စွမ်းအင်ပြင်းတဲ့ မီးမြစ်ကြီးထဲသို့

koyin sithuDecember 30, 20111min019

နောက်ဆုံးစွမ်းအင်တစ်မျိုးနဲ့ မီးတွေ စီးသွားတဲ့မြစ်ကြီးကို ကျွန်တော် မော့သောက်ပစ်ခဲ့သည်။ နှင်တံတစ်ချောင်းရဲ့ ခွန်အားတွေရော ဘယ်အချိန်မှာအနည်ထိုင်မလဲ။ တစ်ခါတစ်လေကျတော့ ကျွန်တော်လည်း မှားဦးမည်။ မီးလောင်ပြင်မှာ ပျောက်သွားတဲ့ ဗီသိုဘင်ရဲ့ နားရွက်တစ်စုံကို ဘယ်သူတွေ့မိသေးလဲ။ မိုနာလီဇာ၏ အပြုံးတွင် ဒေါ်လာတစ်ချို့ကို ကျွန်တော်မြင်ရ၏။
ဆောင်းရာသီညနေနှင့် ခရစ်စမတ်ပန်းသီးများ ရောင်းရန်ရှိသည်။ ကမာ္ဘကြီးရဲ့ တိုးတက်မှုဆိုတာမှာ အမှန်တရားဟာ နည်းသထက်နည်းလာပြီ။ ကျွန်တော်လေတွေကို အန်ချလိုက်ခြင်းဟာ မြင့်မိုးရ်အောင်ရဲ့ “အမဲလိုက်အက” ကို ဂုဏ်ပြုလိုက်တာဖြစ်သည်။ အပျိုရည်ပျက်သွားတဲ့ လရောင်မှာ မြေခွေးတစ်ကောင်ရဲ့ ဒိန်ခဲချင်ခြင်းတွေကို ကျွန်တော်တွေ့ရသည်။ မိန်းမတွေဟာ နားမလည်ဘူးလို့ ရုတ်တရက် သဘောပေါက်သွားတာနဲ့ စတင်နားလည်တော့တာပါပဲတဲ့။
အယူအဆ (Concept) ပိုင်းဆိုင်ရာမှာ အရမ်းချို့ယွင်း ညံ့ဖျင်းနေတာမျိုးကို ကျွန်တော် စိတ်သိပ်မရှည်ချင်ဘူး။ Lady First ဆိုတဲ့ အနောက်တိုင်းသားတွေကိုလည်း သောက်မြင်ကတ်သည်။ Man First လုပ်တော့ရော ဘာဖြစ်လဲ။ လူတွေရဲ့ ဦးနှောက်ထဲမှာ Spiritual Wisdom နဲ့ Worldly Wisdom ဆိုပြီး နှစ်မျိုးရှိသတဲ့။ ဒီတော့ ခင်ဗျားရဲ့ တွေးခေါ်မှုအတတ်ပညာကို ဒေါက်ဖြုတ်သမား (Hangman) ဝါဒတွေနဲ့ မညစ်နွမ်းစေနဲ့ပေါ့။
ကဲ… ထားလိုက်ဦး။ လူ့ဘဝ၌ ကိုယ့်မျှော်လင့်ချက်ကို ကိုယ်ပြန်ပြီး သရော်တတ်ဖို့ လိုအပ်ကြောင်း ကျွန်တော် အခိုင်အမာပြောချင်ပါသည်။ သံသရာခရီးဆိုတာ ဂျိုကာတွေ ပြက်သလိုရယ်စရာလည်း မဟုတ်ဘူး။ ဒီလိုပဲ ငိုစရာလည်း မလိုပါဘူး။ အိပ်မက်တွေအတွက်တော့ ခေတ္တတည်ကြည်နေရပါလိမ့်မည်။ ဒီလိုနဲ့ အမှောင်တွင်းနက်ကြီး တစ်ခုထဲကို စီးဝင်သွားသည်။ တွင်းထဲမှာ ထွက်လာသောအခါ ကျွန်တော်က သမ္မာကျမ်းစာ ဖြစ်သွားသည်။ ထာဝရယုံကြည်မှုတစ်ခုကို အရှူံးနည်းနည်းဖြင့် ကျွန်တော် ဆက်ဆံကြည့်လိုပါသည်။ အမှန်တော့ အိပ်မက်တို့ကို လက်ယပ်ခေါ်ယူခြင်း ကိစ္စသည် ရှန်ပိန်တစ်ခွက်၏ အင်ဂျင်သံသာဖြစ်သည်။
