သီရိလင်္ကာနှင့် Sunday Dhamma School

တစ်ချိန်က တမ္ဗပဏ္ဏိဟု အမည်ရခဲ့သော သီရိလင်္ကာကျွန်းနိုင်ငံငယ်လေးသို့ နောင်တစ်ချိန်တွင် သာသနာထွန်းကားလာမည်ကို ကြိုတင်သိရှိတော်မူသည့်အတွက် မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က သုံးကြိမ်သုံးခါ ကြွရောက်ချီးမြှင့်ခဲ့သည်ဟု ဒီပဝံသ၊ မဟာဝံသစသော သီဟိုဠ်ရာဇဝင်များက ဆိုလေသည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် ဘီစီ(၃)ရာစုတွင်လည်း သီရိဓမ္မာသောကမင်း၏စေလွှတ်မှုဖြင့် သားတော်အရှင် မဟာမဟိန္ဒသည်လည်း သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွရောက်တော်မူခဲ့ကြောင်း အသောကကျောက်စာ၊ သမန္တပါသာဒိကအဋ္ဌကထာနှင့် ဝံသကျမ်းများအရ သိရသည်။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓသာသနာ့အဆုံးအမကို အစောဆုံးလက်ခံရရှိသော ပင်လယ်ရပ်ခြား တိုင်းနိုင်ငံဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သို့ရာတွင် ရှည်ကြာလှသော သမိုင်းကာလတစ်လျှောက်တွင် သီရိလင်္ကာဗုဒ္ဓသာသနာသည် တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြင့် ဖွံ့ထွားထွန်းကားလာသည်တော့ မဟုတ်ပေ။ အနုရာဓပူရခေတ်၊ ပေါလောနရုဝခေတ်၊ ကန္ဒီခေတ် အစရှိသော ခေတ်အဆက်ဆက်တွင် သူပုန်ရန်များ၊ မင်းဆိုးမင်းညစ်တို့၏ရန်များ၊ ရဟန်းဆိုးတို့၏ရန်များ၊ အယူမတူသူတို့၏ရန်များ၊ တိုင်းတစ်ပါးသားတို့၏ရန်များစသည်ဖြင့် အတွင်းအပြင် အန္တရာယ် ရန်စွယ်တို့အကြားမှ ခက်ခက်ခဲခဲ ထွန်းလင်းခဲ့ရလေသည်။ ဤသို့ ပွင့်လင်းထွန်းကားခဲ့သော သာသနာ့အသီးအပွင့်များစွာတွင် တနင်္ဂနွေ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း (Sunday Dhamma School)သည်လည်း သီရိလင်္ကာသာသနာ့သစ်ပင်ကြီးတွင် သစ်သီးတစ်လုံးအဖြစ် အခက်အခဲများကြားက ပါဝင်သီးပွင့်ခွင့်ရခဲ့လေသည်။

