလို့… ဘီးကျွတ်ထွက်သွားတယ် အဟဲ

      ကားပြပွဲလာတော့မှာဆိုတော့ အကုန်သာရောင်းစားလိုက်ဟာ မုန့်ဝယ်ကျွေးလို့ရတာပေါ့။

      Reply

  • Thel Nu Aye

    January 16, 2012 at 1:04 pm

    မြင်ကွင်းအပြည့်မြင်ရင်းရယ်သွားပါတယ်။ ခြင်းကလက်ကိုင်ကွင်းပဲပါလားပြီးခြင်းကိုယ်လုံးကအထဲမှာ
    ကျန်ခဲ့တယ်ဆိုတာပြည့်စုံတဲ့သရုပ်ဖော်မှု့ပါပဲ။ ကျွန်မစဉ်းစားနေတာ။ ကျွန်မတို့ကျောင်း တက်စဉ်ကကားလိုင်းကနဲနဲလေးပဲရှိတာ။ ကျပ်လိုက်တာလဲအခု မနောပြောသလိုပါပဲ။ ထားပါကားရှားတာကိုး။ ဒဂုံတက်ကသိုလ်ကိုဆို ၃၆ လိုင်းတစီးပဲရှိတာ။ နောက်ပြည်လမ်းမှာ ၅၁၊ အင်းစိန်လမ်းမှာဆို ၄၅၊ ၅၀၊ တကယ်ကိုရှားရှားပါးပါးပါ။ အဲဒီတော့ကျပ်တာမဆန်းပါဘူး။ အခုကားလိုင်းတွေများလိုက်တာမှတ်တောင်မမှတ်မိဘူး။ ဒါလဲအရင်ကလိုကျပ်တုန်းပဲနော်။ အံ့ဩလို့ပါ။ အထူးကားကတော့အဲကွန်းမပါလို့ရိုးရိုးကားပဲစီးတော့တယ်။

    Reply

  • small cat

    January 16, 2012 at 1:05 pm

    ဟိုနားက အရပ်မရှည်တဲ့၊မင်းလေးအဖော်မပါရင်လောကကြီးကို
    ဘာမှမမြင်တော့တဲ့အမ၊ ရှေ့နားနဲနဲတိုးပေးပါ။

    Reply

  • မှော်ဆရာသိန်း

    January 16, 2012 at 1:06 pm

    အော် အမရယ် အထူးကားပေါ်မှာ နေရာရဖို့ ဘုရားတောင် မှန်မှန် ရှိခိုးရမယ်တဲ့လား
    ဒီခန္ဒာကိုယ်လောက်နဲ့တော့ ထိုင်ခုံကို မက်မနေပါနဲ့ အမရယ် …
    ကားဘီး ဖက်လိုက်သွားလဲ ဖြစ်တာပဲ ဟာကို … :mrgreen:

    Reply

    • manawphyulay

      January 16, 2012 at 3:46 pm

      မလုပ်ပါနဲ့ နဂိုထဲက ပိန်နေတာ ကားဘီးဖက်လိုက်သွားလို့ ပြားသွားပါဦးမယ်။ 😛

      Reply

  • myanmarcitizen

    January 16, 2012 at 1:39 pm

    “နေရာတိုင်းတွင် သင့်ကို အမြဲစောင့်ကြည့်နေသည်”
    ပိုက်ဆံတောင်းဖို့။ 🙂
    ပါရမီ ယာဉ်လိုင်းမှာတော့ ၂၀ဝ တန်လေးတွေပေးပေးနေတာတွေ့တယ်။

    Reply

  • bluerose

    January 16, 2012 at 2:47 pm

    အထူးကား အထူးကား
    နေ့တိုင်းအဲဒီအထူးကားကိုပဲတိုးစီးနေရတာ
    တခါခါဆိုအသက်တောင်မနည်းရှုရတယ်