တစ်ဘဝလုံး ကျွန်တော် ရှာဖွေလို့ရသမျှ ငွေကြေးတို့သည် မွန်ရိုး၏ ပွဲတက်ဝတ်စုံလေး တစ်စုံကိုသော်မျှ ဝယ်ယူနိုင်ခြင်းမရှိ။ ကျွန်တော် တို့ဟာ အခြေခံအားဖြင့် ရိုးသားကြရမှာပဲ။ အလကား …….. မာနအတုတွေ။ အသားငမ်းငမ်း နှစ်ရှည်လများ တပ်မက်ခဲ့ရတဲ့ ကနာ္တရရေတို့သည် တစ်ခုခုအတွက်များ အရသာရှိနေမလား။ အညောင်းမိနေတဲ့ ကျွန်တော့်နှလုံးသားတို့သည် ရည်ရွယ်ချက်တစ်ခုအတွက် အသွင်ပြောင်းသွားခြင်းကို ကျွန်တော့် ခံစားမှု သီဝရီ တစ်ခုအဖြစ် မှတ်ထားချင်ပါသည်။ အဲ့ဒီညက အိပ်မက်ထဲမှာ လပူဆာလှုံနေတဲ့ ကျွန်တော့်ဆီကို ဂျစ်တိုက်တတ်တဲ့ နတ်သမီးတစ်ပါး ရောက်လာခဲ့သည်။ ပြီးတော့ မသိကိန်းတွေကို မျှော်စင်တစ်ခု ဆောက်လို့ရအောင် အများအပြား ထားရစ်ပြီး ပြန်သွားတယ်။ နောက်ပိုင်းမှာ ကျွန်တော့်အနာဂတ်မီးအိမ်လေး ထွန်းပလာလေတော့သည်။ အရင်တုန်းက သိက္ခာဆိုတာ ဝယ်ယူလို့ရမှန်း ကျွန်တော်မသိခဲ့ဘူး။
ရန်သူများလွန်းလို့ အန္တရာယ်ကင်းနေရ၏ ကြေးခေတ်က ဆေးဆိုးပန်းရိုက်မလေးများ ရေခဲမှတ်တစ်ခုမှာ အိပ်တန်းတက်ကုန်ကြ၏ အင်္ဂါဂြိုလ်ဆီကို စာရိတ္တကျိန်စာသင့်နေသူတွေအား ပို့သင့်သည်ဟု ဘယ်သူကမှ ပြောမည်မဟုတ်ပါ။ ကျွန်တော်လည်း မပြောပါ။ လူတိုင်းမှာ ဥယျာဉ်ကိုယ်စီရှိကြ၏ မိမိဥယျာဉ်ရဲ့ သစ်ပင်၊ ပန်းပင်များ ရှင်သန်လန်းဆန်းခွင့်အတွက် မိမိတွင် တာဝန်ရှိသည်ဟု သင်တို့ခံယူထားပါသလား။ ဒါဆိုရင်တော့ စပိန်အသည်းကွဲ သီချင်းတစ်ပုဒ်ကို တတိယမြောက် ကျွန်တော်သီဆိုဖြစ်တော့မည်ထင်ပါသည်။
တြာပီဇီယမ်တွေနဲ့ ခရီးကိုဆန့်လိုက်ကြပါ။ လူ့ဘဝဆိုတာ ထောင့်ချိုးကြီးကြီး၊ သေးသေး ပီပြင်ဖို့လိုအပ်ကြောင်း သိသာစေပါသည်။ ဟောဟိုမှာ ပါရှန်ကဗျာဆရာကြီး အိုမာခရမ်တစ်ယောက် မြင်းပွဲလောင်းနေရော့လား။ အီတလီနိုင်ငံလုပ် သားရေထည်ကိုဝတ်ဆင်ထားပြီး နေနဲ့လကို