သီရိလင်္ကာနိုင်ငံသည် နှစ်ပေါင်းလေးရာကျော်မျှ ကိုလိုနီနယ်ချဲ့တို့၏လက်အောက်သို့ ကျရောက်ခဲ့ရ၏။ ထိုအတောအတွင်း ဗုဒ္ဓသာသနာရောင်ဝါမှာလည်း အလွန်မှေးမှိန်ခဲ့ရ၏။ (၁၅ဝ၅)ခုနှစ်တွင် ပေါ်တူဂီတို့လက်အောက်သို့ ကျရောက်၍ (၁၆၅၆)ခုနှစ်တွင် ဒတ်ချ်တို့၏ သိမ်းပိုက်ခြင်းကိုခံရသည်။ (၁၈၁၅)ခုနှစ်မှ လွပ်လပ်ရေးရချိန် (၁၉၄၈)ခုနှစ်အထိ အင်္ဂလိပ်လက်အောက်တွင် ရှိနေခဲ့သည်။ ဒတ်ချ်တို့ သိမ်းပိုက်သည်မှစ၍ ခရစ်ယာန် သာသနာပြုများ နိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာကာ နိုင်ငံ၏ပညာရေးကို ဦးစီးချုပ်ကိုင်ထားကြလေသည်။ ထို့နောက် လွန်ခဲ့သောနှစ်ပေါင်း (၂၁ဝဝ)ခန့်၊ ဒုဋ္ဌဂါမဏိမင်းကြီး လက်ထက်ကတည်းက နိုင်ငံတော်အားလပ်ရက်အဖြစ် သတ်မှတ်ခဲ့သော Poy Day(ဥပုသ်နေ့)ကို မျက်ကွယ်ပြုကာ တနင်္ဂနွေနေ့ကို အားလပ်ရက်အဖြစ် သတ်မှတ်ခဲ့လေသည်။ ထိုမျှမကသေး ဗုဒ္ဓဘာသာဝင်များအပေါ်တွင် ကန့်သတ်ချုပ်ခြယ်မှုများ ပြုလုပ်လာကာ ကလေးငယ်များမှာလည်း ခရစ်ယာန် ကက်သလစ်စာသင်ကျောင်းများသို့ မဖြစ်မနေတက်ရောက်ရလေသည်။ ဤသို့ဖိနှိပ်ချုပ်ခြယ်မှုများသည် နောင်တစ်ချိန်တွင် ဗုဒ္ဓဘာသာဓမ္မကျောင်းများ ထွန်းကားတိုးတက်လာခြင်း၏ အကြောင်းရင်းများ ဖြစ်လာခဲ့သည်။ Sunday Schoolဟုဆိုလိုက်လျှင် ကမ္ဘာအရပ်ရပ်၌ ခရစ်ယာန်ဘာသာရေးကျောင်းများကိုသာ လူသိများကြသည်။ ထို့ကြောင့် တနင်္ဂနွေနေ့တွင်ပင် ကျင်းပသည်မှန်သော်လည်း အများသိ Sunday Schoolနှင့် ကွဲပြားမှုရှိစေရန် Dhamma Schoolဟု ဗုဒ္ဓဘာသာအတွက် ပိုမိုထင်ရှားသော အမည်တစ်မျိုးဖြင့် ခေါ်ဆိုခြင်း ဖြစ်နိုင်ပေသည်။ (ဤဆောင်းပါးတွင်မှု အဆိုပါအမည်နှစ်မျိုးကိုပေါင်း၍ Sunday Dhamma Schoolဟု ခေါ်ဝေါ်သုံးစွဲထားသည။်)

သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓသာသနာတွင် ထေရဝါဒပိဋကတ်ကို ပေထက်အက္ခရာတင်ရာတွင် ပထမဆုံး၊ သာသနာ့အလံဖြစ်ပေါ်ဖို့ ဆောင်ရွက်ရာတွင် ပထမဆုံး၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို တစ်ကမ္ဘာလုံးတွင် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလပ်ရပ်အဖြစ်သတ်မှတ်ရေး ဆောင်ရွက်ရာတွင်လည်း အဦးဆုံး၊ အဋ္ဌကထာများကို မိမိကိုယ်ပိုင်ဘာသာဖြင့် ပြန်ဆိုရာတွင်လည်း အရင်ဦးဆုံး၊ သီဟိုဠ်ဘာသာမှ မဂဓ(ပါဠိ)ဘာသာကို ပြန်ဆိုရာတွင်လည်း အခြေချရာနေရာ စသည်၊စသည်ဖြင့် ဗုဒ္ဓဘာသာလောကတွင် လေးစားလောက်ဖွယ် သမိုင်းကြောင်းများ ရှိခဲ့သောနိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် အထူးသဖြင့် ဥရောပနိုင်ငံများတွင် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားစေရန် အစအမွန်အုတ်မြစ်ကို အခိုင်အမာ ချခဲ့ကြသူများမှာလည်း သီရိလင်္ကာသာသနာပြုများပင်ဖြစ်လေသည်။ ထေရဝါဒနိုင်ငံများတွင်လည်း ခရစ်ယာန်ဘာသာဝင်များကဲ့သို့ တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို သင်ကြားပေးသော ပထမဆုံးနိုင်ငံသည် သီရိလင်္ကာနိုင်ငံပင် ဖြစ်နေပြန်ပါသည်။

