နှစ်သစ်

kknightDecember 29, 20111min02

နှစ်ဟောင်းမှာ နာမည်ကြီးလူသေမှုတွေ၊ လူသတ်မှုတွေ၊ နိုင်ငံရေးပြောင်းလဲမှုတွေ၊ ပြည်တွင်းစစ်ဖြစ်မှုတွေ၊ နိုင်ငံတော်တော်များများက ဝန်ကြီးဆိုသူတွေ မြန်မာနိုင်ငံကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လာရောက်ကြတာတွေ စသည်စသည်တို့ကို မြင်ရတော့ ဝမ်းနည်း ဝမ်းသာ ခံစားရပါသည်။ အဆိုးတွေတော့ ကုန်ပြီဟု ထင်မှတ်မိသည်။ ပြောင်းလဲစပြုပြီဟု ထင်မိသည်။ ယမန်နေ့ညက ဗုံးပေါက်သလိုလို ဂိုဒေါင်ပေါက်သလိုလို မီးလောင်မှုဖြစ်ပွားကာ လူပေါင်းများစွာ သေကြေ ပျက်စီး ဆင်းရဲရောက်ပုံတွေကို မြင်ရပြန်တော့ အော်…ငါ ထင်တဲ့ပြောင်းလဲမှုဆိုတာက အကောင်းဘက်ပြောင်းတာ မဟုတ်သေးပါလား။ အဆိုးထဲကနေ အဆိုးဘက်ကို ဆက်လက်ပြောင်းလဲနေတာပါလားဟု တွေးမိပြန်သည်။

သူများတွေက လကမ္ဘာပေါ်အထိ တက်ရောက်နိုင်ခဲ့သည်။ နျူးကလီးယားဓာတ်ပေါင်းဖိုမှ လျှပ်စစ်ထုတ်လုပ်နေကြသည်။ ကာတာနိုင်ငံဆိုလျှင် ကမ္ဘာဖလားဘောလုံးပြိုင်ပွဲအတွက် မိုးတိမ်အတုပင် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ ဒို့နိုင်ငံကတော့ လိမ်ညာလို့ မဝသေး။ ခိုးဆိုးလုယက်လို့ အားမရသေး။ သတ်လို့ ဖြတ်လို့ မဆုံးသေး။ ပတ်စ်ပို့တ်ကိုင်ပြီး လေဆိပ်ထဲဝင်တာတောင်မှ လူစစ်စစ်ဖြစ်လျက်သားနဲ့ လူစာရင်းအသွင်းမခံရသေး။ ဒေါ်လာနှင့် သူတို့ currency လဲတာတောင်မှ အစိုးရဘဏ်မှာ လဲခွင့်မရပါ။ တခြားအပြင်ဆိုမှာသာ လဲရပါသည်။ အာစီယံနိုင်ငံအချင်းချင်း arrival visa ပေးသော်လည်း ကျနော်တို့မှာ မရပါ။ အစိုးရက လက်မှတ်ထိုးတုန်းက ကန့်ကွက်ကာ သဘောမတူခဲ့သောကြောင့် ဖြစ်သည်။ ဒါကလည်း သူများတွေက ဥပဒေကော အစိုးရကော ခိုင်မာတည်တံ့နေပြီး ကျနော်တို့က ၂၀၀၈ ခုနှစ်ကမှ ညောင်နှစ်ပင် ဥပဒေရေးဆွဲခဲ့ပြီး ၂၀၁ဝ ဘူနှစ်ကျမှ election မဟုတ်သော selection ရွေးကောက်ပွဲလုပ်ကာ မဟာပညာကျော် ဘိုးသိန်းစိန်ကို ဝန်ကြီးချုပ်မြောက်ခဲ့ခြင်းဖြစ်သည်။ ဆိုလိုရင်းကား နိုင်ငံရေးဘက်က ကြည့်လျှင် နိုင်ငံစာရင်း ကောင်းကောင်း မသွင်းသင့်သေးသော နုနယ်ပိစိ ငပေါငချာ အဆင့်သာရှိသေးသည်ဟူလို။ လာမည့် နှစ်သစ်ကား စီးပွားရေး နိုင်ငံရေး ပညာရေး အပါအဝင် အရေးတော်ပုံအားလုံး ကောင်းမွန်ပါစေကြောင်း ဆုတောင်းမိပါသည်။ သွေးမြေကျမှုများ၊ သွေးစွန်းသော နေ့ရက်များ၊ မျက်ရည်ပေါက်ပေါက်ကျမှုများ ကုန်ဆုံးပါစေကြောင်း ဆုတောင်းမိပါသည်။ နယ်ပယ်တိုင်းမှာ သူရဲကောင်းများ၊ သူတစ်ပါးကောင်းကျိုး ချမ်းသာဆောင်ရွက်နိုင်သော ဆောင်ရွက်နေသော ပညာတတ် စိတ်ကောင်း လူကောင်းများ မိခင်ဧရာဝတီ၏ ရေစက်ကျရာနေရာတိုင်းမှာ ပေါ်ထွန်းပါစေသတည်း။ နိုင်ငံနှင့် လူမျိုးကောင်းစားဖို့ အသက် ဘဝ ဝိညာဉ်စတေး ပေးဆပ်ခဲ့ကြသော မျိုးချစ်သူရဲကောင်းများ၏ ဝိညာဉ်တော်များသည် တမလွန်ဘဝမှာ နှစ်သိမ့်ချမ်းမြ ရှိပါစေသတည်း။

2 comments

  • ငပေါက်ဖော်

    December 30, 2011 at 10:41 am

    နှစ်ကူးခါနီးမှ ဗုံးကွဲ..မီးလောင်နဲ ့ ဖြစ်ရတယ်လို ့ဗျာ
    စကားမစပ်.အရမ်းကောင်းတဲ ့နှစ်သစ် ဆုတောင်းကြီးပါ
    ဦးကနိုက် ပြောသလို ဆန္ဒရှိသလို တစ်ကယ်ဖြစ်လာပါစေသတည်း

    Reply

  • နီကီတာ

    December 30, 2011 at 11:18 am

    သွေးမြေကျမှုများ၊ သွေးစွန်းသော နေ့ရက်များ၊ မျက်ရည်ပေါက်ပေါက်ကျမှုများ ကုန်ဆုံးပါစေကြောင်း
    >>>>
    အဲဒီနေ့တွေတော့ တကယ်ကုန်ဆုံးစေချင်တယ်…

    Reply

Leave a Reply to ငပေါက်ဖော် Cancel Reply

Your email address will not be published.