နိုင်ငံရေး ဟာသများ

True FaithMay 28, 20101min02

သတိပေးခြင်း

စိတ္တဇဆေးရုံမှ ဆေးရုံအုပ်ကြီးက လူနာများကို ညွှန်ကြားနေသည်။

“မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား။ နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက “အဟမ်း” လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်”

နောက်တစ်နေ့ ….

နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ကာ  အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာကား…

“မင်းဘာလို့ လက်ခုပ်မတီးတာလဲ။ အသားဟင်း မစားချင်ဘူးလားကွ” ဟူသတည်း။

……………………………………………………………………………………………………….

ဖော်ကောင်

လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို “အသုံးမကျတဲ့လူ၊ ဥဏှောက်မရှိတဲ့လူ” လို့ ပြောလို့ အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁ဝနှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။

တရားခံ။   ။ “ကျနော့်ကို ဘာလို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ချမှတ်ရတာလဲ”

တရားသူကြီး။   ။ “ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက်။

ပြစ်ဒဏ် ၁ဝ နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိုဖော်ကောင်လုပ်တဲ့အတွက်”

……………………………………………………………………………………………………

အားလုံးပျော်ဖို့

တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး

နိုင်ငံအခြေအနေကို လှည့်လည်ကြည့်ရှုကြတယ်။

အဲဒီအချိန်မှာ ပထမ အကြီးအကဲတယောက်က သူ့ရဲ့စိတ်ကူးကို စပြောတယ်။

” တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက

အရမ်းပျော်မှာပဲကွ…နော်”

အဲလိုပြောတော့ ဒုတိယအကြီးအကဲက အားကျမခံ ” ၅၀ဝ တန်နှစ်ရွက် ပစ်ချလိုက်ရင်

လူနှစ်ယောက် ပျော်ရမှာကွ”

တတိယ အကြီးအကဲကလည်း ဘယ်နေပါ့မလဲ။

” ၁၀ဝ တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်နော့်”

သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အမြင်ကပ်လာပြီး ခုလို

ပြောလိုက်တယ်။

“အကြီးအကဲတို့ သုံးဦးစလုံးသာ ခုန်ချလိုက်ရင် ဒီနိုင်ငံမှာရှိတဲ့ လူတွေအကုန်လုံး ပျော်ကြမှာဗျ”

……………………………………………………………………………………………………….

ဘုရားသခင်တောင် မမှီနိုင်တော့

တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ ့ဘဘကြီးရယ်

ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။

ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက်

မေးကြတော့တာပေါ့။

ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။

“ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမာ္ဘကြီးတစ်ခုလုံးကို နိုင်ငံရေး၊ စစ်ရေးအရ

ပြိုင်ဘက်မရှိ လွှမ်းမိုးနိုင်မှာလဲ သိပါရစေ”

ထာဝရဘုရားသခင်က ခေတ္တ့စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။

“ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး”

ထာဝရဘုရားသခင် အဖြေကိုကြားတော့ အမေရိကန်သမ္မတလည်း ငိုပါလေရော။

တရုတ်သမ္မတကလည်း မေးပြန်တယ်။

“ဘယ်တော့များမှ တရုပ်ပြည်ဟာ ကမာ္ဘ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ။ သိပါရစေ

ဘုရားသခင်”

ထာဝရဘုရားသခင်က ခုနလိုပဲ ခဏစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။

“ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး”

တရုတ်သမ္မတလည်း ငိုပြန်ပါလေရော။

နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။

“ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ။ သိပါရစေ ဘုရားသခင်”

ဘဘကြီးရဲ့ မေးခွန်းကို ကြားတော့ ဘုရားသခင်က ငိုပါလေရော။

ခဏနေတော့ မျက်ရည်လည်ရွှဲကြားက ဘုရားသခင်က ပြန်ဖြေတယ်။

“ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးကွ”

…………………………………………………………………………………………………………………..

(နရသိန် အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြသည်။)

2 comments

  • koyinmaung

    November 6, 2011 at 9:31 pm

    အတော်ကောင်းတဲ့ဟာသတွေပါဘဲ….

    Reply

  • nature

    October 18, 2012 at 12:13 pm

    I like very Joke

    Reply

Leave a Reply

Your email address will not be published.