ဒေးဗစ်ချန်း…

kotun winlattDecember 13, 20111min015

ကျုပ်ကို ရွာကလူတွေက ဒေးဗစ်ချန်းတဲ့ … ဘာလို့ခေါ်မှန်းမသိပေမယ့် ကျုပ်မှာ

 

ဘယ်ဘက်လက်တစ်ဘက်မရှိဘူး … လက်ကောက်ဝတ်ကနေဖြတ်ထားရတာ။

 

အသက်လား ၁၈ နှစ်ပါ .. မိသားစုနဲ့ အတူနေတယ် ။ လက်ရှိမိသားစုထဲမှာ အကြီးဆုံးပေါ့။

 

အထက်ကအစ်မတွေတော့ အိမ်ထောင်ကျကုန်ပါပြီ။ အမေလည်းဆုံးသွားတာ သုံးနှစ်လောက်

 

ရှိပါပြီ။ အဖေကတော့ ရထားပေါ်မှာ ဈေးလိုက်ရောင်းတယ်။ အဆင်ပြေတယ်မရှိလှပါဘူးဗျာ။

 

အဖေက အကျင့်မကောင်းဘူးလေ ။ လက်ထဲမှာငွေရှိလာရင် အရက်သောက် ဖဲရိုက်

 

မူးလာရင် ကျုပ်နဲ့ ညီ ၊ ညီမလေးတွေကို ရိုက်တယ်။ အဓိကတော့ ကျုပ်ကိုပေါ့

 

သောက်သုံးမကျတဲ့ကောင် ၊ သောက်ရူး ၊ သူတောင်းစား အစရှိသဖြင့်ပေါ့ ။ ကျုပ်ကို အမေ

 

မွေးတုန်းကတော့ ခြေစုံလက်စုံပါပဲ ။ ရုပ်ရည်ကလည်း မိသားစုထဲမှာ အချောဆုံးပေါ့ ။

 

ကျုပ်တိုမိသားစုကများ အဖေကလည်း မူးရူးနေတော့ ထမင်းနပ်မမှန်ဘူး ။ ကျုပ်စာသင်ကျောင်း

 

ကိုလည်းနှစ်တန်းထိပဲနေရတယ်။ ၈ နှစ် ၉ နှစ်သားလောက်ကစပြီး အလုပ်လုပ်ရတယ်။

 

လ္ဘက်ရည်ဆိုင်မှာ စားပွဲထိုး ၊ လက်သမားနေ့စား ၊ ပန်းရံနေ့စား ၊ သူရင်းငှား ..အို.. အစုံပါပဲဗျာ။

 

ကျုပ်မငြီးမငြူလုပ်ခဲ့ပါတယ်။ နောက်တော့ခေါက်ဆွဲစက်မှာ လစားအလုပ်ရတယ်။

 

အဲ့တုန်းက အသက် ၁၃ နှစ်လောက်ရှိပြီလေ။ ခေါက်ဆွဲစက်က မနက်သုံးနာရီခွဲမှာ

 

စဆင်းရတယ်။ မနက် ၆ နာရီဆို အလုပ်ပြီးပြီ။ ကျုပ်က ပေါင်းထားတဲ့ ထမင်းတွေကို

 

အမှုန့်ကြိတ်တဲ့နေရာမှာ အမှုန့်ကြိတ်စက်ကိုင်ရတယ်။ ခေါက်ဆွဲမျှင်တွေ မဖြစ်ခင် အပြားလိုက်

 

ထုတ်ပေးတဲ့နေရာပေါ့ ။ အဲ့နေ့ကို ကျုပ်မှတ်မိနေသေးတယ်။ ကျုပ်တို့ဆီကနှစ်စဉ်ဘုရားပွဲပေါ့။

 

တပို့တွဲလဆန်း ၁ဝ ရက်ကနေ စပြီး လပြည့်နေ့မှာ ပွဲပြီးတယ်လေ။ နယ်စုံကဈေးသည်တွေ

 

နဲ့ ဘုရားဖူးလာတဲ့ လူတွေပါတော်တော် စည်တယ်ဗျ ။ တပို့တွဲလဆန်း ( ၁၂ ၊ ၁၃ ၊ ၁၄ )

 

ရက်တွေဆို လူတွေတိုးမပေါက်အောင် အစည်ဆုံးပဲ ။ ကျုပ်အလုပ်လုပ်တဲ့ ခေါက်ဆွဲစက်က

 