တစ်လုံးတည်းလားလို့ မေးနေတာတော့ မဟုတ်သေးပါဘူး။ ဟုတ်တယ်မဟုတ်လား ဂျစ်တိုက်နတ်သမီးလေးရယ်။ ဘဝဆိုတာ GIORDANO ဝတ်ပြီး ကော်ဖီသောက်နေရတာလောက် ဘယ်စမတ်ကျနိုင်ပါ့မလဲ။ ကျွန်တော် လူတတ်ကြီးလုပ်ပြီး ဒဏ်ရာတွေကို တန်ဖိုးဖြတ်ပြသောအခါ ထိုနေ့က မိုးများရွာပါသည်။ နာမည်နှစ်လုံးနဲ့ အဖျားပျောက်ဆေးကို သောက်ပြီး ကျွန်တော် ကျန်းမာရေးမှာ အနေချောင်ခဲ့သည်။
အခုတော့ မြေစိုင်ခဲတွေကို တူးဆွပြီး မြက်စိုက်ဖို့ ပြင်ဆင်နေတဲ့ ကျွန်တော်ဟာ အရူးတစ်ယောက်သာဖြစ်ပါသည်။ ထိုကဲ့သို့ ကျွန်တော်သည် ပြီးပြီလား၊ မပြီးသေးဘူးလားစဉ်းစားနေဆဲ မီးပြတ်သွားသည်။ အမှောင်ကိုရတော့ ပိုမို ပျော်ရွှင်သွားသလိုရှိသည်။ ငိုမယောင်ရှိနေသော မျက်ဝန်းတစ်စုံကို ကျွန်တော် အသာဖတ်နေလိုက်မိ၏။ ဘဝသည် မရ….၊ အဟာရသည်မရ…..၊ သစ်ပင်သည်မရ….၊ အချစ်သည် မရ…၊ ကဗျာတွေလည်း မရ….၊ ကျွန်တော်လည်း မရ…. အယ်ကိုဟောလ်တော့ရသည်။ ကောင်းကင်ကို မော့ကြည့်တော့ နှင်းတွေရှိတာကို ခံစားရသည်။ တစ်ရေးနိုး လမ်းမတွေမှာထလျှောက်…….၊ အာရုံဖျားကို ငုံ့ကြည့်၊ သွေးသားမှာ စနစ်တကျတပ်ဆင်၊ …….. အိပ်မက်တွေကို နင်းပစ်ရမှာ ကြမ်းလှ၏။
ဆောင်းကြိုမြက်များ နာဖျားနေ၍ ပင်လယ်သည် ပို့စကတ်အရောင်းဆိုင်ရှေ့တွင် လူလည်လုပ်နည်းပညာ ပို့ချနေလေ၏။ ဒီအရပ်မှာ စေတနာရောင်းဝယ်ရေးက မကိုက်ဘူးဗျ။ တကယ်တော့ အနုပညာသစ်ဆိုတာ တမင်လုပ်ယူဖန်တီးတာ တဝက်ပါတယ်ဆိုပဲ။
ကဲ… ရော့… ယုံကြည်မှုတွေ။။
မနက်ဖြန်များစွာကို ဇယားကွက်ထဲမှာ ချဆွဲရင်း အကြာကြီးလူဖြစ်စေဖို့ အားထုတ်နေမိ၏ မရိုးသားဘူးဆိုလည်း ပြောတဲ့အတိုင်းရှိစေတော့။ ရိုးသားတယ်ဆိုရင်လည်း ဂုဏ်ယူတတ်ဖို့ ကျွန်တော် ပျင်းခဲ့ပါပြီ။ လောကမာယာကို အနိုင်ရဖို့ ပြင်းအားနည်းနည်းတော့ လိုလိမ့်မည်။ ဗို့ဒ်အားများများ စဉ်းစားကြ၊ စင်ဒရဲလားရဲ့ ဆံပင်တွေကို ခိုးဝှက်ထား။ အချစ်စစ်ဟာ ရယူခြင်း၊ “ချစ်ရင် ဒီလိုမလုပ်ပါနဲ့” လို့ ကောင်မလေးတွေ ပြောနေကျ၊ နေညိုသွားရင် ဘာလုပ်ကြမလဲ။ မီးဟုန်းဟုန်းတောက် လေပြေညင်းတစ်ခွက်။ နာမ်ကို လေနဲ့ဆေးမယ့် အင်ဇာဂီ သတင်းကြားပြီးပြီလား။ ကောင်းပေစွ။ အဟာရလိုသည်။ နည်းနည်းလျှော့… ။ အမြဲလိုလို ကျားကျားလျားလျားရှိခြင်းများ ကြွေကျသွား။ အီးတီကြိုက်တဲ့ မြန်မာဘီယာတစ်ခွက်…။ နှုတ်ခမ်းနီရောင် စွန်းပေနေသော တစ်ရှူးစများ…။ မရှိမဲ့ရှိမဲ့ ဒဏ်ရာတွေကို ဂုဏ်ယူစရာများ ထင်နေရော့လား။
ဘယ်လောက်တောင် ရူးကြောင်ကြောင် နိုင်သလဲ။
ဒါမှ ရဲဘော်ရဲဘက်စိတ်ကို ခေါ်တာ။
အလဲအပြိုပြိုတွေသိပ်များ။
သူမသိသေးပါဘူး။
ရိုးရိုးကျင့်၊ မြင့်မြင့်မကြံနဲ့ ပြသနာတက်နိုင်သည်။
တစ်… နှစ်
သုံး… လေး
ငါး….
ကျွန်တော်ပြောတာရှင်းရဲ့လား။
အချို့သော ကိစ္စတွေမှာ အမှားနဲ့နေသားကျသွားပြီလို့ မိတ်ဆွေယုံကြည်နေရင် အဲ့ဒီ့ ညနေခင်းကို ပုဒ်မကြီးကြီးတစ်ခွက် ချလိုက်ပါ။ ယုံကြည်သလိုနေပါစေ….။ ခေတ်ကိုက ဘောင်ရွေ့တဲ့ခေတ်….။ ဒီတော့ ကျွန်တော်တို့ မလွန်ပါဘူး။
အရာရာသည် အခါခါ ရယ်စရာ…။
ဟိုမှာ နှင်းဆီတစ်ပွင့် ကျွန်တော် ချစ်ပစ်လိုက်ရမလား။ မဖြစ်သင့်…။ သို့သော် ရနံ့ကိုတော့ ကျွန်တော် ခုံမင်ခဲ့တာ သေချာပါသည်။ အခွင့်ရမယ်ဆိုရင် ဟင်းလင်းပြင်ကို ကျွန်တော် တရားစွဲမည်။ ထုံပေပေရှိသော ရင်ခွင်ကို ဇာတ်နာအောင် ဓါးနဲ့ခွဲမည်။ အချိန်တွေအများကြီး အမှောင်ကျခဲ့စဉ်က တစ်ခုတည်းသော လင်းလက်မှုမှာ လက်ဆုပ်လက်ကိုင်မပြနိုင်သော ဒဏ်ရာများသာ ဖြစ်၏။ အကျိုးပေးနုံသော လူမှုရေးပညာရှင်တွေ ဗေဒင်မေးဦးမလား။
အိပ်မက်တွေမညီ
ဒုက္ခတွေလင်းပွင့်စေ
သွားနှင့်တော့
နဖားကြိုးတပ် ဖလော်ဆော်ဖာကြီး
အိမ်မှာကြက်ဖ၊ အပြင်မှာကြက်မ
ရောက်ရာအရပ်က ပြေးမြင်သာကြည့်
အာဟာရနည်းနည်း
သိက္ခာနည်းနည်း
အပူချိန်များများ
အကြွေးများများ.. ရှိတဲ့… ကိုယ့်ကို…။ ။
ထိုမျှလောက်သော စိတ်လေလည်သံကပင် ကျွန်တော့် ကျောပြင်ကို ဖွဖွရိုက်ပုတ်နေပြီ။ ဟန်နီရေ… မျက်ရည်တုနဲ့ မငိုချင်ဘူး။ သိစိတ်ကို မသိစိတ်က အနိုင်ယူရမည်။ ကျွန်တော်က ရာဘာပင်ကဲ့သို့ အစေးထွက်ချင်နေပါသည်။