ထိုသို့ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး အဦးအစ အုတ်မြစ်များချခဲ့သော တိုင်းပြည်တွင် တိုင်းတစ်ပါးသား ကိုလိုနီတို့၏ အုပ်ချုပ်မှုသည်လည်း အခြားသောထေရဝါဒတိုင်းပြည်များနှင့်မတူ တစ်မူထူးခြားစွာ ရာစုနှစ်လေးခုကျော် ဖြစ်ခဲ့သည်။ ထိုသို့ တိုင်းတစ်ပါးသားတို့၏လက်အောက် သို့ နှစ်ပေါင်းများစွာကျရောက်ခဲ့ရသော်လည်း သီဟိုဠ်ပြည်သူတို့၏ ဘာသာရေးအသိပညာမှာ တိမ်ကောပပျောက်သွားခြင်း မရှိခဲ့သည့်အပြင် ပိုမို၍ခိုင်မာနေသကဲ့သို့ပင် ဖြစ်နေပါသည်။ ထိုသို့ ဖြစ်နေရသည်မှာ ဤနိုင်ငံတွင် တနင်္ဂနွေနေ့တိုင်း တိုင်းသူပြည်သားတို့အား ဗဟိုပြုပြီး အသင်းအဖွဲ့ကို ဗဟိုမပြုသော ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများကို ဘုန်းတော်ကြီးကျောင်းတိုင်းတွင် Sunday Dhamma Schoolအဖြစ် သင်ကြားပို့ချပေးနေသောကြောင့် ဖြစ်နိုင်ပေသည်။ သီရိလင်္ကာနိုင်ငံ၏ လက်ရှိ တနင်္ဂနွေဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းမှာ အားရဖွယ်ကောင်းလှသည်။ တနင်္ဂနွေနေ့တိုင်း မိမိတို့ရပ်ကွက်၊ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများတွင် သင်တန်းသူသင်တန်းသား ဗုဒ္ဓဘာသာ ရင်သွေးကလေးများဖြင့် ပြည့်နှက်နေလေ့ရှိပြီး သင်တန်းများကို မနက်(၈)နာရီမှ (၁၂)နာရီအထိ သင်ကြားပေးလေ့ရှိပါသည်။

တနင်္ဂနွေ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် သင်ကြားသောဘာသာရပ်များမှာ များသောအားဖြင့် ဗုဒ္ဓဘာသာ အကြောင်းအရာများသာဖြစ်ပြီး ယေဘုယျအားဖြင့် ဆင်ဟာလဘာသာစကားဖြင့် သင်ကြားပေးသည်။ ဆင်ဟာလဘာသာစကားမတတ်သော အချို့ ဆင်ဟာလကပြား ကလေးငယ်များ အတွက် အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားပေးကြသော ဘုန်းတော်ကြီးကျောင်းများလည်းရှိပါသည်။