ပွဲရက်အတွင်းဆိုရောင်းအားကောင်းလို့ နားရက်မရဘူး ။ နေ့ဘက်ကိုလည်းမနက်စောစောထရတာမို့

 

နေ့ပွဲကို မသွားနိုင်ဘူးလေ။ ဒါနဲ့ ( ၁၃ ) ရက်နေ့ညကို ကျုပ်ပွဲသွားခဲ့တယ်။ ကျုပ်ကပွဲတော့တော်တော်

 

ကြိုက်တာ။ ပွဲခင်းထဲရောက်တော့ ဈေးတန်းထဲမှာ တောင်လျှောက်မြောက်လျှောက် လှည့်ကြည့်ပြီး

 

ပွဲကနေတဲ့ ဇာတ်ရုံထဲဝင်ခဲ့တယ် ။ ဇာတ်ကမန္တလေးကဇာတ်လေ ။ နာမည်တော့မမှတ်မိတော့ဘူး။

 

ကြည့်ကောင်းကောင်းနဲ့ ကြည့်နေလိုက်တာ မနက်နှစ်နာရီထိုးသွားတယ်။ ပြန်ဖို့ ပွဲခင်းထဲက ထွက်လာပြီး

 

ပွဲခင်းအစပ်မှာ မြင်းလှည်းစောင့်နေလိုက်တယ်။ ဪ..ပွဲခင်းနဲ့ ကျုပ်တို့ရွာက တစ်မိုင်လောက်ဝေးတယ်လေ။

 

ပွဲခင်းကနေ အိမ်ပြန်ရောက်တော့ မနက်သုံးနာရီထိုးတော့မယ် ဒါနဲ့ ကျုပ် အလုပ်ရှိရာကို ထွက်လာခဲ့တာ။

 

တပို့တွဲလ ဆောင်းရာသီက ကျုပ်တို့ဆီမှာ တော်တော်အေးတာဗျ ။ အလုပ်ဆီရောက်တော့ ထမင်းပေါင်းမရ

 

သေးလို့ မီးလှုံရင်းစောင့်နေလိုက်တယ် ။ အနွေးဓာတ်လေးရလာတော့ ကျုပ်အိပ်ချင်လာပြီ။

 

ဒါပေမယ့်အိပ်လို့ မဖြစ်သေးဘူး…. ထမင်းပေါင်းကျက်တော့ ကျုပ်အလုပ်စရတယ်…. ကြိတ်ဆုံထဲကို

 

ထမင်းတွေထည့်ကြိတ်ပေါ့ဗျာ… အလုပ်သာလုပ်နေရပေမယ့် အိပ်ချင်စိတ်က ပျောက်မသွားဘူး။

 

ကြိတ်ဆုံထဲက လျှံထွက်လာတဲ့ ထမင်းတွေကို ခါတိုင်းတော့ သစ်သားယောင်းမနဲ့ ပြန်ြုပန်ဖိချပေးရတာလေ။

 

ဒီနေ့တော့ လက်နဲ့ပဲ ပြန်ဖိချနေမိတယ်။ တစ်ကြိမ်တော့ လျှံတက်လာတဲ့ ထမင်းတွေကို လက်နဲ့ဖိအချ

 

အိပ်ချင်စိတ်ကလည်းထိန်းမရဖြစ်ပြီး အိပ်ငိုက်သလိုဖြစ်သွားတာနဲ့ ကွက်တိဖြစ်ပြီး

 

လက်ကစက်ထဲပါသွားရော။

 

ကျုပ် အသံကုန်အော်ပြီး ပြန်ဆွဲထုတ်လိုက်တယ်… ပြန်ထွက်လာတဲ့ ကျုပ်လက်မှာ လက်ချောင်းတွေရော

 

လက်ဝါးပါ ပြန်ပါမလညတော့ဘူး။ သွေးတွေလည်း ရဲသွားတာပါပဲ။ နောက်ပိုင်းတော့

 

ကျုပ်ဘာမှမသိတော့ဘူး။

 

အဲ့လိုနဲ့ ကျုပ်ဟာ လက်ကောက်ဝတ်ကနေဖြတ်လိုက်ရပြီး လက်တစ်ဘက်ပြတ်ဖြစ်သွားရတာပါ။

 

အလုပ်ရှင်က နစ်နာကြေးအဖြစ် ပေးပါတယ်။ အဲ့ငွေနဲ့ ကျုပ်သင်္ကန်းဝတ်လိုက်ရတယ်။

 

ကျန်တာတွေတော့ အဖေ ဘာလုပ်လိုက်တယ်မသိဘူး။ နောက်ဆုံးတော့ ဒုံရင်း ဒုံရင်းဘဝပဲ

 