    Reply

  • htoosan

    January 16, 2012 at 3:52 pm

    Q: “ထိုင်ခုံပြည့်သာ တင်ဆောင်ပါသည်။ လူပိုတင်ခွင့် မရှိပါ”
    A : ထိုင်ခုံပြည့်သာတင်ဆောင်ပါသည် ။လူပိုလည်းမတင်ပါ။ မယုံလျှင် ကြည့်ပါ။ အားလုံးကားထဲတွင်သာရှိပါသည် ။ ကားတွင်းမဆန့်သော ပိုနေသောသူများမတင်ပါ။ သေချာစေရန် မှန်များလည်း အလုံပိတ်ထားပါသည်။

    Q: “အကောင်းဆုံး ဝန်ဆောင်မှုပေးပါ”
    A: အကောင်းဆုံးဖြစ်အောင် အပိုဝန်ဆောင်မှု့ပါပေးပါသည်။ Steam Room/Sauna သွားစရာမလို။ ဆောင်းတွင်း ချွေးမငုတ်စေရန် ချွေးထုတ်ပေးပါသည်။

    Q:“အမျိုးသမီးများကို ဦးစားပေးပါ”
    A: လွန်စွာဦးစားပေးပါသည် ။ ကိုယ်ထိလက်ရောက်ကို ကူညီမှုပေးသည်ကို လူတိုင်းအသိဖြစ်ပါသည်။

    Q:“ခရီးသည်များသည် ထမင်းရှင်များဖြစ်သည်”
    A: မှန်ပါသည် ။ ထို့ကြောင့် ထမင်းရှင် အဖြစ်မှ မလျှော့ကျစေရန် ထိန်းသိမ်းသောအားဖြင့် အတတ်နိုင်ဆုံးပိုက်ဆံ ပြန်မအမ်းပါ။

    Q:“Air-Con အမြဲ ဖွင့်ထား။ မအေးလျှင် လိုင်းမထွက်ရ”
    A: အဲယားကွန်းခလုတ်များအားလုံးဖွင့်ထားပါသည် ။ အဲယားကွန်းအင်ဂျင်သာ နိူးမထားခြင်းဖြစ်ပါသည်။ လိုင်းမထွက်ပါ။ ကားသာ ထွက်ပါသည်။

    Q: “နေရာတိုင်းတွင် သင့်ကို အမြဲစောင့်ကြည့်နေသည်”
    A: သိပါသည် ။ ထို့ကြောင့်ကွမ်းယာထုတ်သော်၎င်း၊ နှစ်ရာတန် အကြွေများကို ၎င်း အမြဲတန်း အသင့်ဆောင်ရျ် ဆင်းပေးပါသည်။

    Reply

    • manawphyulay

      January 16, 2012 at 3:59 pm

      ၂၀ဝ နဲ့ မရဘူး။ ခုက ၅၀၀၊ ၁၀၀ဝ ခေတ်ဖြစ်နေပြီလေ…

      Reply

      • htoosan

        January 16, 2012 at 5:01 pm

        :mrgreen: ဖွက်ဖွက်ပြီး ပြေးပြီးပေးတော့ ဘယ်လောက်ပေးလိုက်မှန်းမသိပါဘူး ။ တစ်ခါတော့ နှစ်ရာတန်တွေ့လိုက်လို့ပါ… 😀

        Reply

  • intro

    January 16, 2012 at 4:07 pm

    ကားကလဲ ကြပ်၊ ဘေးကလူကလဲ ချွေးစော်ကလဲ နံ၊ သူ့အသားတွေကလဲ ရေမချိုးရသေးတော့ ပူ နေတယ်၊ ဒီရက်ပိုင်း ရာသီဥတုက အရမ်းအေးတော့ မနက်ပိုင်း ရေချိုးမလာတဲ့ သူတွေနဲ့တွေ့ရင်တော့ 🙂

    Reply

    • manawphyulay

      January 16, 2012 at 4:32 pm

      ဒီကြားထဲ အရက်သမားနဲ့တွေ့တာနဲ့ အမျိုးမျိုး ကြုံရတယ်လေ… သူတို့ကတော့ ဘေးဘီကို အားနာရကောင်းမှန်းမသိပါဘူး။ သူတို့ဘဝနဲ့သူတို့ပျော်လို့ပေါ့။ နောက်ပြီး မတ်တတ်ရပ်တာခြင်းအတူတူကို လာမှီတဲ့ သကောင့်သားက ရှိသေး….