တနင်္ဂနွေ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများအတွက် သီရိလင်္ကာအစိုးရက ပြဋ္ဌာန်းထားသောစာအုပ်များမှာ (၁)တန်းမှ (၁ဝ)တန်းအထိ (၁)တန်းလျှင် တစ်အုပ်ကျစီဖြင့် (၁ဝ)အုပ်၊ (၁၁)တန်းနှင့် (၁၂)တန်းတို့အတွက် (၄)အုပ်စီဖြင့် (၈)အုပ်ဖြစ်ပါသည်။ အစိုးရမှ တရားဝင်ပြဋ္ဌာန်းထားသော စာအုပ်များတွင် ပထမတန်းနှင့် စတုတ္ထတန်းအတွက်သာ အင်္ဂလိပ်ဘာသာဖြင့် ရှိပါသည်။ သို့ရာတွင် အတန်းစုံအတွက် အခြားပုဂ္ဂလိကစာရေးဆရာများ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသောစာအုပ်များမှာ များစွာရှိပါသည်။ ဤတနင်္ဂနွေ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို သီရိလင်္ကာသားတို့က စတင်တည်ထောင်ခဲ့သည်တော့ မဟုတ်ပေ။ ပထမဆုံးသင်တန်းကို အမေရိကန် ဗိုလ်မှူးကြီး ဟင်နရီ စတီးလ် အော်လကော့တ် (Colonel Henry Steele Olcott)ဆိုသူက (၁၈၈၆)ခုနှစ်၊ ဂေါလ်မြို့ ဝိဇယာနန္ဒပရိဝေနစာသင်တိုက် (Vijayananda Pirivena)တွင် စတင်ဖွင့်လှစ် သင်ကြားခဲ့သည်။ ပထမဦးဆုံး စာမေးပွဲကျင်းပရေးအဖွဲ့ (Examination Syndicate)ကို ပထမဆုံး ဗုဒ္ဓဘာသာကောလိပ်ဖြစ်သော အာနန္ဒာကောလိပ်၏ဥက္ကဋ္ဌ Mr.C. W Leadbeaterက ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် ထင်ရှားသောဆရာတော်များမှာ Dodanduwe Piyaratanaနှင့် Koratota Sobitaတို့ ဖြစ်ပါသည်။

အစောပိုင်းနှစ်များတွင် စာမေးပွဲများကို အစိုးရက ဦးဆောင်ကျင်းပပေးခြင်း မရှိပေ။ (၁၉၂ဝ-၂၁)ခုနှစ်မှ စတင်ကာ (၁၉၇ဝ)ခုနှစ်အထိ နှစ်ပေါင်း(၅ဝ)တိုင် YMBA အသင်းကြီးက မိမိတို့အသင်းသို့ စာရင်းပေးသွင်း လာသော ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျင်းပပေးခဲ့သည်။ ထို (၁၉၂ဝ-၂၁)ခုနှစ်တွင် ကျောင်းပေါင်း(၂၇)ကျောင်း စာရင်းပေးသွင်းခဲ့ပြီး ကျောင်းသားဦးရေ (၃၇၄)ယောက်ဖြင့်စတင်ခဲ့ကာ (၁၉၇ဝ)ခုနှစ်တွင် သုံးသိန်းအထိ တိုးတက်လာခဲ့သည်။ (၁၉၂၆)ခုနှစ်တွင် ကျောင်းသာ၊ ကျောင်းသူများအတွက်သာမက ဆရာ၊ ဆရာများအတွက်ပါ စာမေးပွဲများ ကျင်းပပေးခဲ့ပါသည်။ ထိုသို့ကျင်းပ၍ အောင်မြင်သောသူများကို ဆုငွေများချီးမြှင့်၍ ရမှတ်အများဆုံးဖြင့်အောင်မြင်သူကို ရွှေတံဆိပ်ဆု ချီးမြှင့်ပေးခဲ့ပါသည်။

