တေးရေး တေးဆို ယာဉ်မောင်းစက်ပြင် …

lu ta loneMay 26, 20101min04

ကျနော်တို့ ထောင်ကျခါစ၊ ထောင်တထောင် မှာပေါ့။ ထောင်ဘူးဝမှာ ရှိတဲ့၊ ထောင်ကျရုံးလို့ ခေါ်တဲ့ အကျဉ်းသား မှတ်ပုံတင်ရုံးမှာ မှတ်ပုံ တင်ကြရပါတယ်။
အဲဒီရုံးဟာ တထောင် လုံးမှာရှိတဲ့ ထောင်ကျ အကျဉ်းသား တွေရဲ့ စာရင်းတွေ၊
လွတ်သွားတဲ့ လူတွေရဲ့ စာရင်းတွေ အားလုံးကို စာရင်း ပြုစုထားတဲ့ ထောင်ရဲ့
အရေးကြီးတဲ့ ရုံးတရုံးပေါ့။

အဲဒီမှာ ထောင်ကျရုံး တန်းစီး “မူဆာ” ဆိုတဲ့ ကုလား တယောက်ရှိတယ်။ သူ့ပုံစံကို
ပြောရရင် အရပ်က ၅ ပေ သာသာ လောက်ပဲရှိမယ်။ အဖြူရောင် တက်ထရွန် ဝမ်းဆက်ကို
ကော့နေအောင် ဝတ်ထားတယ်။ ရင်ဘတ်မှာ ဘောလ်ပင် အနီရောင်။ အပြာရောင်။
အနက်ရောင် ၃ ချောင်းကို ထိုးထားပြီး လက်ထဲမှာ လယ်ဂျာစာအုပ် ရှည်ကြီး ၃အုပ်
ကို အမြဲတမ်း ကိုင်ထားတယ်။

မနက်ပိုင်းမှာ ထောင်ကျခါစ လူသစ်တွေရောက်လာပြီဆိုရင် အဲဒီလယ်ဂျာစာအုပ်ကြီးကိုကြည့်ပြီး ထောင်ကျ လူသစ်
တွေရဲ့ နာမည်စာရင်းကို အော်ခေါ်ပြီး တယောက်ချင်းထိုင်ခိုင်းတယ်။ ပုံစံကတော့
တကယ့် ဂိုက်နဲ့ ဆိုက်နဲ့ပဲ ။

ဒါပေမယ့် ထောင်ကျလူသစ်တွေ လုံးဝမသိတဲ့ အချက်တချက်ရှိတယ်။ အဲဒီ မူဆာဟာ ဗမာစာ တလုံးမှ မတတ်တာ ကိုပဲ။
ညကတည်းက သူ့တပည့်တယောက်က မနက်ဝင်လာမယ့်လူသစ်တွေရဲ့ နာမည်ကို ဖတ်ပြီး
သူ့ကိုပြောပြရတယ်။ သူကအလွတ်ကျက်ပြီး မနက်ကျတော့မှ အိုက်တင်နဲ့
စာအုပ်ကိုမျက်နှာအပ်ပြီး နာမည်တွေကို တောက်လျောက်အော်တော့တာပဲ။

ပြီးရင်သူက ထောင်စည်းကမ်းတွေကို စကားကြီး စကားကျယ်နဲ့ ဖွဲ့နွဲ့ပြီး ပြောတယ်။
အဖေနာမည်မေးရင် ဘယ်လို ဖြေရမယ်၊ အလုပ်အကိုင်မေးရင် တခုပဲဖြေရမယ်၊
နေရပ်လိပ်စာမေးရင် အိမ်နံပါတ်ကစပြောရမယ်။စသဖြင့် ထောင်စည်းကမ်းတွေကို
သင်ပေးလေ့ရှိတယ်။

လက်ကလည်းမြန်သလား မမေးနဲ့ ထစ်ခနဲဆို ပါးရိုက်ပြီးသားပဲ။

ဒီလိုနဲ့ တရက်မှာ ထောင်ကျရုံးကို ထောင်ကျလူသစ်တွေရောက်လာတော့ မှတ်ပုံတင်တဲ့
လုပ်ငန်း စလုပ် တော့တာပေါ့။ တယောက်ပြီးတယောက် မှတ်ပုံတင်ရင်း
နောက်ဆုံးတယောက် အလှည့်ကို ရောက်လာ တယ်။

မူဆာကစပြီး မေးတယ်။

“နာမည်”
“ဂျစ်ကား”
ပါးကို ဖြောင်းခနဲရိုက်လိုက်တယ်။

“ဟေ့ကောင် နာမည်မေးနေတာ”
“ဟုတ်ကဲ့ အမေမွေးကတည်းက ပေးထားတာ ဂျစ်ကားပါပဲ”
“ဪ ဆောရီး ဖြစ်မှဖြစ်ရပလေ၊ နာမည်ကလည်း ဂျစ်ကားတဲ့”
“မြန်မာစာ တတ် မတတ်”
“မွှတ်”

မူဆာက ပါးကိုနောက်တချက် ဖြောင်းခနဲ ထပ်ရိုက်တယ်။

“တတ်ရင်တတ်တယ်ပြော၊ မွှတ်တွေဘာတွေ မပြောနဲ့”
“ဆရာက ခုနက လိုတိုရှင်းပြောရမယ်ဆိုလို့”
“ဟေ့ကောင် အဲဒီလောက် လိုတိုရှင်းစရာမလိုဘူး”
“အလုပ်အကိုင်”
“တေးရေးတေးဆို ယာဉ်မောင်းစက်ပြင်”

ပါးကို ဖြောင်းခနဲ မူဆာက ထပ်ရိုက်လိုက်ပြန်တယ်။

“မင်းကို ပြောထားပြီးသား၊ အလုပ်အကိုင်မေးရင် တခုတည်းပြော”

အဲဒီမှာ ဂျစ်ကားပြောလိုက်တာကတော့။

“အလုပ်က တခုတည်းပါပဲ ဆရာ၊ ကားမောင်းရင်းနဲ့ ခေါင်းထဲမှာ သီချင်း ရေးတယ်၊
ကားပျက်သွားရင် ဟိုနှိုက် ဒီနှိုက်လုပ်ရင်း သီချင်းဆိုပါတယ်” တဲ့ ။

သဘောကျမယ်လို့ မျှော်လင့်ပါတယ်…

From: ဧရာဝတီ

4 comments

  • myominkhine

    May 26, 2010 at 6:51 am

    အရမ်းကြိ ုက်ပါတယ်
    တော်ပါပေတယ် လူတလုံးရေ
    ကိုတွေ့လား ?

    Reply

  • banban

    May 26, 2010 at 7:10 am

    ကိုလူတလုံးရဲ့ အလုပ်အကိုင်ကရော..ဘာလဲဟင်

    Reply

  • lu ta lone

    May 26, 2010 at 7:39 am

    စာရေး စာချီ.. ကုန်တင် ကုန်ချ.. အာ ယောင်ကုန်ပြီ… 😀

    Reply

  • intro

    May 26, 2010 at 10:41 am

    ကျွန်တော်လည်း ပြောမယ် တေးရေး၊ တေးဆို ၁၀၉၊ ၁၁၀၊ ဟီဟိ

    Reply

Leave a Reply

Your email address will not be published.