19 comments

  • windtalker

    December 30, 2011 at 1:41 pm

    ဘာမှ လုပ်နဲ ့
    ဘောင်းဘီတို တစ်ထည် နဲ ့စပို ့ရှပ်တစ်ထည် ဝတ်ပြီး သာ
    ထွက်ခဲ့လိုက်

    Reply

  • small cat

    December 30, 2011 at 2:14 pm

    “နောက်ဆုံးစွမ်းအင်တစ်မျိုးနဲ့ မီးတွေ စီးသွားတဲ့မြစ်ကြီးကို ကျွန်တော် မော့သောက်ပစ်ခဲ့သည်။”
    ှုငရဲမီး ပုလင်းနဲ့ ချောင်းဆိုးပျောက်ဆေးပုလင်းများ မှားသောက်မိလေသလား ကိုရင်ရယ်။

    Reply

    • ကိုရင်စည်သူ

      December 30, 2011 at 2:17 pm

      ဟုတ်ဘူး.. ကိုကြောင်လေးရေ.. ညက မြစ်ကြီးကို ကြည့်ပြီး
      ညစ်ညစ်နဲ့ ဝီစကီကို
      နိဒ် သုံးခွက်ဆက် ကစ်ပြီး 🙄
      ကွဲကွဲနဲ့ ရေးထားတဲ့ မော်ဒန်ပို့စ်လေးပါဂျာ..
      အားပေးတဲ့အတွက် ကျေးဇူးပါဗျာ… 😳 😳

      Reply

  • small cat

    December 30, 2011 at 2:36 pm

    ဝီသုံးခွက်၊ တစ်ခွက်နှစ်ပက်၊ ပေါင်းခြောက်ပက်၊ နိကစ်ရင်တော့လည်ချောင်း ကွဲမှာသေချာတယ်၊ အသဲတော့ မကွဲစေနဲ့ဦး။

    Reply

    • ကိုရင်စည်သူ

      December 30, 2011 at 2:44 pm

      ကိုကြောင်လည်း အတွက်အချက်တော်တယ်ဗျာ.. ကွက်တိပဲ..
      (ကြောင်သာနေမယ် သဘာကမနေဘူး.. ဟဲ)
      ဝါသနာတူရင် ခွက်ကိုင်လို့ ရေစက်ဆုံရင်တော့ ကစ်ကြဦးမယ်ဗျာ
      ခုတောင် လည်ပင်းတွေတော်တော် နာနေမယ်.. ဗြဲ.. :'( :'(

      Reply

      • ငပေါက်ဖော်

        December 30, 2011 at 3:27 pm

        အသာဗြဲပါကွဲ ့
        အဘက
        သောက်တာသောက်တာ
        အနံ ့မခံနိုင်ဘူး

        ဒီမော်ဒန်တွေကိုတော့
        ဘိုနေပဲ အနက် ပြန်နိုင်မယ် ထင်ပါ့ဗျာ

        Reply

  • manawphyulay

    December 30, 2011 at 4:21 pm

    အမှားများတဲ့ ညနေခင်းတိုင်းအတွက် ကော်ဖီခါးခါးတစ်ခွက်နဲ့ ချေနေမိပါတယ်……….

    Reply

  • comegyi

    December 30, 2011 at 4:33 pm

    စည်သူရယ်
    အကြောင်းလေး ဘာလေး ကြားတာမဟုတ်ဘူး
    တူတူ ခွက်ပြိုင်ကြမယ့်ဟာကို
    ဟဲဟဲ……..
    အရေးအသားကတော့ ……
    လေးစားလောက်ပါပေတယ်…..
    နိစ်သုံးခွက်မို့သာတော်သေးတယ်
    ဒီထက်နှစ်ဆဆိုရင်တော့……..

    Reply

  • “ဘီလူးကြီး”ogre

    December 30, 2011 at 8:10 pm

    အရက်သမားတွေ..အရက်သမားတွေ
    တော်တော်လေးကိုများနေကြပါလား
    ကလေးတွေတော့ နိစ်ကစ်ကုန်ပြီ…ကျုပ်လဲ
    သူရို့ အတုခိုးပြီး..နိစ်နေမယ်..ပြီးရော 🙂 😛

    Reply

    • comegyi

      January 1, 2012 at 4:46 pm

      ဖလား ဖလား အူးဗလူး ….
      အနော် ကြည်ယဲဘူးနော့….