(၁၉၇၁)ခုနှစ်မှ (၁၉၇၉)ခုနှစ်အထိ အစိုးရက စာမေးပွဲများကို ကျင်းပပေးခဲ့ပြီး (၁၉၇၉)ခုနှစ်တွင် YMBAအသင်းသို့ ပြန်လည်ပေးအပ်ခဲ့ကာ ကျင်းပစေခဲ့ပါသည်။ ထိုသို့ကျင်းပပြီး အတန်းအသီးအသီးတွင် ထူးချွန်သောကျောင်းသား သုံးယောက်စီကို ဘိုရဲလား(Borella)မြို့နယ်ရှိ ရုံးချုပ်တွင် ပြန်လည်ယှဉ်ပြိုင်စေကာ အမှတ်အများဆုံးရသူများကို အသင်း၏နှစ်ပတ်လည်နေ့တွင် ဆုများချီးမြှင့်ပေးပါသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလများတွင် ထိုသို့အသင်းအဖွဲ့က သင်တန်းများနှင့် စာမေးပွဲများကို ကျင်းပပေးနေစဉ် အစိုးရဘက်ကလည်း စာရေးကိရိယာများ၊ အဝတ်အစားများ ထောက်ပံ့ခြင်း၊ မေးခွန်းလွှာများ ထုတ်ပေးခြင်း၊ အောင်လက်မှတ်များ ထုတ်ပေးခြင်း၊ Sunday Dhamma Schoolကို (၆)တန်းအဆင့်မှ (၁၂)တန်းအဆင့်အထိ စာမေးပွဲများကို အစိုးရလက်အောက်ခံ သာသနာရေးဝန်ကြီးဌာန၌ ကျင်းပပေးခြင်းတို့ဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့သည်။

(၂ဝဝ၇)ခုနှစ်တွင်စ၍ ယခုအချိန်ထိ အစိုးရသာသနာရေးဝန်ကြီးဌာနက (၆)တန်းမှ (၁၀)တန်းအထိ သင်တန်းများအတွက် စာမေးပွဲများကို နှစ်စဉ်ကျင်းပပေးလျက် ရှိသည်။ (၁၁)တန်းနှင့်(၁၂)တန်း စာမေးပွဲများကိုမှု သာသနာရေးဝန်ကြီးဌာနက ကျင်းပပေးသည်မဟုတ်ဘဲ ပညာရေးဝန်ကြီးဌာနက ကျင်းပပေးပါသည်။ (၁၁)တန်းနှင့်(၁၂)တန်း အောင်မြင်ပြီးသူများကို သီရိဇယဝဒနပူရတက္ကသိုလ် (University of Sri Jayawardanapura)သို့ တိုက်ရိုက်တက်ခွင့်ရနိုင်အောင်လည်း စီစဉ်ပေးထားပါသည်။

တနင်္ဂနွေ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်ခြင်းသည် ဗုဒ္ဓတရာတော်များနှင့်အညီ ယဉ်ကျေးသော ခေတ်မီလူ့ အဖွဲ့အစည်းများ ဖြစ်ပေါ်စေရေးအတွက်ပင် ဖြစ်သည်။ ထိုသင်တန်းများ၏ အကျိုးကျေးဇူးကြောင့် ကလေးငယ်များသည် ရဟန်းသံဃာများနှင့် နီးနီးကပ်ကပ်ထိတွေ့ဆက်ဆံခွင့်ရကာ ဗုဒ္ဓဘာသာကို ကောင်းစွာသဘောပေါက် နားလည်လာကြသည်။ ထိုသို့ နားလည်လာသည့်အလျောက် ယဉ်ကျေးသောလူ့အဖွဲ့အစည်းများ ဖြစ်လာကြပါသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းများဖြစ်လာသဖြင့်လည်း ရာဇဝတ်မူများ နည်းပါးလာသည်။ ထိုသို့ရာဇဝတ်မှုများ နည်းပါးလာသည့်အတွက် အေးချမ်းသာယာသော လူ့အဖွဲ့အစည်းအဖြစ်ပါ ရပ်တည်လာနိုင်ပါသည်။ ဗုဒ္ဓတရားတော်များ၏ အဆုံးအမများအောက်တွင် ကြီးပြင်းလာကြသောကြောင့် သားဆိုးသမီးဆိုးများ ဖြစ်မလာနိုင်ပါ။ သားဆိုးသမီးဆိုးများမှကင်းသော မိဘများဖြစ်ကြသောကြောင့်လည်း စိတ်ချမ်းမြေ့ဖွယ် လူ့အဖွဲ့အစည်းကို ပိုင်ဆိုင်လာရပါသည်။ သားဆိုးသမီးဆိုးများမဖြစ်အောင် သင်ကြားပေးသည့်အတွက်လည်း သားသမီးရှင်မိဘများမှ သာသာနာတော်အား အတုံ့အလှည့်အားဖြင့် စောင့်ရှောက်ကြသောကြောင့် သာသနာလည်း စည်ပင်ပြန့်ပွားလာရပါသည်။

