ရွှေတောင်အုန်းနို့ခေါက်ဆွဲ

hmeeJanuary 1, 20121min021
ခေါက်ဆွဲ၊ ကြက်သားဟင်း၊ ခေါက်ဆွဲအကြွပ်ကြော်၊ ငရုပ်သီး ဆီကြော်၊ အုန်းနို့၊ ကြက်သွန်အစိမ်း ပါးပါးလှီး၊ သံပုရာသီး၊ ကြက်သွန်မြိတ်၊ ပဲမှုန့်ပုလင်း မပါဘူး မေ့သွားတာ။
ပွဲပြင်ပြီး အုန်းနို့ခေါက်ဆွဲ။
ရွှေတောင်အုန်းနို့ခေါက်ဆွဲ ပွဲပြင်ထားတာ။ စားရန် အရန်သင့်။

ချက်စားဖြစ်တာက ခရစ်စမတ်နေ့ကတည်းက တင်မယ် စိတ်ကူးလိုက် ပျက်သွားလိုက်နဲ့ အခုမှ နှစ်သစ်ကူး အမှတ်တရ ချက်ကျွေးတယ် သဘောထားပြီး တင်လိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ

၁. ကြက်သားရင်ဗုံသား ( အတုံးသေးသေးလေးတွေ တုံးထားပါ)။

၂.ကြက်သွန်ဥကြီး ၃၊၄ လုံးကို ကုဗပုံ အတုံးလေးတွေ လှီးထားပါ။

၃. အရောင်တင်မှုန့် အနည်းငယ်။

၄. ကြက်သွန်ဖြူ ၃၊၄ မွှာ နုပ်နုင်စဉ်းထားပါ။

၅. ဆီ  အနည်းငယ်။

၆. အုန်းနို့ အနည်းငယ်။

၇. ငရုပ်သီးမှုန့် ( အကျက်မှုန့်ထက် အကြမ်းမှုန့်ကို  ဆီနဲ့ ကြော်တာက ပိုကောင်း)။

၈. ပဲမှုန့် အကျက်မှုန့်။

၉. သံပုရာသီး။

၁၀. ကြက်သွန်မြိတ်။

၁၁. ကြက်သွန်နီ ပါးပါးလှီး ရေဆေးထားတာ။

၁၂. ခေါက်ဆွဲ။

၁၃. ခေါက်ဆွဲ အခြောက်ကြော် ( အဓိက အရသာမို့ မပါမဖြစ်ပါ။ ကျွန်မကတော့  ခေါက်ဆွဲ အစိုကို  ဆီထဲမှာ ကြွပ်နေအောင် ပြန်ကြော်ထားပါတယ်။)

ချက်နည်း

ခေါက်ဆွဲခြောက်ကို ရေနွေးဖျောပြီး စစ်ထားပါ။

ကြက်သားဟင်း စချက်ပါမယ်  ပထမဆုံး အိုးထဲကို ဆီထည့်ပါ။ ဆီပူလာရင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူနဲ့ ကုဗပုံလှီးထားတဲ့ ကြက်သွန်နီတွေကို ထည့်ပြီး ဆီသတ်ပါ။ အရောင်တင်မှုန့်ထည့်ပါ။ ကြက်သွန်တွေ နွမ်းလာရင် ကြက်သားထည့်ပြီး  ဆီကျန်ရေကျန်ချက်ပေးပါ။ ဆား၊ ဟင်းခပ်မှုန့် သင့်သလို ထည့်ပါ။  ရေစပ်စပ်လေးနဲ့ စားမှ ကောင်းတာမို့  ဆီပြန်ကြီး မကောင်းပါဘူး။ ကြက်သွန်လေးကလည်း အိနေမှ ကောင်းတာမို့ ကြက်သွန်ကိုလည်း  ခပ်ပျော့ပျော့လေးမှ ကောင်းပါတယ်။