      Reply

  • yaungchikha

    December 30, 2011 at 8:10 pm

    အခွင့်ရမယ်ဆိုရင် ဟင်းလင်းပြင်ကို ကျွန်တော် တရားစွဲမည်။ ထုံပေပေရှိသော ရင်ခွင်ကို ဇာတ်နာအောင် ဓါးနဲ့ခွဲမည်။ အချိန်တွေအများကြီး အမှောင်ကျခဲ့စဉ်က တစ်ခုတည်းသော လင်းလက်မှုမှာ လက်ဆုပ်လက်ကိုင်မပြနိုင်သော ဒဏ်ရာများသာ ဖြစ်၏။ ကိုရင့်အရေးအသားတွေကဖတ်ရတာ တော်တော်ကောင်းတယ် …………

    Reply

  • blackchaw

    December 31, 2011 at 12:41 pm

    မော်ဒန် ကိုရင်
    ပြန်လာပြီ။ ရှောင်ကြ၊ ရှားကြ၊
    အရှိန်ပျင်းတယ်။
    တိုက်မိရင်လွယ်ဘူးဟ။

    Reply

    • ကိုရင်စည်သူ

      December 31, 2011 at 1:45 pm

      အားပေးကျတဲ့ ရောင်းရင်းတွေအားလုံး
      ကျေးဇူးပါပဲဗျာ.. 🙂 🙂
      ဒါမျိုး ပို့စ်ရေးရတာ.. နည်းနည်းမှမတင်ရင်
      အိုင်ဒီယာကို မထွက်ဘူးဖြစ်နေဒါပါ…
      နိဒ်ကစ်တာ တကယ်တော့ ဘဲရီးဘတ်ဒ်ဗျာ..
      အရက်ကြမ်းလေ ပိုထိလေပဲ…
      ကိုရင်ခမျာ ခုတော့ ပုလင်းမှောက်လူမှောက်ဖြစ်နေတာ
      တစ်ပတ်လောက်ရှိနေပြီ… :'( :'(

      Reply

  • ကြောင်ကြီး

    December 31, 2011 at 2:00 pm

    မူးလွန်းလို့
    ပုလင်းမှောက်
    လူမှောက်
    ကမာ္ဘမှောက်
    သို့ပေမဲ့
    ဟိုဟာတော့ထောင်လျက်….။

    🙄 ပစ်တိုင်းထောင် အရုပ်ဖြစ်သည်။

    Reply

  • နီကီတာ

    December 31, 2011 at 6:29 pm

    အာဟာရနည်းနည်း
    သိက္ခာနည်းနည်း
    အပူချိန်များများ
    အကြွေးများများ.. ရှိတဲ့… ကိုယ့်ကို…
    >>>>>>>>
    ဘယ်တုန်းက အကြွေးတွေတင်ကုန်တာလဲ .. ဟင် 🙁

    Reply

    • ကိုရင်စည်သူ

      January 2, 2012 at 1:56 pm

      နီကီနီတာရယ်.. ကိုရင့်ဘဝက
      ကြွေးဟောင်းကိုလည်း ဆပ်နေရတယ်
      ကြွေးသစ်ကိုလည်း ပေးရသေးတယ်..
      ဒါတွေ မင်းမသိပါဖူး…
      ကိုယ့်ဝမ်းနာ.. အဲအဲပါချင် ကိုယ်သာသိတဲ့
      ဘဝပါကွယ်… အို့.. အို့.. 😉 🙂

      Reply

  • kotun winlatt

    January 2, 2012 at 2:02 pm

    ဟုတ်…စွမ်းအားပြင်းတဲ့ မီးမြစ်ကြီးထဲမှာ
    စီးမျှော့နေရဆဲပါပဲခင်ဗျာ..
    ဘဝတူတွေပါ..အားးငယ်ပါနဲ့ဗျာ…

    Reply

  • AKKO

    January 2, 2012 at 4:48 pm

    ကိုရင်စည်သူရဲ့ မော်ဒန်ပိုစ်က ခံစားချက်ပြင်းပြင်းနဲ့ ဗျင်းထားပါလား ဗျို့ ။

    Reply

  • min min san

    February 8, 2012 at 1:39 am

    Truly morden post which cant understand all but it is like half dream ,,half sleep that kind of feeling,,i got it,,,thanks you.

    Reply

Leave a Reply

Your email address will not be published.