      Reply

  • etone

    January 16, 2012 at 4:38 pm

    အစ်မမနောရေ …. ။ အထူးကားတွေက အစပိုင်းသာ ခုံပြည့်တင်တယ် ဘာညာ အော်နေကြတာ .. နောက်ပိုင်းကျတော့ .. အရေးယူမှုတွေ သိပ်မတင်းကြပ်တဲ့အခါ … ဘာမှ မထူးဘူး .. ရိုးရိုးကားနီးပါးပါပဲ … ။
    နေ့စဉ်နေ့တိုင်း ရုံးဆင်းချိန်ဆို လမ်း40နားလောက်ကတည်းက စပြီး 39/333 နဲ့ ရွှေဧည့်သည် 2 .. ဘယ်နေ့မှ နေရာလပ်တယ်မရှိဘူး … ။ ငါးပိအိုးတောင် သူ့လောက် မသိပ်ဘူး … ။
    အထူးကားမို့ ကြပ်တယ်လို့တော့မဟုတ်ဘူး … ရိုးရိုးကား တွေလည်း ကြပ်တာပဲ … ။

    အထူးကား မစီးချင်လည်း မရဘူး … ရိုးရိုးကားဆိုတာ … အရေတွက် အတော်ရှားသွားလို့ပါပဲ … ။
    ဖြစ်သင့်တာကတော့ အပြောနဲ့ အလုပ်ညီဖို့ပါပဲ …. အစပိုင်းသာ ဟုတ်မလိုလိုနဲ့ .. နောက်ပိုင်းတော့ ဒုံရင်းက ဒုံရင်းပဲ …ကားခသာ တက်သွားတာ … ။

    လူတွေရဲ့ အတ္တကြီးမှုကို ဘတ်စ်ကားစီးတဲ့အခါ တွေ့နိုင်တယ် ဆိုတာကြီးကတော့ .. လက်မခံပါဘူး … ။
    ကားမစီးတဲ့ လူတွေရဲ့ အတ္တကို တိုင်းတာဖို့ ယူနစ်တစ်ခုမဖြစ်နိုင်တာကြောင့်ရယ် … ကိုယ့်အတ္တကိုမှ ရှေ့တန်းတင်ပြီး မှ မလိုက်လျှင် အိမ်ပြန်မရောက်နိုင်တဲ့အချက်လည်း ပါသေးတာပေါ့ … ။

    ပလပ်စတစ်ခြင်းတောင်း ကွင်းချည်းပဲ လက်ထဲပါလောက်တဲ့ အခြေနေကတော့ …. ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေးမိတယ် …. ။
    1.ကားကြပ်တဲ့အခြေနေမှာ ဘယ်သူမှ ခြင်းတောင်းကိုအနောက်မှာ ထားမှာ မဟုတ်ဘူး ။ ဒါကြောင့် ပြုတ်လျှင်တောင် ပစ္စည်းတွေ ကိုယ့်ပေါ်ကျလျှင် သိနိုင်တယ် …။
    2.အမြဲသယ်နေကြခြင်းတခြင်းရဲ့ အလေးချိန်ကို မိမိကိုယ်သာ အသိဆုံးပါပဲ …။ ခြင်းရဲ့ အလေးချိန်နဲ့ လက်ကိုင်းချည်းပဲ အလေးချိန်က ကွာပါတယ် … ။
    3.ခြင်းတောင်းလက်ကိုင်တစ်ခု ပြိုင်တူပြုတ်ဖို့ဆိုတာ .. ကားဘယ်လောက်ကြပ်ကြပ်

    Reply

    • manawphyulay

      January 16, 2012 at 4:48 pm

      ခြင်းတောင် ကွင်းကြီးပဲပါတာ ဒိုင်နာကားစီးတုန်းက ဖြစ်တာ။ မယုံရင် စီးကြည့်ပါလား ဘယ်လိုပဲ ရှေ့မှာထားထား နောက်မှာထားထား ထွက်လို့ကိုမရတာ ညီမလေးရေ… ဆင်းခါနီးဖြစ်တာဆိုတော့ ထမင်းတွေကော အကုန်ကုန်တာပဲ။ တစ်ခုချင်းဆီပြန်ကောက်ရတယ်။ ခြင်းတောင် အမျိုးအစားပြောရဦးမလား ပလတ်စတစ်ခြင်းညီမလေးရေ… ခရီးနီးရင် ပြဿနာကြီးတာ မသိသာဘူး။ တစ်နေ့ကို ရုံးနဲ့ အိမ်နဲ့ ၁ နာရီ ၁၅ လောက်စီးနေရတဲ့ ဒုက္ခကိုတော့ နီးတဲ့သူက မသိသာပါဘူး။