ပြန်ရောက်သွားတော့တာပါ။

 

ကျုပ်လက်ဖြတ်ရပြီးတဲ့နောက်ပိုင်းမှာ အားငယ်မိတယ်။ ပိုဆိုးတာက ဘာမှန်းမသိတဲ့ရောဂါ

 

တစ်ခုက ပေါ်လာတာပါပဲ။ ပါးစပ်ကနေအမြုပ်တွေထွက်ပြီး ပစ်ပစ်လဲတယ်။ ရွာသားတွေ

 

အပြောအရတော့ ဝက်ရူးပြန်တာတဲ့။ ကျုပ်တော်တော် စိတ်ဓာတ်ကျသွားတယ်။ လုပ်ချင်ကိုင်ချင်

 

စိတ်လည်း မရှိတော့ဘူး။ အိမ်မှာလည်း အဖေကမူးရူးပြီး ပြသနာရှာ ကျုပ်သေသွားရင်

 

ကောင်းမှာပဲလို့တွေးပြီး အိမ်နားက ရထားသံလမ်းမှာ ခေါင်းတင်ပြီး သွားသွားအိပ်ပေမယ့်

 

တွေ့တဲ့လူတွေက ပြန်ပြန်ခေါ်လာကြတယ်။ ကျုပ်အိမ်မှာလည်းမနေချင်ဘူး။ ကြာလာတော့

 

ကျုပ်မကျေနပ်တာတွေကို ပါးစပ်ကနေ တစ်ယောက်တည်း တတွတ်တွတ်ရွတ်နေမိတယ်။

 

ညညဆိုလည်း အိပ်မပျော်ဘူး ..မဟုတ်ဘူး..မအိပ်ချင်တာ… အတွေးတွေက အားငယ်လိုက်

 

အားတက်လိုက် … ဒီတော့ အားငယ်တဲ့အခါ ငိုလိုက် အားတက်တဲ့ အခါရယ်လိုက်နဲ့ပေါ့။

 

ကျုပ်ဘာမှမလုပ်တော့ အဖေကထမင်းမကျွေးဘူး ။ ဆူတယ်၊ ဆဲတယ်၊ ရိုက်တယ် ကြာတော့

 

ကျုပ်မခံနိုင်တော့ဘူး ။ ကျုပ်အဖေကို ပြန်ပြောတယ် ၊ ပြန်ဆဲတယ် ၊ သူရိုက်ဖို့လိုက်ရင်

 

ထွက်ပြေးတယ်။ ခုတော့ ကျုပ်အိမ်မှာ အဖေနဲ့ အဆင်ပြေတဲ့ အခါနေတယ်။ အဆင်မပြေရင်

 

ဘူတာရုံမှာ အိပ်တယ်။ ဘုန်းကြီးကျောင်းမှာ ထမင်းဟင်းတောင်းစားတယ်။ တစ်ခါတစ်လေ

 

စားစရာမရှိရင် ဆိုင်တွေ အိမ်တွေမှာ အလစ်သုတ်တာပေါ့။ ပတ်ဝန်းကျင်က ကျုပ်ကိုပြောတယ်

 

အရူးပါးတဲ့ ။ ဘာပဲဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ပါဘူး ။ ရဲတွေလား ဖမ်းတာပေါ့။ အချုပ်ထဲမှာ တစ်ည

 

အိပ် နောက်ရက်ပြန်လွှတ် … အချုပ်ထဲမှာနေရတာက ကျုပ်အတွက် ပိုတောင်လုံခြုံသေး…..

 

ဒါပေမယ့် သူတို့ကကျုပ်ကို တစ်ရက်အပြင်ပိုမထားကြဘူး။ နောက်မလုပ်ဘို့ ဆုံးမ

 

စကားတွေပြောပြီး ပြန်လွှတ်ပေးတာပါပဲ။ ကျုပ်ကတော့ ရယ်လိုက် ၊ ငိုလိုက် ၊

 

ပါးစပ်ကအမြုပ်တွေထွက်ပြီး ပစ်လှဲလိုက် ၊ အဖေနဲ့ စကားများပြီး ပြေးတမ်း

 

လိုက်တမ်းကစားလိုက်နဲ့ ဘဝရဲ့ခရီးကို ဖြတ်သန်းနေပါတယ်။

 

ကျုပ်မှာ သိတာကဆာရင် တောင်းစားမယ် မရရင်ခိုးစားမယ်…..