အုန်းနို့ကိုလည်း သကြားလေး နဲနဲထည့်ပြီး ပျစ်အောင် ကျိုပေးပါ။  အုန်းနို့ရလာရင် ပန်းကန်တလုံးထဲ ထည့်ထားပါ။ သွေးတိုးမှာ ကြောက်ရင် အီမှာကြောက်ရင် အုန်းနို့ကို နည်းနည်းလေးပဲ ထည့်စားလို့ရပါတယ်။  ရွှေတောင်အုန်းနို့ ခေါက်ဆွဲဟာ  နန်းကြီးသုတ်ထဲ မှာစားတဲ့ မုန့်ကြွပ်အဝါနဲ့ စားမကောင်းလို့ ကိုယ့်ဘာသာ မုန့်ကြွပ်ကြော်ပါတယ်။  မကပ်တဲ့အိုးထဲကို ဆီထည့်ပါတယ်။ ဆီပူလာရင် စောစောက ရေနွေးဖျောထားတဲ့ ခေါက်ဆွဲ အစို လက်တဆုပ်ကို ယူပြီး ဆီပူထဲမှာ ကြွပ်လာတဲ့အထိ ကြော်ပါတယ်။ ကြွပ်လာတဲ့ အခါဆယ်ပြီး ကျိုးကျေအောင်ချေပြီး ပန်းကန်လုံး တလုံးထဲ ထည့်ထားပါ။

ငရုပ်သီး ကြော်ပါမယ် အိုးထဲကို ဆီထည့် ဆီပူလာရင် ငရုပ်သီး အကြမ်းဖတ်ထည့် မွှေပေးပါ။ ငရုပ်သီးထည့်ပြီးတာနဲ့ ချက်ချင်း မီးပိတ်လိုက်ပါ ငရုပ်သီးက ချက်ချင်း မီးကျွမ်းတတ်လို့ပါ။  ကြက်သွန်ပါးပါးလှီးထား၊ သံပုရာသီး၊ ကြက်သွန်မြိတ်ပြင်ထားပါ။ပဲမှုန့် အကျက်မှုန်ပါ ပြင်ထားပါ။

စားပွဲပြင်နည်း

ပန်းကန်လုံးထဲကို ခေါက်ဆွဲထည့်၊  ကြက်သားဟင်းထည့်၊ အုန်းနို့ အနှစ်ထည့် (သွေးတိုးမှာ ကြောက်ရင် လျှော့ထည့်ပါ)၊ မုန့်ကြွပ်ကြော်ထည့်၊ ပဲမှုန့် အကျက်မှုန့်ထည့်၊ ကြက်သွန်အစိမ်း ပါးပါးလှီးတာထည့်၊ ငရုပ်သီးကြော်ထည့်၊ ကြက်သွန်မြိတ်ထည့်၊ သံပုရာရည်လေး ညှစ်ထည့်၊ ပေါ့ရင် ငံပြာရည်လေး ထည့်စားပါ။ အရသာရှိတဲ့ ရွှေတောင် အုန်းနို့ခေါက်ဆွဲ ရပါပြီ။  ဟင်းရည်ကတော့ ကြက်ရိုးလေးကိုပြုတ်  ဆူလာရင် ဂျင်း နည်းနည်း ကြက်သွန်ဖြူ နှစ်မွှာ သုံးမွှာလောက် ထောင်းပြီးထည့်  ငရုပ်ကောင်းလေး ခပ်လိုက်ရင် ရွှေတောင်အုန်းနို့ ခေါက်ဆွဲနဲ့ လိုက်ဖက်တဲ့ ဟင်းရည်ရပါပြီ။

 

21 comments

  • hmee

    January 1, 2012 at 5:21 pm

    သဂျီးရှင့် ဓါတ်ပုံတွေ ဘယ်ရောက်သွားတာတုန်း။ 🙁

    Reply

  • manawphyulay

    January 1, 2012 at 7:00 pm

    နှစ်သစ်မှာ အန်တီမှီရဲ့ ရွှေတောင်ခေါက်ဆွဲကို အဝ လာစားသွားတယ်နော်။ အဲလိုပဲ အပြင်မှာလည်း ခေါ်ကျွေးရင် ကောင်းမယ်နော်… 😛

