ပခုက္ကူ ဆိုတဲ့ နာမည်ဖြစ်ပေါ်လာပုံ

လူပ်င္းMay 21, 20101min02

သားထုတ်ဂူ မှ ပခုက္ကူ

အလောင်းစည်သူဘုရင်မင်းမြတ် သက္ကရာဇ် ( ၄၅၄ ) သည် ဖောင်စင်္ကြာနှင့် ဧရာဝတီမြစ်နဒီတွင် ခရီးလှည့်ခဲ့ဘူးသည်၊ မင်းမြတ်နှင့်တကွ မောင်းမမိဿံ အခြွေအရံများစွာ ပါဝင်သည်၊ ထို အခြွေအရံများအနက် ကိုယ်ဝန်ရှိနေသော မောင်းမတဦးသည် ( သို့မဟုတ် – မယ်စိမ့်ညို အမည်ရှိသော မောင်းမတဦးသည် ) ပေါက်အင်းအနီး ဆိုက်ရောက်သည်တွင် တံငါလုလင်တို့ကိုမြင်၍ မိန်းမကောင်းတို့၏ ဣန္နြေ ကို ဖောက်ဖျက်လျက် နှစ်သက်သည့် အသွင်ဖြင့် ရယ်သွမ်း၏၊ ထိုအခြင်းအရာကို မြင်သော အလောင်းစည်သူသည် ဒေါသအမျက်ပွက်ဆူ၍ ကျိန်စင်္ကြာဖြင့် ရိုက်နှက်ရာ လက်လွန်ကာ အသက်ဆုံးရှုံး ကံကုန်ရှာလေသည်။
အလောင်းကို ဖောင်စင်္ကြာပေါ်တွင် ခွဲစေ၍ သားသူငယ်အလောင်းကိုတွေ့၍ ဘုရင်တို့ထုံးစံအတိုင်း ဖောင်တော်ဆိုက်ကပ်၍ ရွှေဂူဘုရား တည်မည့်နေရာတွင် အခမ်းအနားဖြင့် ဈာပနပွဲကျင်းပလျက် သားငယ်အလောင်းကို အုတ်ဂူပြုလုပ်၍ ထားခဲ့သည်။ သားကိုထုတ်၍ ဂူလုပ်ခဲ့ရာမှ သားထုတ်ဂူ၊ ကာလကြာမြင့်သဖြင့် သားထုတ်ဂူမှ ရွှေ့လျားလာကာ ပခုက္ကူ ဖြစ်လာကြောင်း အစဉ်အဆက်ဥဒါန်းတွင်ခဲ့သည်။
အချို့ ရာဇဝင်ဆရာတို့က အလောင်းကို ဖက်နှင့် ထုပ်၍ ကူ( ဂူ ) လုပ်ရာ ဖြစ်ရကား သားထုပ်ဂူ မှ ပခုက္ကူဖြစ်လာကြောင်း ဆိုကြသည်။ ထို့ကြောင့် သဲပုံစေတီထေရုပ္ပတ္တိကျမ်း ပထမကြငှန်းထီးဖွင့်ရန်အဆို၌
“ သမတ အတုစနစ်၊ သမယ ယခုခေတ်တွင်၊ နရလူ့ ဓမ္မရာဇ် တနာမည်ပြောင်းတဲ့၊ ပုဂံပြည် လောင်းစည်သူမင်းသည် ဇမ္ဗူအတွင်း တောင်လက်ယာမှာ၊ ညီမူတသင်း ပြောင်လက်စွာနှင့်၊ ဖောင်စင်္ကြာ ဖြန့်တုံအခါက၊ မြန့်ဘုံရာဇာမိဖုရားတပါး သားနရိန်ကို၊ ပတ္တမြားစိန် ဖက်နှင့်ထုပ်ပြီး၊ ခပ်သုတ်သုတ်ကူသို့သွင်းတာကြောင့်၊ လူတို့ခပင်း သားထုပ်ကူဟု၊ အများနှုတ်မူ ဝစီမင်္ဂလာဖြင့်၊ အမည်ထွင်ကာ အသရေ မူမချို့ပေသော၊ ရွှေကူမြို့ မြင်သာ ဆုံကုန်းရပ်၌ “ စသည်ဖြင့် လာရှိသည်။

ပခန်းအုတ်ကူ မှ ပခုက္ကူ

ရှေးက တပ်ကြားရပ်၏ အရှေ့ဘက်သည် ပခန်းနယ်ဖြစ်၍ တပ်ကြား၏အနောက်ဘက်သည် မြင်သာရွာကြီးဖြစ်လေသည်။ တပ်ကြားရပ်သည် မြင်သာနှင့် ပခန်းနယ်စပ် ဖြစ်ခဲ့သည်။အလောင်းစည်သူသားကို ကူတည်လုပ်ခဲ့ရသည်၊ ပခန်းနယ်ဘက်၌ ဖြစ်၍ ၎င်းကူကို ပခန်း အုတ်ကူ ဟုခေါ်ကြသည်။ ပခန်းအုတ်ကူ အနီးအစပ် တည်သော ရွာကိုလည်း ပခန်းအုတ်ကူရွာဟု ခေါ်ခဲ့ကြရာမှ ပခန်းအုတ်ကူရွာ မှ ပခုက္ကူရွာ ဖြစ်လာသည်။ တဖြည်းဖြည်း စည်ကားလာ၍ ပခုက္ကူမြို့ ဖြစ်လာခဲ့ရာ အင်္ဂလိပ် လက်ထက်တွင် ခရိုင်မြို့ဖြစ်လာခဲ့သည်။

မှတ်ချက် ။ ။ www.pkufriends.ning.com မှ post လေးတခုဖြစ်ပါတယ်။

2 comments

  • thantzinhtut

    May 22, 2010 at 12:36 pm

    တော်တော်ဆိုးသွမ်းသော ဘုရင်စနစ်

    Reply

Leave a Reply

Your email address will not be published.