ဗုဒ္ဓသာသနာ မကွယ်ပျောက်အောင်၊ သာသနာတိုးပွားစည်ပင်အောင် လုပ်ဆောင်ရမည့် အဓိကတာဝန်ရှိသူများမှာ ရဟန်းသံဃာတော်များပင်ဖြစ်သည်။ သို့ရာတွင် တနင်္ဂနွေ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများတွင် ဗုဒ္ဓဘာသာနှင့်စပ်သော သဘောတရားများကို သင်ကြားပေးထားသည့်အတွက် လူဝတ်ကြောင်များကလည်း ဗုဒ္ဓဘာသာနှင့်ပတ်သက်လာလျှင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရသည်။ ဘာသာရေးကို ကောင်းမွန်စွာနားလည်ပြီး ဖြစ်သောကြောင့်လည်း စီးပွားရေးကြပ်တည်းမှု စသည့်အခြေအနေများတွင် ဘာသာခြားတို့က ဆွဲဆောင်သိမ်းသွင်းလာပါက ဘာသာပြောင်းသွားကြသည်ဟု သိပ်မကြားရပေ။

တနင်္ဂနွေ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ၏ အကျိုးကျေးဇူးတို့မှာ များပြားလှပါသည်။ အချုပ်ဆိုရသော် သီရိလင်္ကာနိုင်ငံ၏ လူ့အဖွဲ့အစည်းသည် ဗုဒ္ဓတရားတော်များ၏ အဆုံးအမအောက်တွင် ယဉ်ကျေးသော လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိပေသည်။ “အပင်စိုက်လျှင် အသီးကို စားရအံ့’’ဆိုသကဲ့သို့ သီရိလင်္ကာနိုင်ငံ၏ မျိုးဆက်သစ်တို့သည်လည်း ဉာဏ်အမြော်အမြင်ကြီးမားသော ရှေးဘိုးဘွားတို့ စိုက်ပျိုးခဲ့သည့် ယဉ်ကျေးမှုအသီးအပွင့်များကို စားသုံးနေရသည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ ထို့ကြောင့် ထေရဝါဒဗုဒ္ဓဘာသာကို ကြည်ညိုမြတ်နိုးသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် နိုင်ငံ့ခေါင်းဆောင်းများ အားလုံးတို့သည် တနင်္ဂနွေ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း (Sunday Dhamma School)များ ဖြစ်မြောက်အောင် ကြိုးစားသင့်လှပါကြောင်း တင်ပြလိုက်ရပါသည်။

အရှင်ရာဇိန္ဒာလင်္ကာရမှ သီရိလင်္ကာရောက် မြန်မာရဟန်းတော်များထုတ်ဝေသော တတိယအကြိမ် လင်္ကာတမန် မဂ္ဂဇင်းတွင် ရေးသားတင်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။