    Reply

    • hmee

      January 2, 2012 at 2:42 pm

      မနောရေ အပြင်မှာလည်း တကယ်ကျွေးချင်ပါတယ်နော်။ 🙂

      Reply

  • Khin Latt

    January 1, 2012 at 7:10 pm

    မနော ပြောသလို တကယ် စားလို့ ရရင် ကောင်းမှာဘဲ။
    အရသာ အလွန်ရှိမယ်လို့ ယုံကြည်ပါ၏။
    နှစ်သစ် မှာ ရွှင်လန်းပါစေ မမှီရေ။
    ဒါမျိုး Post လေးတွေလဲ ဆက်တင်ပေးပါနော်။ 🙂

    Reply

  • windtalker

    January 1, 2012 at 8:38 pm

    ကြိုက်သွားဘီ
    မြင်ရုံနဲ ့တင် စားကောင်းမှာ အသေချာဘဲ ဆိုတာ သိလိုက်ရဘီ မို ့
    ကူးသွားကြောင်း ရယ်ပါ

    Reply

    • ငပေါက်ဖော်

      January 1, 2012 at 9:13 pm

      ရှလွတ်..ရှလွတ်..ဗာစိုက်လာပြီဂျာ

      မေပေါင်ရေ
      မှတ်ပြီး မိန်းမကို ပြန်လုပ်ကျွေးတော့မယ် မလား
      တိနေဒယ်….တိနေဒယ်..

      Reply

    • hmee

      January 2, 2012 at 2:46 pm

      မောင်ပေရေ တကယ်စားကောင်းပါတယ်။ မမှီတော့ အရမ်းကြိုက်။ သွေးတိုးတတ်ပေမဲ့ စားပြီးမှ ဆေးသောက်တယ်။ 😀

      Reply

  • Thel Nu Aye

    January 1, 2012 at 9:41 pm

    ခေါ်မကျွေးတော့ကိုယ့်ဟာကိုယ်ပဲချက်စားတော့မယ်။ ကူးသွားပြီနော်။

    Reply

  • ကြောင်ကြီး

    January 2, 2012 at 2:43 pm

    ရွှေတောင်ခေါက်ဆွဲဆို နာမည်ကြားရုံနဲ့ ရှလွတ်ရှလွတ် ဖြစ်တယ်…။

    Reply

    • hmee

      January 2, 2012 at 2:48 pm

      ကိုကြောင်ကြီးရဲ့ avator ပုံလေးက ခေါင်းကို မလှုပ်ချင်လှုပ်ချင် လှုပ်နေပုံလေး။ 🙂

      Reply

      • ဆူး

        January 2, 2012 at 3:03 pm

        ဘယ်နားက ကြွက်သံ ကြားလဲ နားစွင့်နေတာ ဖြစ်မယ်။

        Reply

  • ဆူး

    January 2, 2012 at 3:02 pm

    ရွှေဂုံတိုင်က တော်ဝင်နှင်းဆီက ရွှေတောင်ခေါက်ဆွဲ အကြိုက်ဆုံးပဲ..
    နည်းသိတော့လည်း စမ်းကြည့်လိုက်အုန်းမယ်။
    ကျေးဇူးပဲနော်။

    Reply

  • နွယ်ပင်

    January 2, 2012 at 3:46 pm

    မမှီရေ စားကောင်းမယ့်ပုံပဲ
    အခုတော့ ဓာတ်ပုံလေးတွေကြည့်ပြီး သရေယိုသွားပါတယ်နော်
    အပြင်မှာကျွေးမယ်ဆိုရင်တော့ လက်တို့လိုက်နော် …….. 🙂

    Reply

    • hmee

      January 2, 2012 at 10:41 pm

      နွယ်ပင်ရေ တကယ်ခေါ်ကျွေးမှာနော်။ 🙂

      Reply

  • Novy

    January 2, 2012 at 4:22 pm

    မနိုလဲ ရွှေတောင်အုန်းနို့ခေါက်ဆွဲချက်နည်း သိချင်နေတာနဲ့ တော်ပဲ
    ကူးသွားပြီ မှီရေ.
    အိမ်မှာ ချက်စားကြည့်လိုက်အုံးမယ်နော်

