မြန်မာပြည်အင်္ဂလိပ်စာအရည်အသွေး နှင့် ဘာသာပြန်တတ်တိုင်းစာရေးစားကြသူများ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပညာရေးစနစ်ညံ့ဖျင်းတယ်လို့ပဲစပြောကြပါစို့။

English အထူးပြုနဲ့ ဘွဲ့ရထားတဲ့ကျောင်းသားတစ်ယောက် အင်္ဂလိပ်စာကို ကောင်းကောင်းမဖတ်နိုင်တာ မရေးနိုင်တာ ဝမ်းနည်းစရာပေါ့။ ဘွဲ့ရကျောင်းသားတွေရဲ့ ၉၀% နောက်က အင်္ဂလိပ်စာဆိုကြောက်ကြတယ်။ ထပ်ပြောရရင် အတန်းကျောင်းတွေအားလုံးမှာ အင်္ဂလိပ်စာကို သချင်္ာတွက်သလို Formula နဲ့ သင်တယ်။ ဒါတွေ့..ဒါထည့်..ဒါပြောင်း… ကဲ..ဘယ်လိုလုပ်ကြမလဲ။

ကွန်ပျူတာနဲ့ပတ်သက်တဲ့စာတွေ၊ နည်းပညာပိုင်းဆိုင်ရာစာအုပ်တွေက အကုန်လုံး အင်္ဂလိပ်လိုနဲ့ရေးလာကြတယ်။အင်္ဂလိပ်လိုရေးခဲ့တာ အပြစ်မဟုတ်ဘူး။ ကိုယ်က သူများတီထွင်မှုကိုသုံးရင် သူတို့ရေးတဲ့စာကိုဖတ်ရင် သူတို့ရေးတဲ့ဘာသာနဲ့ပဲဖတ်ရမယ်။ကိုယ်မှမလုပ်နိုင် မရေးနိုင်တာကိုး…

အင်္ဂလိပ်စာ ဘာလို့ နိုင်ငံတကာသုံးဖြစ်လဲ… အင်္ဂလိပ်လူမျိုးတွေ နှစ်ပေါင်းများစွာကမ္ဘာတစ်ဝှမ်းလုံးလှည့်လည်သွားပြီး စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတွေမှာကြိုးစားအားထုတ်ခဲ့တော့ (နယ်ချဲ့ခဲ့တယ်ဆိုတဲ့စကားကို မသုံးဘူးနော်) သူတို့စကား၊ သူတို့စာပေ ကမ္ဘာတစ်ဝှမ်းလုံးဆီရောက်ခဲ့တယ်။

နောက်ပိုင်း အင်္ဂလိပ်စာနဲ့ စကားကိုပဲသုံးတဲ့ အမေရိကန်နိုင်ငံက ဘာသာရပ်တော်တော်များများ၊ တီထွင်မှုတော်တော်များများမှာ ဦးဆောင်နေတဲ့အတွက် အခုချိန်အထိ အင်္ဂလိပ်စကားက အရေးပါနေတယ်။

၂၀၀ဝ ခုနှစ်လောက်က မြန်မာပြည်ရဲ့ ပထမဆုံးကျွန်ပျူတာပြပွဲတွေမှာ MICT Park တောင် ဆောက်လက်စပဲရှိဦးမယ်ထင်ပါတယ်။

ကိုယ်ကလဲ ကွန်ပျူတာရူးဆိုတော့ တပ်မတော်ခန်းမမှာ ပြခဲ့တဲ့ ပြပွဲကိုရောက်ခဲ့တယ်။ အဲဒီမှာ စာလုံးအကြီးကြီးနဲ့ ကွန်ပျူတာဆိုတဲ့အကြောင်းကို ရှင်းပြထားတယ်ထင်ပါ့။

ကျွန်ပျူတာဆိုတာ အမာထည်နှင့် အပျော့ထည်ပေါင်းစပ်ကာ အလုပ်လုပ်သောအရာတဲ့။

ဖြစ်မှဖြစ်ရလေ Software သည် Software ။ Hardware သည် Hardware ဘာသာပြန်စရာမလိုပါဘူး။

ပညာရပ်ဘာသာစကား ( Technical Terms) ကို ဘာလို့များဘာသာပြန်ချင်ကြတာလဲကွယ်။

နောက်ပိုင်း ကွန်ပျူတာဂျာနယ်ဝယ်ဖတ်ဖြစ်တော့ ဘာတွေတွေ့ခဲ့ရလဲဆိုရင် ပျော့ပြောင်းပြီးလိုသလိုပုံသွင်းရနိုင်သောတဲ့ (Flexible) အချက်အလက်အခြေ (Database) တဲ့ ဒီလိုအသုံးအနှုန်းတွေကို စိတ်ပျက်စရာကောင်းလောက်အောင်တွေ့ရပြန်ရော။