      Reply

      • etone

        January 18, 2012 at 3:32 pm

        အဲ ….. အစ်မ မနော.. နည်းနည်းတော့ ရွှီးဘီ .. ဟီးဟီး … ။
        အင်းစိန်မှာနေတဲ့ လူ …ပန်းဆိုးတန်းမှာ အလုပ်ဆင်းတာ …. လိုင်းကားစီးသွားလို့လား .. ဆိုက်ကားစီးသွားလို့လားဟင် … ။

        ညီမတို့ စမ်းချောင်းမှာနေတဲ့ လူ …… လှိုင်သာယာကို ဘက်စ်ကားစီးလျှင် အမြန်ဆုံး 25မိနစ်နဲ့ … အနှေးဆုံး တစ်နာရီပဲ …… ။

        အထူးကားနဲ့ .. ဒိုင်နာနဲ့ကတော့ စပေ့ချင်းမတူလို့ …. ဒိုင်နာစီးတာ လူကြပ်လျှင် မစီးသင့်ဘူး … ။ တကယ့်အန္တရာယ်ပဲ … ။

        Reply

        • manawphyulay

          January 18, 2012 at 4:33 pm

          ဒါဆို အဲကားမစီးဖူးဘူးထင်တယ်နော် အင်းလေ လှိုင်သာယာက ဖယ်ရီပေးတာများကိုး။ မနက်ပိုင်းရုံးချိန် မြို့ထဲကို တစ်ခါလောက်စီးကြည့်ပါလား ညီမလေး…အခြေအနေသိရတာပေါ့နော်။ အမတို့က ဖယ်ရီမရှိသေးလို့ လိုင်းကားပဲစီးနိုင်ပါသေးတယ်။ မြန်ချင်ရင် တက်စီးငှားဆိုသလိုပေါ့ တက်စီမပြောနဲ့ ကားခေါင်းခန်းတောင် မစီးနိုင်သေးတဲ့ဘဝလေ…

  • True Answer

    January 16, 2012 at 5:02 pm

    လိုင်းကားစီးရတဲ့ဒုက္ခ မှ လွတ်မြောက်ရန်အတွက် စပယ်ယာအကြံပေးမှုကို ထောက်ခံပါသည်။

    ၁) တိုက်စီစီးရင်စီး
    ၂) သို့မဟုတ် ကိုယ်ပိုင်ကားစီးပါရန် း)

    Reply

    • manawphyulay

      January 16, 2012 at 5:13 pm

      ဒါဆို ဝယ်ပေးပါလား အစ်ကိုရေ တစ်စီးလောက်(စပယ်ယာတွေ ကျော်တက်လျှင် လှမ်းတောင်းသည့်အသံဖြင့်)…. 😛

      Reply

      • naywoonni

        January 16, 2012 at 6:53 pm

        မနောရေ့….။ ကားတစ်စီးလောက်ဝယ်ပေးရအောင် တို့ဆီမှာက ” ကထိန်” မဖြစ်ဘာမဖြစ်နဲ့ ….။ “ကထိန် ” ဖြစ်တဲ့ နှစ်ကျတော့ ကြိုက်တဲ့ကား လက်ညိုးထိုး ဝယ်ပေးမယ် စိတ်ချ….။ (ဒီမှာတော့ ကလေးတွေ အဲဒိလိုပဲ ချွေးသိပ်ထားကြတာပဲ…။ )

