အချစ်ခေါင်းစဉ်


(၁)

ယုံကြည်ရာ ရွက်လွင့်နိုင်ပေမယ့်

နားလည်လို့မရတဲ့ အကြောင်းတွေရဲ့နောက်မှာ

နွားခြေရာခွက်ထဲက ဖားကလေးလို့တော့ မဖြစ်စေချင်ဘူး..။

အိပ်မက်နေရင်တောင် နိုးထလိုက်စမ်းပါ

မျက်စိတွေဖွင့်ပြီး နားစွင့်လိုက်ရင်

မထုံတတ်သေး အမူအရာအောက်က

ကောက်ကျစ်တဲ့ မာယာတွေနဲ့ မာနတစ်ချို့ကို တွေ့ရလိမ့်မယ်။

အပြုံးကလေးချိုတာနဲ့ ၊အပြောကလေး ချိုတာနဲ့

ချိုနွဲ့အီတတ်တာနဲ့

တယောသံတေးသွား တစ်ပုဒ်မဟုတ်ဘူးဆိုတာ

နားထောင်တတ်မယ်ဆိုရင်

ပဉ္ဇလက်ဆန်တဲ့ ယစ်မူးစေတဲ့ ဂီတတစ်ခုမှန်း သိလောက်ပါရဲ့…။

(၂)

ပန်းသီးတစ်လုံးရဲ့ ရာဇဝင်မှာ

စားခဲ့မိသူနှစ်ဦးရဲ့အပြစ်တွေက

ဖုံးမရ ဖိမရနိုင်ရှိခဲ့လိမ့်မယ်။

မထွေးနိုင်မအန်နိုင်ဘူးဆိုရင်တောင်

ဆုပ်လည်းရူး စားလည်းရူးစေမယ့်

အဆိပ်မိ ဝိုင်ချိုတစ်ခွက် သောက်မိခဲ့တယ်လို့သာ

မှတ်ယူနိုင်ပါရဲ့…။

ရိုက်ခတ်မှုဆိုတာ တန်ပြန်နိယာမ သဘောတရားအတိုင်း

တုံ့ပြန်မှုတွေရှိလာရတာပါ…

စီးမျောမှုမရှိခဲ့တဲ့ စမ်းချောင်းကလေးဆိုရင်

သန့်ရှင်းမှုနဲ့ကင်းကွာနေလိမ့်မယ်…။

(၃)

ကြားတတ်မယ်ဆိုရင် အချစ်ဆိုတာ မလိမ်တတ်ဘူး..

မညာတတ်ဘူး…

မကွယ်ဝှက်ဘူး…

အချစ်ကြောင့် ရူးခဲ့ကြတယ်ဆိုရင်

ရူးသွပ်မှုတစ်ခုခြင်းဆီမှာ သက်ရောက်မှု အဓိပ္ပါယ်တွေကို

လှန်လောလို့သေချာကြည့်တိုင်း

မရိုးသားခဲ့မှုတွေ နံပါတ်စဉ်တွေနဲ့ တွေ့နိုင်ပြန်ပါရဲ့။

မျက်လှည့်ပြခြင်း ခံလိုက်ရတဲ့ ကလေးတစ်ယောက်လို

အဆန်းတကြယ် အိပ်မက်တွေနဲ့ လူးလွန့်လို့

နိုးထခဲ့ရတိုင်း တသသဖြစ်စေရမယ့် အချစ်ဟာ

ရိုးသားစွာ ဖြူစင်စေချင်ပါရဲ့…

အမှား၊ အမှန်နဲ့

လှည့်ဖျားခြင်း မာယာဆိုတာတွေကို

ဆင်ခြင်တုံတရားတစ်ခုလေးနဲ့တင်

ဝေဖန်စစ်ဆေးကြည့်လိုက်ရင်တောင်

ဖြစ်သင့် ဖြစ်ထိုက်တာကို မြင်မိနိုင်ပါတယ်….

သူ့အရပ်နဲ့ သူ့ဇာတ်လှနေပေမယ့်

ဆန့်ကျင်မှုများရဲ့နောက်ဘက်မှာ

ကျရှုံးမှုဆိုတာကို ပိုင်ဆိုင်ရတဲ့အခါ

အဲဒါ အချစ်ကြောင့်လို့ ခေါင်းစဉ် မတပ်လိုက်နဲ့…

သော်ဇင်(လွိုင်ကော်)

Time-6:30PM

Date-27th-Oct-2011

 

One comment

  • ko r kar

    October 29, 2011 at 2:51 am

    အထူးပဲ နှစ်သက်မိပါတယ် —- ကိုသော်ဇင် ။
    အတွေးအခေါ်ကောင်းများနဲ့ ကဗျာများကို ဆက်လက်မွေးဖွားနိုင်ပါစေ။

    Reply

Leave a Reply to ko r kar Cancel Reply

Your email address will not be published.