ကောင်းပါပြီ..အဲဒါတွေဘာလို့ဖြစ်ခဲ့ရလဲ.. စာရေးတဲ့သူက အင်္ဂလိပ်စာကောင်းတဲ့လူဖြစ်လိမ့်မယ်

ဒါပေမယ့် နည်းပညာနဲ့ပတ်သက်ရင် ထဲထဲဝင်ဝင်မသိပဲ စွတ်ရွတ်ပြီးဘာသာပြန်သူဖြစ်လိမ့်မယ်။ ဒါမှမဟုတ်ရင်လဲ ဘာသာပြန်တယ်ဆိုတဲ့ အလုပ်ကို ကျွမ်းကျင်လို့မဟုတ်ပဲ (Professional ) ဖြစ်လို့မဟုတ်ပဲ အခွင့်အရေးရတုန်း အားကုန်ထုတ်ပြီး ပြန်ထည့်လိုက်တယ်လို့ခန့်မှန်းလိုက်တယ်။

Microsoft Press တွေဖတ်ဖူးပါတယ်။ စာရေးတဲ့သူတွေက MCP, MCSE, CISSP အဲဒီလိုမျိုး Certificate ရတဲ့သူတွေ၊ CompTIA ကစာအုပ်ရေးသူတွေကလဲ အဲဒီလို ဘွဲ့တွေမှာ Professional တွေအဖြစ်နဲ့ နှစ်ပေါင်းများစွာလုပ်ပြီးရေးခဲ့တာတွေပါ။

အခုတော့ ကျွန်တော်တို့ဆီက ကွန်ပျူတာနဲ့ ပတ်သက်တဲ့စာအုပ်တွေတွေ့လိုက်ရတိုင်း ရင်နာလို့မဆုံးပါဘူး။

Facebook အသုံးပြုနည်း။ Gmail အသုံးပြုနည်း၊ အင်တာနက် အီးမေးလ် အသုံးပြုနည်း။ iPhone အသုံးပြုနည်းလမ်းညွှန်၊ Windows DVD Maker ဖြင့် DVD ဖန်တီးခြင်းဆိုလားပဲ။ တကယ်တော့ အခြေခံကို ခိုင်အောင်မသိတော့ အသစ်မြင်တိုင်းအသစ်လို့ ထင်နေကြတာပဲ။ Facebook သုံးဖူးတဲ့လူလဲ Google + သုံးဖို့မခက်ပါဘူး။ အဲဒီလိုပဲ အမေးခံရဖူးတာပြောပြဦးမယ်။ ကွန်ပျူတာအကြောင်းမေးချင်လို့တဲ့ ဒီကလဲအားကိုးတကြီးဖုန်းဆက်လာတာဆိုတော့ ဝမ်းသာအားရဖြေမယ်လုပ်တော့ Facebook မှာ ဓာတ်ပုံဘယ်လိုတင်ရလဲတဲ့။ သတ်ပဲသေလိုက်ချင်ပါတော့တယ်။ စာတွေရေးထားတယ် GUI လို့ခေါ်တယ် Graphical User Interface နဲ့ လွယ်အောင် Icon တွေ၊ ပုံတွေပြထားတယ်။ အဲဒါတောင် ခက်နေချင်သေးလားပေါ့။

အခုတလော စာပေတိုက်တော်တော်ကြီးကြီးတစ်ခုပါဗျာ (နာမည်ပြောတော့ဘူး) ကွန်ပျူတာစာအုပ်တွေထုတ်ပါတယ်။

Android Software ရေးသားနည်းဆိုပဲ။ ဖတ်ကြည့်လိုက်တော့ အင်တာနက်ကရတဲ့အကြောင်းအရာလေးတွေနဲ့ မဖြစ်စလောက်

ဥပမာလေး တွေကို ဘာသာပြန်ရေးထားပြီး အထဲမှာပါတဲ့ပုံတွေက အင်တာနက်ပေါ်က ကူးယူထားတဲ့အတိုင်းပဲ ပြန်ထည့်ပေးထားတာတွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် Credit လေးတော့ပေးသင့်တာပေါ့။ ဖတ်ကြည့်တော့ နောက်ဆုံးမှာ စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်ပြီး ပိုမိုသိလိုရင်တဲ့ ဆက်သွယ်ရန်ဆိုပြီး Gmail တစ်ခုတောင်ထည့်ပေးထားသေးတယ်ဗျာ။

