ကရင်ဒေသ အပစ်ရပ်ရန် သဘောတူ

Charm BoyJanuary 13, 20121min03

အစိုးရ နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ ဘားအံမြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရန် အတွက်သဘောတူ လိုက်ကြသည်။

ယမန်နေ့က ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်းတခု (ဓာတ်ပုံ – ဧရာဝတီ)

သဘောတူညီချက်များတွင် ဆက်ဆံရေးရုံးများ ဖွင့်ရန်၊ ထိန်းချုပ်နယ်မြေတွင် ဖြတ်သန်းသွားလာသည့်အခါ လက်နက် ကိုင်ဆောင်ခြင်း မပြုရန်တို့လည်း ပါဝင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးငွေစိုးက ဧရာဝတီသို့ ပြောသည်။

မြန်မာပြည်အနှံ့ အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊  လုပ်အားပေး စေခိုင်းခြင်း မပြုလုပ်ရန် စသဖြင့် အချက် ၁၁ ချက်ကိုလည်း KNU က တောင်းဆိုထားသည်။

“ဆက်လက် ဆွေးနွေးဖို့ ရှိသေးတယ်၊ အဲဒီ ၁၁ ချက်မှာ ပါတဲ့ မူဝါဒတွေ၊ ဒါတွေ အကုန်လုံးကို ပြည်ထောင်စု အဆင့်မှာ တခုစီ ဖြေရှင်းသွားမယ်” ဟု Dawei Princess ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးငွေစိုးကဆိုသည်။

ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို ၄၅ ရက် အတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

KNU မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် တချို့နှင့် ပြည်ထောင်စု ဝန်ကြီး အဆင့် ရထား ဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့က လက်မှတ်ရေးထိုးကြကြောင်း ဦးငွေစိုးက ပြောသည်။

ယမန်နေ့ညက ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင် နှစ်ဘက်ကိုယ်စားလှယ်တို့ တွေ့ဆုံပြီး ညစာစားခဲ့ကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဝန်ကြီး ဦးအောင်မင်းက KNU တပ်ဖွဲ့မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင်ထားခဲ့သည်။

နိုဝင်ဘာ ၁၉ နှင့် ၂ဝ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌   ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့်  KNU ခေါင်းဆောင်တချို့ အလွတ်သဘော ညှိနှိုင်းခဲ့ကြောင်း သိရသည်။

KNU သည် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးတို့ အတွက် အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။

KNU လှုပ်ရှားသည့် ထိုင်းမြန်မာနယ်စပ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြန်မာပြည်မြောက်ပိုင်း ကချင် လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်သည့် နေရာများတွင် တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားနေသည်မှာ ရ လ ကြာပြီ ဖြစ်သည်။

 

by ဧရာဝတီ

3 comments

  • Thel Nu Aye

    January 13, 2012 at 4:37 pm

    ၂၀၁၁ နှစ်ကုန်ပိုင်းမှာ စိတ်မကောင်းစရာ သတင်းတွေနဲ့ နှစ်တနှစ် ကိုနှုတ်ဆက်ခဲ့ရ တာ။ တော်တော်လေးစိတ်ပင်ပန်းခဲ့ရသလောက် ၂၀၁၂ အဖွင့်ကတော့မင်္ဂလာသတင်းတွေနဲ့ ဖွင့်လို့စိတ်ချမ်းသာဝမ်းသာရပါတယ်။ သမ္မတကြီးစိတ်ချမ်းသာကိုယ်ကျမ်းမာစွာဖြင့်နိုင်ငံ့ အကျိုး၊ပြည်သူ့အကျိုးကိုဆထက်တံပိုးဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

    Reply

  • windtalker

    January 13, 2012 at 9:36 pm

    နယ်မြေ အကုန် ငြိမ်းချမ်းမှု ရသွားရင်တော့
    အခြေခံ လူတန်းစားတွေ အတွက် အလုပ်အကိုင် အခွင့်အလန်းတွေ အများကြီး ပေါ်ထွန်းလာမှာ အမှန်ဘဲဗျို ့

    Reply

  • thit min

    January 15, 2012 at 2:51 pm

    ကောင်းတယ်လို့တော့ပြောလို့ရပါတယ်။
    ပိုကောင်းအောင်ကတော့ ဆက်လက်ထိန်းသိန်းနိုင်မှုလိုပါသည်။
    တည်ဆောက်နိုင်ဘို့လိုသလို ထိန်းသိမ်းနိုင်မှုက ပိုပြီးလိုတယ်ခင်ဗျ။

    Reply

Leave a Reply to Thel Nu Aye Cancel Reply

Your email address will not be published.