        Reply

  • ရွှေဘိုသား

    January 16, 2012 at 5:39 pm

    ဝယ်တော့မပေးနိုင်ဘူး အစ်မရေ ကားစီးရင် အရပ်ကပုတော့ အဆင်ပြေအောင် ကိုယ်ပိုင်သီးသန့်
    ဖယ်ရီ လေးစီစဉ်လိုက် အဲလိုသာထားလို့ကတော့ ဘယ်သူတွေဘာပြောပြော ကိုယ့်ဖယ်ရီ ရဲ့လက်ကလေးကိုင်ထား အေးဆေးပဲ နော်

    Reply

    • manawphyulay

      January 16, 2012 at 5:45 pm

      ဟောတော့ ဒီနည်းကလည်း ကောင်းသေးပါဘူးတော်… တစ်မျိုးစဉ်းစားပေးပါဦး။ အဲ ဟုတ်ပြီး ရွှေဘိုကနေ မြင်းတစ်စီးလောက်ပို့လိုက် ရွှေဘိုမြင်းရယ်နဲ့ ဒိ ကလောက် ဒိ ကလောက်ဆိုပြီး အဲဒါနဲ့ ရုံးသွားရရင်တော့ မဆိုးဘူးပဲ…. 🙂

      Reply

  • “ထိုင်ခုံပြည့်သာ တင်ဆောင်ပါသည်။ လူပိုတင်ခွင့် မရှိပါ”
    “အကောင်းဆုံး ဝန်ဆောင်မှုပေးပါ”
    “အမျိုးသမီးများကို ဦးစားပေးပါ”
    “ခရီးသည်များသည် ထမင်းရှင်များဖြစ်သည်”
    “Air-Con အမြဲ ဖွင့်ထား။ မအေးလျှင် လိုင်းမထွက်ရ”
    “နေရာတိုင်းတွင် သင့်ကို အမြဲစောင့်ကြည့်နေသည်”

    ရေးထားတဲ့အတိုင်းဘဲလေဗျာနော့။ဒါပေမယ့် လက်တွေ ့တွင် လိမ်နေသည်။
    ဟွန် ့နော် ဟွန် ့။

    Reply

  • Anzartone

    January 16, 2012 at 8:45 pm

    ရန်ကုန်မှာ မနက်ခင်း ရုံးသွားချိန် လိုင်းကား (အထူးကား အပါအဝင်) တိုးစီးရတဲ့ ဒုက္ခကို တကယ်ကို မြင်သာအောင် ရေးထားတာပါလား မမနောရေ … ။
    လူပိုတင်လို့ ပီကယ် ဖမ်းလို့ ကြပ်ညှပ်နေတဲ့ အထဲ အချိန် စောင့်နေရတာတွေ (ဒီကြားထဲ ပီကယ်က ရစ်နေရင် တော်တော်ဆိုးတယ်) ၊ မီးပွိုင့် နှစ်ခါပြန်၊ သုံးခါပြန် မိလို့ စောင့်ရတဲ့ ဒုက္ခတွေကလည်း တော်တော် ဆိုးတာပဲဗျို့။

    Reply

  • နွေးနွေး

    January 16, 2012 at 9:10 pm

    အစ်မရေးတာဖတ်ပြီးမောလိုက်တာ နယ်မှာလူလာဖြစ်တာကို ကျေးဇူူးတင်ရမလိုပဲ

    Reply

  • Kyithur Tun

    January 17, 2012 at 12:51 am

    “ထိုင်ခုံပြည့်သာ တင်ဆောင်ပါသည်။ လူပိုတင်ခွင့် မရှိပါ”
    “အကောင်းဆုံး ဝန်ဆောင်မှုပေးပါ”
    “အမျိုးသမီးများကို ဦးစားပေးပါ”
    “ခရီးသည်များသည် ထမင်းရှင်များဖြစ်သည်”
    “Air-Con အမြဲ ဖွင့်ထား။ မအေးလျှင် လိုင်းမထွက်ရ”
    “နေရာတိုင်းတွင် သင့်ကို အမြဲစောင့်ကြည့်နေသည်”
    ——————-နောက်ဆုံးစာသားကမိုက်တယ် xxxxx“နေရာတိုင်းတွင် သင့်ကို အမြဲစောင့်ကြည့်နေသည်”…..တဲ ့ သိပ်ကောင်းတဲ ့ကားတွေနော်