ရှက်တတ်မယ်ဆိုရင် စာရေးသူကြီး နဲ့ ထုတ်ဝေတဲ့စာအုပ်တိုက်ကြီးရှက်သင့်ပါတယ်။ တခြားလူတွေ ဦးနှောက်နဲ့အချိန်တွေရင်းပြီး ရေးထားတဲ့ Software တွေနဲ့ Manual တွေကို အင်တာနက်ပေါ်က တစ်စစီရှာဖွေပြီး Credit လေးဖြစ်ဖြစ် Reference လေးဖြစ်ဖြစ်မပေးပဲ တတ်သလိုလိုလုပ်ပြီး စာအုပ်တွေထုတ်ရောင်းနေတာကိုတော့ဖြင့် ရှက်သင့်တားသင့်ပြီလို့ထင်တာပဲ။ တချို့ဆို Crack Application တွေကို CD နဲ့ပါထည့်ပြီး Microsoft Press က 180 Days Version လိုမျိုးပေးပါသေးတယ်။

ဘာသာပြန်ကြပါ..ကျွန်တော်တို့ဆီမှာ အင်္ဂလိပ်စာအားနည်းတဲ့အတွက် ဗမာလိုဖတ်ရတာကို ပိုပြီးတော့ အားသန်ကြတဲ့အတွက် တကယ်လို့များ စေတနာရှိတယ်ဆိုရင် Windows XP Professional တို့လို၊ Windows Server 2003 တို့လို Microsoft Press တွေ၊ A+ Network+ တို့လို Certificate Exam Book တွေကို သေချာလေ့လာပြီး လူငယ်တွေ လေ့လာရလွယ်အောင် ဘာသာပြန် စေချင်ပါတယ်။

ရောင်းကောင်းရင်ပြီးရော ငွေကြေးအဓိကထား စာအုပ်များထက် စေတနာပရပွနဲ့ စာအုပ်များကိုသာကြိုဆိုပါကြောင်း…

ကြောင်ဝတုတ်

၂၀၁၁ နှစ်ကုန်ပိုင်း၊ ရန်ကုန်

6 comments

  • utawgyaw

    December 22, 2011 at 6:49 pm

    ဟုတ်ပ ကိုကြောင်ဝတုတ်ရာ ရှက်လဲရှက်ကြဝူး.. ရင်မောတယ်…

  • super

    December 22, 2011 at 7:00 pm

    ကိုကြောင်ဝတုတ်ရေ ကျနော့်လို အင်္ဂလိပ်စာ ညံ့တဲ့လူအတွက်ကတော့ မြန်မာပြန်ထားတဲ့ ကွန်ပျူတာ စာအုပ်လေးတွေအားကိုးရတာပါပဲ၊ အဲ့လိုစာအုပ်တွေဖတ်၊ လက်တွေ့လေ့လာပြီး၊ လိုအပ်တာလေးတွေကို ကိုယ်ဖတ်ထားတာလေးနဲ့ အွန်လိုင်းမှာ အင်္ဂလိပ်လို ရေးထားတဲ့ မူရင်း သင်ခန်းစာဆိုဒ် ကလေးတွေ ရှာဖတ်ရတာပါ….. A+, Network+ တို့လို ဘာသာပြန်စာအုပ်တွေလည်း ရှိပါတယ် ကိုကြောင်ဝတုတ် မတွေ့မိတာနေပါလိမ့်မယ် ………………………. 🙂

  • FattyCat

    December 23, 2011 at 8:53 am

    စူပါရေ-
    A+ တို့ Network + ဆိုတဲ့စာအုပ်တိုင်းဟာ အမြဲတမ်း Update လုပ်နေတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်တွေပါ။
    ကျွန်တော်တို့ဆီမှာလဲ အမြဲတမ်း Update လုပ်နိုင်သလားဆိုတာ ပြန်ကြည့်ရအောင်
    နောက်တစ်ချက်က
    A+ Network+ ဆိုတာ မြင်သာအောင်ရေးလိုက်တာပါ။ CISCO လို စာအုပ်တွေ၊ Advance Excel လို တကယ်အသုံးတည့်တဲ့စာအုပ်တွေကို ဘာသာပြန်စေချင်တာပါ။ အဲလို ဘာသာပြန်တာတွေကို ကြိုဆိုတာပါ။
    စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ မိတ်ဆွေကို ရောင်းရပြီးရောဖြစ်သလိုလုပ်ရင် အဖိုးမတန်တဲ့အပေါစားမိတ်ဆွေတွေချည်းပဲ ကျွန်တော်တို့တွေ့နေရမှာပေါ့။

  • inz@ghi

    December 23, 2011 at 9:02 am

    သည်နှစ်ထဲမှာပဲ အမှီ မန့်လိုက်ပါတယ် ဦးကြောင်ဝတုတ်ရေ….
    အပိုင်း ၃ပိုင်း တွေ့တယ်ခည..