 

အလုပ်ကတော့မလုပ်တော့ဘူးဗျို့ …ကျုပ်အလုပ်တွေလုပ်ခဲ့ပေမယ့်

 

မနက်စာတစ်နပ် ညစာတစ်နပ်အပြင်ပိုမစားရပါဘူး။ ခု ကျုပ်အလုပ်မလုပ်ပေမယ့်

 

မနက်စာတစ်နပ်ညစာတစ်နပ်တော့ စားနေရတာပဲလေ…..

 

ကဲ..ဒီတော့ ကျုပ် အလုပ်မလုပ်တော့ပါဘူး……….

15 comments

  • lulinmg

    December 13, 2011 at 11:58 am

    ဘာဖြစ်လဲဒေဗစ်ချမ်းပဲပေါ့လေ

    Reply

  • inz@ghi

    December 13, 2011 at 12:07 pm

    ဖတ်ရတာ ..ရင်ထဲမကောင်းလိုက်တာဗျာ …
    သည်လို ဘဝမျိုးတွေအတွက် တခုခုလုပ်မပေးနိုင်တာကိုလည်း ရှက်မိပါသည်

    🙁

    Reply

  • kotun winlatt

    December 13, 2011 at 12:10 pm

    ဟုတ်တယ်..အစ်ကိုရေ..စိတ်မကောင်းစရာပါပဲ…
    ကျနော်ဒီပို့စ်လေးကိုရေးထားတာကြာပါပီ…
    အခု အဲ့ဒေးဗစ်ချန်းလေး မရှိတော့ဘူးဗျ..
    ရထားကြိတ်ခံရလို့ ဆုံးသွားတာ
    သုံးလလောက်ရှိတော့မယ်…အစ်ကိုရေ….
    စိတ်မကောင်းဖြစ်ရုံကလွဲပြီးးး ဘာမှမလုပ်ပေးနိုင်ခဲ့ဘူးဗျာ…

    Reply

  • Moe Z

    December 13, 2011 at 12:12 pm

    ဖတ်ပြီးတော့ မောသွားတယ် 🙁 တကယ့်အဖြစ်အပျက်လားဟင် ??
    ဟုတ်တယ်ဆိုရင်လည်း ဘဝကိုအဲဒီလောက်လွယ်လွယ်အရှုံးပေးလို့ဘယ်ဖြစ်မလဲ
    ပတ်ဝန်းကျင်ကလူတွေကလည်း နားလည်ပြီးအကူအညီပေးသင့်တယ်

    Reply

    • Moe Z

      December 13, 2011 at 12:34 pm

      အဲ… sorry ! မိုးစက် ဒီပို့စ်ကိုဖွင့်တော့ ကွန်မန့်တစ်ခုထဲရှိသေးတယ်
      ီဘယ်လိုဖြစ်ပြီး ၄ ခုတောင်တက်သွားတာပါလိမ့်
      ပို့စ်ပိုင်ရှင်က ရှင်းပြပြီးသားဖြစ်သွားပြီ
      connection ကြောင့်ထင်တယ်

      Reply

  • kotun winlatt

    December 13, 2011 at 12:39 pm

    ဟုတ်ကဲ့ဗျာ…ပတ်ဝန်းကျင်ကလူတွေ အကူအညီပေးသင့်တယ်ဆိုပေမယ့်
    သူ့အဖေကြောင့် ရွာကလူတွေ ဘာမှလုပ်မပေးနိုင်ဖြစ်နေရတယ်..
    သူ့အဖေအကြောင်းရေးထားတာရှိသေးတယ်…
    နောက်မှ တင်တော့မယ်ဗျာ…..ကျနော်စိတ်မကောင်းလို့ပါဗျာ..။

    Reply

  • Wow

    December 13, 2011 at 1:39 pm

    တကိုယ်ကောင်းဆန်တယ်ပဲဆိုဆို အဲလို ဇတ်နာတဲ့ဘဝမျိုး မမြင်ရ မကြားရတဲ့ ကိုယ်ဖြစ်ရပါလိုကြောင်း ဆုတောင်းချင်ပါတယ်…

