လေကြောင်းရန်ကာကွယ်ရေး

comegyiOctober 30, 20111min02

နွေးတဲ့ပင်လယ်နဲ့ လှုပ်ရှားမှု မရှိတဲ့လေငြိမ်တွေကြောင့်

ပြင်းထန်တဲ့ မုန်တိုင်းဟာ အစပျိုးပါတော့မယ်

အမှောင်ကမ္ဘာမှာ လောင်နေတဲ့အရေးအခင်းဟာ

အခု လူရှေ့သူရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီးနောက်

လူတော မတိုးတဲ့အန္ဓတို့ရဲ့ ခေတ်ကုန်ဆုံးလွန်မြောက်ခဲ့ပြီးတဲ့နောက်

သေရာပါ ပြာနှမ်းနေတဲ့အရေခွံကို အပြီးအပိုင်ဝတ်ဆင်ခဲ့ပြီးတဲ့နောက်

အနားတို မျဉ်းသေအမှတ်အသားတစ်ခုမှာ

ဉာဏ်ပညာခုံဖိနပ်ကြီးတကားကားနဲ့ကိုယ့်ကောင်ကြီး

ဟောပြောနေပုံကလည်း သားသားနားနားသိမ်သိမ်မွေ့မွေ့နဲ့ သိပ်ကြောက်မက်ဖွယ်

ငြိမ်းချမ်းရေး ……ကိုယ့်လူတွေ …….ငြိမ်းချမ်းရေး ဆိုတဲ့ ..

ဝတ်ပြုဆုတောင်းတဲ့ တနင်္ဂနွေမှာ

တူညီဝတ်စုံနဲ့ အသားအရောင်ခွဲခြားရေး အစီအစဉ်တွေကို

ကျက်မှန်သင်အံလိုက သင်အံ

အနာရောဂါမထူပြောရေး အတွက်

ကိုယ်ပိုင်မီတာ တစ်လုံးစီတပ်ဆင်သင့်နေပြီဖြစ်တဲ့မြို့တော်ရဲ့

ဇာတိပုည ဂုဏ်မာနကို သင်နားလည်လက်ခံပြီးတဲ့အခါ

ဧည့်ဂေဟာ တစ်ဆောင်ရဲ့ အဝင်ဝက

မိကောင်းဖခင် သမီးလေး တစ်ယောက်ရဲ့ ရှက်သွေးလို

ဝါလကင်းလွတ် သီတင်းကျွတ်တဲ့အခါ

ကျော်ကြားသူများ ရပ်ကွက်ထဲ ခေတ်စားနေတဲ့

မှန်မှန်ကန်ကန်ကောလဟာလ ပြသနာအပုပ်နံ့ထွက်လာတဲ့အခါ

ဘာသာရေး လိုက်စားလွန်းတဲ့ မင်းသမီးလေးတစ်ယောက်ရဲ့

ရလွတ်ပလွတ် သံဝေဂ စကားတွေကို တရားနဲ့ ရှုလိုကလည်းရှုကြပေါ့

သည်းခံခွင့်လွှတ်လိုကလည်း သည်းခံခွင့်လွှတ်လိုက်ကြပေါ့

အနုပညာ….အနုပညာ……အနုပညာ….အနုပညာ………

အနုပညာဟာ ဘာသာကြီးလေးပါးထက် သူပြောသူပြောများနေတဲ့အတွက်

ပရိတ်သတ်ကြီးအတွက်လည်း ဖွယ်ဖွယ်ရာရာတွေ

သတင်းတွေ အချိန်မီတင်ဆက်ကြရင်းနဲ့

ကျွန်ုပ်တို့ရဲ့ မိုးလေဝါသသတင်းတွေကို အနားတစလန်နေတဲ့စိတ်နဲ့

ရုပ်ဝတ္ထုတွေကို ဒေါသတကြီးမျက်စောင်းထိုးရုံကလွဲပြီး

ပင်လယ်ပြာပြာကို ပျော်ပျော်ကြီးသောက်သုံးပစ်လိုက်ဖို့

အခုအချိန်ဟာ လေကြောင်းရန်အကောင်းဆုံးအခိုက်အတန့်မို့

အချိန်မှန် တိုက်ခတ်နေတဲ့အမူအရာတွေကို

လေတိုက်ရာ အရပ်သို့ မျက်နှာမူပြီးတော့ စောင့်နေတယ်

ကမ္ဘာကြီး လုံးတယ်ပြောပြော ကမ္ဘာကြီးပြားတယ်ပြောပြော

အဓိက က အမေ့သမီးလေး ဘေးကင်းရန်ကင်းပြန်လာတတ်ဖို့ပဲ

အမေ့သားလေးလက်မောင်းမှာ စိတ်ဒဏ်ရာ ရမလာဖို့ဘဲ

လူ့ဘဝရဲ့  တောပြောတောင်ပြော နှစ်ကာလမှာ

ဘယ်သူတွေက အမြီးကျက်လို့ ဘယ်သူတွေက ခေါင်းကျက်လို့

ဘယ်သူတွေက ထန်းသီးကြွေလို့ ဘယ်သူတွေက ကျီးနင်းလို့

အမှားပြင်ဆင်ချိန်မရတဲ့အကြောင်း

ဥဩဆွဲဖို့ မေ့နေလိုက်ကြတာ ….ကြပေါ့…….။       ။

Idea Magazine

Setember 2011

 

2 comments

  • thit min

    October 30, 2011 at 5:54 pm

    လေကြောင်းဗီလိန်တွေပေါ့ဗျာ:D

    Reply

  • GreeNSheeP

    October 30, 2011 at 6:07 pm

    ဒါဆို ကဗျာဆရာ ကမ်းကြီးနဲ ့ကဗျာဆရာ ကမ်းဝေး နဲ ့က တစ်ယောက်ထဲပဲပေါ့ ။
    ဝမ်းသာဂုဏ်ယူပါတယ်ဗျာ ။ ဂေဇက်မှာ ပို ့စ်မော်ဒန်ကဗျာဆရာတစ်ယောက်တိုးလာတဲ့အတွက်
    ဒီကဗျာလေးဟာ ၉လပိုင်း လိုက်ဖ်စတိုင်ထဲမှာ ထည့်ထားတဲ့ကဗျာလေးမလား

    Reply

Leave a Reply

Your email address will not be published.