    အပိုင်း-၁ ဘိုစာလုံးကိစ္စ အရင်မန့်မယ်ခညာ ….
    (နောက်၂ပိုင်း အကြွေးမှတ်ထား..)
    အစ်ကိုတို့ ကျနော်တို့ ရေးတဲ့ အနှီ ဘိုစာလုံးတွေအတိုင်း ဗမာစာတွေကြားမှာညှပ်ညှပ်ရေးတာကို
    ကွန်ဇာဗေးတစ်ဗ် တွေက ကန့်ကွက်တယ်ခည ….သည်တော့ အပျော့ထည် အမာထည် ဖြစ်ကုန်ရော..
    စာပေကင်ပေတိုင်ရဲ့ သဘော ကလည်း ရှိသေး ကိုးဗျ….
    (စကားမစပ်- Middleware ဆို ..အလယ်ထည် ဖြစ်မလားမသိ..အာဟိ)

    အသစ်ကလေးတွေ လုပ်ကြည့်ဦးမှ ..
    microsoft windows azure – ဆို ..အနုမြူအပျော့ ပြတင်းပေါက် မိုးပြာ …..

    အိခ် …..ကောင်းရော …..

    😀
    😀

    ခင်တဲ့
    iNZ@GHI

  • ကြောင်ကြီး

    December 23, 2011 at 11:35 am

    သဂျီးကတော့ ပလေးဘွိုင်းမဂ္ဂဇင်းကို “အားကောင်းမောင်းသန် ဖျတ်လက်တက်ကြွ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လူသားကျင့်ဝတ်နှင့် လျော်ကန်စွာသော ယောက်ျားကောင်း ယောက်ျားမြတ်များ ဖတ်ရှုသော လစဉ်ထုတ်စာအုပ်” လို့ ဘာသာပြန်ထားသဗျ။။။

  • FattyCat

    December 23, 2011 at 12:56 pm

    ဘာမှန်းမသိရင် ဓာတ်ထည့်တယ်ဆိုတဲ့အရင်တုန်းက မြန်မာစကားလိုဖြစ်မှာစိုးလို့ပါ..
    ဘာနဲ့လုပ်ထားမှန်းသေချာမသိတဲ့ ဓာတ်ပြားထဲကအသံထွက်တော့ ဓာတ်ပြားဆိုသလို…
    ဘယ်လိုဖြစ်ပြီး စာရွက်ပေါ်မှာပုံတွေပေါ်လာမှန်မသိတဲ့ပုံကို ဓာတ်ပုံလို့ခေါ်ခဲ့တယ်..
    ကံကောင်းတာက ကွန်ပျူတာကို ဓာတ်တွက်ချက်ရိုက်စက်လို့ မခေါ်ခဲ့မိတာကံကောင်းတယ်မှတ်ပေါ့နော်…
    အမေရေ- သားတော့ ဓာတ်ချိတ်ဆက်မှုဆိုင်မှာ ဓာတ်ချိတ်ဆက်မှုလုပ်လိုက်တာ ပိုက်ဆံတော်တော်ကုန်ခဲ့တယ်ပေါ့….
    တကယ်တော့ Technical Terms ကိုတော့ ဒီအတိုင်းပဲထားလိုက်သင့်တယ်လို့မြင်တာပဲ
    တကယ်တော့ ဒီထက်ပိုပြီးတော့ မြန်မာနိုင်ငံနည်းပညာနဲ့ပတ်သက်တဲံ စာပေအဆင့်အတန်းလေးတွေ မြင့်စေချင်တာ ကျွန်တော့်စေတနာပါ…

    ဂီဂီပြောသလို ကွန်ဇာဗေးတစ်ဗ်တွေ စာပေကင်ပေတိုင်တွေအကြောင်းတော့ဗျာ ကျွန်တော်အဆက်အစပ် မရှိလို့မသိဘူး..ဂီဂီရေ နင့်ကွန်မန့်လေးဆက်ပါဦး…

Leave a Reply