    Reply

  • yaungchikha

    January 17, 2012 at 10:17 am

    မနောရေ…… ကျနော်လည်း ရန်ကုန်မှာနေခဲ့တဲ့အချိန်က အဲ့လိုကားတိုးစီးရတဲ့ ဒုက္ခတွေရှိခဲ့တယ်၊ ဆံပင်ညှပ်တဲ့ ဆံညှပ်ဆို လူကြားတိုးထွက်ရင်းနဲ့ ပြုတ်ပြုတ်ကျတာပဲ၊ ကားသမားတွေက ပိုက်ဆံအအမ်း မပေးလို့ မတောင်းရဲပဲ ဒီတိုင်းဆင်းခဲ့ရတဲ့ရက်တွေလည်းရှိတယ်၊ မနောအဖြစ်ကို ကိုယ်ချင်းစာပါတယ်၊ အခုလိုမနော ရေးပြတာလေးဖတ်ရတော့ ကိုယ်တိုင်ကြုံခဲ့တဲ့ ကားတိုးစီးခဲ့တာကို အမှတ်ရမိပါတယ်………

    Reply

  • htet way

    January 17, 2012 at 1:40 pm

    အင်းကားပြဿနာကလည်း ရန်ကုန်မှာရှိနေတယ်ဆိုတော့
    တို့များတောမှာ နေတာကောင်းပါတယ်လေ
    အေးတုတ်ရေ..မောင်ကြီးပြန်လာပြီဟေ့…။တို့ထမင်းတလုပ်တော့ ထင်းခုတ်စားတာပေါ့လေ

    Reply

  • snow white

    February 29, 2012 at 1:36 pm

    ညီမတို့ဒုတ်ိယနှစ်ဝက်လောက်မှာပေါ့အထူး ကားပေါ်တယ် ညီမတို့တွေလည်း အံငါတို့တွေတော့တက္ကသိုလ် တက်တာအဆင့်မြင့်ပြီပေါ့ သက်သောင့်သက်သာစီးပြီး ကျောင်းတက်ရတော့မယ်ပေါ့ အမလေးစိတ်ကူး ယဉ်မိပါတယ် သူငယ်ချင်းတွေကလည်းဟဲ့ ငါ့တို့တွေင်္ဒီနေ့အထူးကားစီးပြီး ကျောင်းသွားမယ်နော် ဆိုတော့ညီမကလည်း နင်တို့စီးရင်စီးမယ်ပေါ့ အဲဒါနဲ့အထူးကားစီးကျတာပေါ့လေ ညီမတို့ က5ကွေ့မှတ်တို်င်ကစီးရတာလေ 5ကွေ့မှတ်တို်င်ကလူနဲနဲလည်းများတယ်လေ အဲဒိမှာပြသနာကစတာဘဲ ကျူတိုတီရယ်ကလည်း ဖြေဖို့နီးနေပြီဆိုတော့အထူးကားကလည်းမြန်မြန်တယ်ပြောနေတာနဲ့တက်မယ်ဟိုမှာ အထူးကားလာနေပြီဆိုတော့ညီမတို့သူငယ်ချင်းတွေလည်း ဒီအထူးကားပေါ်တက်ကျတာပေါ့ ညီမတို့ သူငယ်ချင်းအဖွဲ့ကအရင်တက်တော့ညီမတို့တွေကိုတိုးခို်င်းတော့တာပါဘဲခရီးသည်တွေကိုသူတို့တွေကမတရား တင်တာအမှန်ဘဲမမမနော ညီမအဲဒိတခါစီးပြီးထဲကအထူးဆိုတာဒီလိုပါလားပေါ့နောက်လည်းအမှတ်သည်းခြေမရှိပါဘူးခုထိလည်းစီး နေရပါတယ်