တတိယအကြိမ်မြောက် ထုတ်ဝေသည့်ဤဆောင်းပါးနဲ့တကွ သီရိလင်္ကာနိုင်ငံ ယဉ်ကျေးမှု၊ ဓလေ့ထုံစံ၊ ထင်ရှားသော သာသနာ့သမိုင်းဝင်များနဲ့၊ စေတီပုထိုး၊ သာသနာ့အဆောက်အဦးများ၊ ကျောင်းသားဘဝဟာသများ၊ သီရိလင်္ကာတက္ကသိုလ်များအကြောင်း၊ သီရိလင်္ကာပညာသင် မြန်မာရဟန်းတော်များရဲ့ ဘဝအကြောင်း၊ အင်္ဂလိပ်စာဆောင်းပါးများစသည့် သုတ၊ ရသ၊ ကဗျာတို့စုံလင်စွာဖြင့် သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ ရေးသားထားကြတဲ့ လင်္ကာတမန်မဂ္ဂဇင်းကို စာဖတ်ပရိသတ်များ အားပေးဝယ်ယူခြင့်ဖြင့် မိမိတို့မှာ အသိပညာဗဟုသုတရတဲ့အပြင် နောက်နှစ်တွေမှာ ထုတ်ဝေဖို့အတွက် စာအုပ်ဓမ္မဒါနအဖြစ်လည်း လှူဒါန်းရာရောက်တာမို့ မျက်မှောက်အတွက်ရော၊ သံသရာအတွက်ပါအကျိုးများစေသည့် ဤလင်္ကတမန်မဂ္ဂဇင်းကို အောက်ပါနေရာများတွင် ဝယ်ယူရရှိနိုင်ပါကြောင်း စေတနာဖြင့် လမ်းညွှန်ပေးလိုက်ပါတယ်။ ဝယ်ယူရရှိနိုင်သည့်နေရာများမှာ

ဗဟန်းသုံးထပ်ကျောင်း၊ ဗဟန်း(၃)လမ်းမှတ်တိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်နှင့် ရန်ကုန်သာသနာ့တက္ကသိုလ်တွင်လည်း ဝယ်ယူရနိုင်ပါတယ်။ ဒါပြင် ဖေဖဝါရီလတွင်လည်း မန်းလေးသာသနာ့တက္ကသိုလ်သို့ ဖြန့်ချီပေးပါဦးမယ်။ အုပ်ရေ(၁၅၀၀)သာ ထုတ်ဝေထားပါတယ်။

2 comments

  • မှော်ဆရာ

    January 9, 2012 at 9:16 am

    အဖိုးတန် ပို်စ့်တစ်ခုပါဘုရား
    မြန်မာနိုင်ငံ ထေရဝါဒ သာသနာ စည်ပင်ပျံ့ပွားဖို့ နည်းလမ်းကောင်းတစ်ခုပါ ဘုရား …

    Reply

  • mandalarthu

    January 9, 2012 at 11:09 pm

    သီရိလင်္ကာနိုင်ငံ၏ တနင်္ဂနွေဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း(Sunday Dhamma School)ကို
    ပထမဦးဆုံး စိတ်ဝင်စားမိတာက မလေးရှားမှာရှိသောDr. Ashin Indaka ့http://www.dhammagarden.com/ ရဲ ့ မြန်မာနိုင်ငံမှာ ဖွင့်လှစ်သင်ကြားဖို ့ကြိုးစားနေတဲ ့
    Sunday Dhamma School အကြောင်းကို ဖတ်ပြီးကတည်းကပါ။ဒါပေမယ် ့ သီရိလင်္ကာနှင့် Sunday Dhamma School အကြောင်းကို အခုလောက် ပြည် ့ပြည ့်စုံစုံ မသိခဲ ့ရပါဘူး။အခုလို တနင်္ဂနွေ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းအကြာင်းကို အသေးစိတ်ပြည ့်ပြည် ့စုံစုံ သိရလို ့ဝမ်းသာစွာနဲ ့
    ဆရာတော်ကို အထူးကျေးဇူးတင်မိပါတယ် ဘုရား။
    အခုလဲ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗဟန်း၊ ရန်ကုန်။ ဖုန်း – ၄၃၀၂၁၆ မှာ Sunday Dhamma School ကို ဖွင ့်ဖို ့ပြင်ဆင်နေတာသိရလို ့မန္တလေးမှာလဲ ဖွင် ့ဖြစ်ပါစေလို ့မျှော်လင် ့မိပါတယ်ဘုရား။

    Reply

Leave a Reply to mandalarthu Cancel Reply

Your email address will not be published.