ထိုင်းနိုင်ငံ၏ လတ်တလော အခြေအနေ

chitkayMay 22, 20101min01

ထိုင်းနိုင်ငံ အခြေအနေမှာ အေးချမ်း ငြိမ်သက်စ ပြုပြီဟု ထိုင်းအစိုးရက ဆိုသည်။ သို့သော် ရှပ်နီ ခေါင်းဆောင်များ အဖမ်းခံ ရအပြီး ဆန္ဒပြသူများက ဘန်ကောက်မြို့၏ နေရာ ၁ရ နေရာကို မီးရှို့ခဲ့ရာ စင်ထရယ်ဝေါလ် စူပါမတ်ကက်ကြီးနှင့် စတော့ အိပ်ချိန်း စင်တာ အပါအဝင် ကုန်တိုက်များ၊ ဘဏ်များ၊ မီးလောင် သွားခဲ့ပြီး အချို့ကို နှစ်ရက်ကြာမျှ ငြိမ်းသတ်ခဲ့ရသည်။ နယ်ဘက်တွင် မြို့တော်ခန်းမ အချို့ မီးရှို့ခံခဲ့ရသည်။ ဘုရားကျောင်း တစ်ခုတွင် စုဝေး နေထိုင်သော ရှပ်နီများကိုလည်း ရဲက တွေ့ရှိပြီး သက်ဆိုင်ရာ ဒေသများဆီ အခမဲ့ ကားရထား တို့ဖြင့် ပြန်လည် ပို့ပေးလိုက်သည်။ သူတို့ နှင့်အတူ အလောင်း လေးလောင်းလည်း တွေ့ရှိ ရသည်ဟု ဆိုသည်။ အချို့ သေနတ်သမားများမှာ အဆောက်အဦး များတွင် ပုန်းအောင်းနေပြီး ယခုတိုင် ပြည်သူများနှင့် ကယ်ဆယ်ရေး ဝန်ထမ်းများ အပါအဝင် တွေ့ရာကို ပစ်ခတ်ဆဲ ဟုလည်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ စတော့အိပ်ချိန်း ဈေးကွက်ကိုလည်း နှစ်ရက် ပိတ်ထားခဲ့သလို ဗဟိုဘဏ်ကလည်း ဘဏ်များကို သောကြာနေ့ အထိ ပိတ်ထားမည် ဟုဆိုသည်။ လေဆိပ်များတွင် ခရီးသည် ထက်ဝက်ခန့် လျော့ကျပြီး ခရီးစဉ် ၇၀ဝ ခန့် ဖျက်သိမ်း ခဲ့ရသည်။ ဆန္ဒပြ စခန်းများကို ရှင်းလင်းရာတွင် အမှိုက်များ၊လူ့အညစ်အကြေး များဖြင့် နံစော်နေပြီး ရိက္ခာများလည်း အစုလိုက် အပုံလိုက် တွေ့ခဲ့ရသည်။ ပထမရက်က အဖမ်းခံရန် ကျန်နေသော ရှပ်နီ ခေါင်းဆောင်များလည်း နောက်ရက်တွင် အဖမ်းခံခဲ့ကြသည်။ အဝေးရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ယခု ဖြေရှင်းမှုသည် အဖြေ မဟုတ်ပဲ နောက်ပိုင်း ပြောက်ကျား တိုက်ခိုက်မှု များကို ဖြစ်စေ လိမ့်မည်ဟု ဆိုလိုက်သော်လည်း သူသည် ရှပ်နီတို့၏ ခေါင်းဆောင် မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။ အထက်လွှတ်တော် အမတ်တစ်ဦးကမူ လမ်းတွေ ပျက်ကုန်တာ ပြင်လို့ရပါတယ်၊ စိတ်ထဲ နှလုံးသားထဲမှာ ထင်နေမယ့် အမာရွတ် တွေကတော့ ပြင်ဖို့ ခက်လိ်မ့်မယ် ဟုဆိုသည်။ ဥရောပ ယူနီယံ ကလည်း ထိုင်း အရေးအခင်းသည် ဒီမိုကရေစီကို ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ကြောင်း ဖော်ပြလိုက်ပြီး ထိုင်းအစိုးရ အနေဖြင့် အကြမ်း မဖက်သော နည်းများဖြင့် ကြိုးစား ဖြေရှင်း သင့်သည်ဟု ဆိုလိုက်သည်။

Sources by: breeze.mmgenius.com & geek.com

One comment

  • moethiha

    May 22, 2010 at 8:44 am

    စိတ်ဝင်စားစရာတော့ကောင်းပါတယ်။နောက်ဆုံးအခြေအနေတွေကို update လုပ်ပေးပါဦးနော်

    Reply

Leave a Reply

Your email address will not be published.