    Reply

  • snow white

    February 29, 2012 at 1:42 pm

    ညီမတို့ဒုတ်ိယနှစ်ဝက်လောက်မှာပေါ့အထူး ကားပေါ်တယ် ညီမတို့တွေလည်း အံငါတို့တွေတော့တက္ကသိုလ် တက်တာအဆင့်မြင့်ပြီပေါ့ သက်သောင့်သက်သာစီးပြီး ကျောင်းတက်ရတော့မယ်ပေါ့ အမလေးစိတ်ကူး ယဉ်မိပါတယ် သူငယ်ချင်းတွေကလည်းဟဲ့ ငါ့တို့တွေင်္ဒီနေ့အထူးကားစီးပြီး ကျောင်းသွားမယ်နော် ဆိုတော့ညီမကလည်း နင်တို့စီးရင်စီးမယ်ပေါ့ အဲဒါနဲ့အထူးကားစီးကျတာပေါ့လေ ညီမတို့ က5ကွေ့မှတ်တို်င်ကစီးရတာလေ 5ကွေ့မှတ်တို်င်ကလူနဲနဲလည်းများတယ်လေ အဲဒိမှာပြသနာကစတာဘဲ ကျူတိုတီရယ်ကလည်း ဖြေဖို့နီးနေပြီဆိုတော့အထူးကားကလည်းမြန်မြန်တယ်ပြောနေတာနဲ့တက်မယ်ဟိုမှာ အထူးကားလာနေပြီဆိုတော့ညီမတို့သူငယ်ချင်းတွေလည်း ဒီအထူးကားပေါ်တက်ကျတာပေါ့ ညီမတို့ သူငယ်ချင်းအဖွဲ့ကအရင်တက်တော့ညီမတို့တွေကိုတိုးခို်င်းတော့တာပါဘဲခရီးသည်တွေကိုသူတို့တွေကမတရား တင်တာအမှန်ဘဲမမမနော ညီမအဲဒိတခါစီးပြီးထဲကအထူးဆိုတာဒီလိုပါလားပေါ့နောက်လည်းအမှတ်သည်းခြေမရှိပါဘူးခုထိလည်းစီး နေရပါတယ် မမမမနောနဲ့အတူတူပါဘဲ

    Reply

  • snow white

    February 29, 2012 at 1:42 pm

    ညီမတို့ဒုတ်ိယနှစ်ဝက်လောက်မှာပေါ့အထူး ကားပေါ်တယ် ညီမတို့တွေလည်း အံငါတို့တွေတော့တက္ကသိုလ် တက်တာအဆင့်မြင့်ပြီပေါ့ သက်သောင့်သက်သာစီးပြီး ကျောင်းတက်ရတော့မယ်ပေါ့ အမလေးစိတ်ကူး ယဉ်မိပါတယ် သူငယ်ချင်းတွေကလည်းဟဲ့ ငါ့တို့တွေင်္ဒီနေ့အထူးကားစီးပြီး ကျောင်းသွားမယ်နော် ဆိုတော့ညီမကလည်း နင်တို့စီးရင်စီးမယ်ပေါ့ အဲဒါနဲ့အထူးကားစီးကျတာပေါ့လေ ညီမတို့ က5ကွေ့မှတ်တို်င်ကစီးရတာလေ 5ကွေ့မှတ်တို်င်ကလူနဲနဲလည်းများတယ်လေ အဲဒိမှာပြသနာကစတာဘဲ ကျူတိုတီရယ်ကလည်း ဖြေဖို့နီးနေပြီဆိုတော့အထူးကားကလည်းမြန်မြန်တယ်ပြောနေတာနဲ့တက်မယ်ဟိုမှာ အထူးကားလာနေပြီဆိုတော့ညီမတို့သူငယ်ချင်းတွေလည်း ဒီအထူးကားပေါ်တက်ကျတာပေါ့ ညီမတို့ သူငယ်ချင်းအဖွဲ့ကအရင်တက်တော့ညီမတို့တွေကိုတိုးခို်င်းတော့တာပါဘဲခရီးသည်တွေကိုသူတို့တွေကမတရား တင်တာအမှန်ဘဲမမမနော ညီမအဲဒိတခါစီးပြီးထဲကအထူးဆိုတာဒီလိုပါလားပေါ့နောက်လည်းအမှတ်သည်းခြေမရှိပါဘူးခုထိလည်းစီး နေရပါတယ် မမမမနောနဲ့အတူတူပါဘဲလိုင်းကားတိုးစီးနေရတု

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.