    Reply

  • windtalker

    December 13, 2011 at 3:20 pm

    ကိုထွန်းဝင်းလတ်ရေးတဲ့ ဒေးဗစ်ချန်း လို လူစားမျိုးတွေ ကျုပ်တို ့နိုင်ငံမှာ ဘယ်လောက်များနေပြီလဲ မသိဘူး ။
    ကျုပ် အသိတစ်ယောက်ကတော့ ဩဇီမှာ အလုပ်လုပ်ရင်း အက်စီးဒင့်ကြောင့် လက်ချောင်းလေး နှစ်ချောင်း ပြတ်သွားတယ် ။ တစ်သက်လုံးစာအတွက် လျော်ကြေးရတယ် ဆိုဘဲ ။ တခြားဘာအလုပ်မှတော့ မလုပ်ရတော့ဘူးတဲ့ ။ လုပ်ခွင့်မပြုဘူးပေါ့ဗျာ ။ အခု တက္ကစီခိုးမောင်းနေတယ် ဆိုကလားဘဲ ။ ကွာပုံများ

    Reply

  • နွယ်ပင်

    December 13, 2011 at 4:13 pm

    ဖတ်ပြီးစိတ်မကောင်းလိုက်တာ ဒီလိုလူမျိုးတွေ
    မြန်မာနီုင်ငံမှာ အများကြီးရှိလိမ့်မယ်ထင်တယ်

    Reply

  • pooch

    December 13, 2011 at 4:48 pm

    စိတ်မကောင်းဘူး ဟိုးအောက်ခြေက လူတန်းစားတွေ ကောင်းချင်တဲ့ဆန္ဒရှိပါရက်နဲ့ အခွင့်အရေးမရတတ်ကြဘူး ဘဝပေးအခြေအနေကြောင့်ရယ် မသိနားမလည်မှုရယ်

    Reply

  • laypai

    December 13, 2011 at 5:30 pm

    kotun winlatt ရေ ကာယကံရှင် ကိုယ်တိုင် ပြော ပြ သွားတာပေါ့ နော်။
    ဒါမှ မဟုတ် kotun winlatt က သူ့ နေရာ မှာ ဝင်ခံ စားပြီး ရေး ပေးတာလား။

    Reply

  • kotun winlatt

    December 13, 2011 at 5:37 pm

    ဟီးးးးးသူတော့ဘယ်ပြောပြပါ့မလဲဗျ…သူ့နေရာဝင်ခံစားပြီး…
    ရေးထားတာပါ….သူ့ကိုကျနော် အမြဲ အားပေးစကားပြောတယ်လေ..
    တစ်ခါတစ်လေ သူစိတ်ဖောက်နေရင်တော့ ကျနော်အဆဲခံရတယ်ဗျ..
    ကျနော်ကလည်းးစတော့လေ..။ အဲ့တာသူ့နေရာကနေခံစားပြီးး
    ရေးလိုက်တာ ဒီပို့စ်လေးဖြစ်လာတာပါပဲဗျာ…။

    Reply

  • MaMa

    December 13, 2011 at 6:07 pm

    (ကျုပ်အလုပ်တွေလုပ်ခဲ့ပေမယ့်
    မနက်စာတစ်နပ် ညစာတစ်နပ်အပြင်ပိုမစားရပါဘူး။ ခု ကျုပ်အလုပ်မလုပ်ပေမယ့်
    မနက်စာတစ်နပ်ညစာတစ်နပ်တော့ စားနေရတာပဲလေ…..)
    ဆိုတော့ ဟုတ်တော့ ဟုတ်နေတာပဲ။
    ထမင်းနှစ်နပ်စားနေရတာချင်းတူပေမယ့် ခံစားချက်ခြင်းတော့ ကွာပါလိမ့်မယ်…. 🙁
    ဆက်ရေးပါဦး… အားပေးနေပါတယ်…

    Reply

  • kotun winlatt

    December 13, 2011 at 6:12 pm

    ဟုတ်ကဲ့ခင်ဗျာ…ရေးထားတာတော့ရှိတယ်ခင်ဗျ…
    ဆက်လည်းရေးပါဦးမယ်ဗျာ…
    ဟုတ်ပါတယ်ဗျာ ထမင်းနှစ်နှပ်စားရတာခြင်းတူပေမယ့်
    မတူတာတော့ မသေရုံတစ်မယ်နဲ့
    အာဟာရပြည့်ပြည့် ဒါကွာမယ်ထင်ပါတယ်ဗျာ..။

    Reply

  • comegyi

    December 13, 2011 at 8:32 pm

    စာရေးသူရဲ့
    တင်ပြပုံကလည်းကောင်းတော့
    ဒေးဗစ်ချန်းလေးရဲ့
    ဘဝက ပိုပြီး ပီပြင်သနားဖို့ကောင်းတာ
    တာပေါ့ဗျာ ….
    စိတ်မကောင်းစရာပါ ..

    Reply

Leave a Reply

Your email address will not be published.