    Reply

  • MaMa

    January 2, 2012 at 6:20 pm

    မှီ ချက်တတ်တာတွေ မှတ်ထားပြီး
    မှီ ပြန်လာမယ်ဆိုတာကို တေးထားပြီး
    မှီ့ ကို မျှော်လင့်စောင့်စားလျှက် …. 😀

    Reply

  • inz@ghi

    January 2, 2012 at 6:21 pm

    စားချင်ဒယ် စားချင်ဒယ် ….
    ပုံမြင်တာနဲ့တင် အနံ့ရသလိုဖစ်တွားဘီ…
    မျက်ရည်ပါလည်တွားဘီ ….
    မမမှီ လူဇိုး…

    😀

    Reply

    • hmee

      January 2, 2012 at 10:45 pm

      နောက်နေ့မှ ဂီဂီတို့လို တစ်ကိုယ်တော် သိုင်းသမားများအတွက် ချက်ရတာ ကရိကထမများပေမဲ့ အရမ်းစားကောင်းတဲ့ ထိုင်းငါးပိထမင်းကြော် တင်ပေးမယ်။
      မမရေ မှီချက်တတ်တာတွေ အတော်များတယ်နော်။ ကြွားတာ။ 😀 အလုပ်မရှိ ပျင်းတိုင်း အစမ်းထွင်ပြီး ချက်လိုက် ကိုယ့်ဘာသာ အားပေးလိုက်မို့ ပေါင် ၁၁၆ ကနေ ပေါင် ၁၅ဝ ဖြစ်သွားတယ်။ 🙂

      Reply

  • water-melon

    January 2, 2012 at 7:05 pm

    တော်သေးတာပေါ့
    မနက်ခင်းမှာ ဖွင့်မဖတ်မိလိုု့
    နိုု့မို့ဆို ရွှေတောင်အုန်းနို့ခေါက်ဆွဲကိုု ဘယ်လိုက်ရှာရမှန်းမသိဖြစ်တော့မလို့
    ဂလုဂလု

    Reply

  • blackchaw

    January 2, 2012 at 9:32 pm

    အစ်မ မှီ ခင်ဗျား။
    ကျွန်တော်က အင်းမ သားပါ။
    ရွှေတောင်နဲ့ သိတ်မဝေးတဲ့ ရွာကြီးတစ်ရွာကပေါ့ဗျာ။
    ဟိုးတုန်းက အိုဆာကာပြန်ဦးကျော်မြင့်က
    ရွှေတောင်မှာ ဆိုင်စဖွင့်တာဗျ။
    အခုထိလည်း ရှိတယ်။
    ကျွန်တော် သိတ်ကြိုက်တဲ့ ခေါက်ဆွဲပေါ့ဗျာ။
    တစ်ပွဲလောက်ကျွေးဗျာ။ ဘဲဥများများထည့်ပြီး သံပုရာသီးလေးတစ်စိတ်လောက်နဲ့
    ကြက်သွန်စိမ်းများများထည့်ဗျို့။ အအေးကတော့ သံပုရာရေ ချဉ်ချဉ်လေးတစ်ခွက်ပေးပါ။
    အဲဒါဆို လုံလောက်ပါပြီခင်ဗျာ။

    Reply

    • hmee

      January 2, 2012 at 10:49 pm

      ကိုဘလက်ချောရေ ကျွန်မအမျိုးသားက ရွှေတောင် ချက်မြုပ်။ ယောက်ခမတွေ ရွှေတောင်မှာ တာဝန်ကျတဲ့ အချိန်မှာ မွေးတာလေ။ ရွှေတောင် မုန့်ဟင်းခါး၊ ရွှေတောင်အုန်းနို့ခေါက်ဆွဲ အရမ်းကြိုက်တယ်။ ဒါကြောင့် တတ်အောင် သင်ထားရတာ။ 😀 ကိုဘလက်ပြောမှ ဒီတစ်ခါ ချက်ကျွေးဖြစ်ရင် သံပုရာရည်ပါ ဖျော်တိုက်လိုက်ဦးမယ်။ 🙂

      Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.