” ဉာဏ်ရည် နိမ့်သော ဘလက် “

black chawOctober 24, 20111min027

ဘလက်ဆရာ ကျွန်ုပ်ကား ဂဇက်မဟာဘုတ်တွင် ဓါတ်ပုံလေးရိုက်လိုက်၊ ဟိုအကြောင်းဒီအကြောင်းလေးများ ရေးလိုက်ဖြင့် ကျေနပ်နေသော အခါသမယတည်း။ မှန်ရာကို သစ္စာ ဆိုပါမည်၊ ဘလက်ဆိုတာ အိုင်ကျူနိမ့်ပါသည် ဟု လွှမ်းမိုးသီချင်းကို ဖျက်ဆိုရလောက်အောင် ဘလက်ကား စဉ်းစားတွေးခေါ်နိုင်စွမ်း နိမ့်သူဖြစ်ပါသည်။ သာမန် ကိစ္စလေးများ ကိုပင် ဘလက် ဉာဏ်မီစွာ မစဉ်းစားတတ်ပါ။ ဘလက် နားမလည်သည်များကို ဂဇက်တွင် ရေး၍ မေးမြန်း ချင်ပါသည်။ အိုင်ကျူ မြင့်သူ ရွာသူရွာသားများ ဖြေပေးကြပါကုန်။

မကြာသေးမီ နှစ်များဆီက ဘလက်တို့၏ နိုင်ငံတော် အကြီးအကဲသည် တစ်ကမ္ဘာလုံး လိုအပ်လျှက်ရှိသော လောင်စာဆီပြသနာကို ဖြေရှင်းရန် အလို့ငှာ နည်းလမ်းတစ်ရပ်ကို ရှာဖွေတွေ့ရှိခဲ့သော ဟူ၏။ ၎င်းကား ဇီဝ အစားထိုး လောင်စာဆီဖြစ်သည့် ကြက်ဆူဆီ ပင် ဖြစ်ပါ၏။ မြေပြင်တွင် လွယ်ကူစွာ စိုက်ပျိုးနိုင်သော ကြက်ဆူပင်၏ အသီးမှ အဆီကို ထုတ်ယူ၍ ဒီဇယ် နေရာတွင် အစားထိုးမောင်းနှင် နိုင်သည် ဆိုပါ၏။ ဘလက်တို့ တစ်ရွာလုံး ပျော်လိုက်သည့် ဖြစ်ခြင်း။ အီရန်တို့၊ အီရတ်တို့၊ ဆော်ဒီတို့ ရေနံပေါသည်ဆိုတာ ဘလက်တို့ ကရယ်ချင်ပါ၏။ နိုင်ငံတော် အကြီးအကဲ၏ ကျေးဇူးကြောင့် မဟာကြက်ဆူဆီ ဆိုတာကြီးကို ရှာဖွေတွေ့ရှိနေပြီဆိုမှ ရေနံဆိုတာ ဘာဂရုစိုက်စရာရှိပါမည်နည်း။ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှလည်း ကြက်ဆူပင်စိုက်ပျိုးကြရန် အချိန်နှင့်အမျှ နှိုးဆော်ပေးနေပါ၏။ ဘလက်တို့ ပြည်သူများမှာလည်း နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရဆိုကာ တစ်နိုင်ငံလုံး လူထုလှုပ်ရှားမှု အသွင်ဖြင့် ကြက်ဆူပင်များကို စိုက်ပျိုးလိုက်ကြသည်မှာ မြေလွတ်မြေရိုင်းမှ ကျန်ပါလေစ ဟုတောင် ထင်ရပါသည်။ တချို့ များဆိုလျှင် နိုင်ငံတော်အကြီးအကဲကို ဂုဏ်ပြုသည့်အနေဖြင့် ပန်းအလှစိုက်သည့် အိုးဖြင့်ပင် တမြတ်တနိုးတန်ဘိုးထား စိုက် ပျိုးခဲ့ကြပါ၏။ ထိုအချိန်က လူရွှင်တော်များကပင် ကြက်ဆူပင်ကို သေးပန်းမိလို့ အဖမ်းခံရတယ်ဟု ပျက်လုံးထုတ်ရ သော ကြက်ဆူပင် ဖြစ်ပါ၏။

ယခုအခါသည်ကား ကြက်ဆူပင် စိုက်ပျိုးရေး၏ အသီးအပွင့်များကို ဘလက်တို့ပြည်သူများ ခံစားရမည့် အချိန်ဖြစ် ပါလေပြီ။ ကြည့်လေသမျှ ကြက်ဆူပင်များက အပြိုင်းအယိုင်းဖြင့် ဘလက် သွားလေရာ ကြက်ဆူသီးများ သီးပွင့်နေပုံမှာ အားရစရာကောင်းလှပါ၏။

အနို့နှင့် ဘလက် ဉာဏ်မမီသည်ကား အနှီကြက်ဆူသီးများကို ခူးဆွတ်ခြင်း၊ စက်ရုံများသို့ပို့၍ လောင်စာဆီ ထုတ်ခြင်း အမှု ကို ပဇာကြောင့် မပြုကြသည်ကို ဖြစ်ပါ၏။ ဤမျှ များပြားသော ကြက်ဆူပင်နှင့် ကြက်ဆူသီးများကို ခူးဆွတ်၍ လောင်စာဆီ ထုတ်လုပ်ဘို့ အချိန် ရောက်နေပါလျက် တာဝန်ရှိသူတွေ မေ့နေလေလျော့သလား။ စိုက်ကြ ပျိုးကြတုန်းက လူထုလှုပ်ရှားမှု အသွင်ဖြင့် ပျော်ပျော်ပါးပါးကြီး စိုက်ခဲ့ပျိုးခဲ့ ပါသော်လည်း ခူးကြ ဆွတ်ကြမည့် အချိန်ကျတော့ တိတ်ဆိတ် ငြိမ်သက်လျက်သာ ရှိနေပါ၏။ ဒါမှ မဟုတ် တိတ်တိတ်ကလေး ခူးဆွတ်၍ တိတ်တိတ်ကလေး ထုတ်ယူသုံးစွဲနေကြခြင်း လား။ ဒါတော့ မတရားဘူးဟု ဘလက် က ဆိုချင်ပါသည်။ ပြည်သူနှင့် အတူစိုက်၊ ပြည်သူနှင့် အတူ ခူး၊ ပြည်သူနှင့် အတူ ထုတ်လုပ်၍ ပြည်သူနှင့် အတူ သုံးစွဲ စေချင်သည်မှာ ဘလက်၏ စေတနာအမှန်ဖြစ်ပါသည်။ ယခုသော်ကား ကြက်ဆူဆီတွေ ဘယ်ရောက်နေလေသနည်း။ လောင်စာဆီကို ဈေးပေါပေါဖြင့် သုံးစွဲချင်နေမိသော ဘလက် ကျွန်ုပ်က သိချင်စမ်းပါတော့သည်။

ဘလက်ကား ဉာဏ်ရည်နိမ့်သူသာလျှင် ဖြစ်ပါ၏။

27 comments

  • blackchaw

    October 24, 2011 at 10:19 am

    သူကြီးရေ။
    ထုံးစံအတိုင်း ကော်ပီပေ့စ် ဖြစ်သွားပြန်ပါတယ်ဗျာ။

    Reply

  • ပေါက်ဖော်

    October 24, 2011 at 10:35 am

    မှန်ရာဂို..တစ်စာ ဆိုပါမည်..ဘလက်ဆိုတာ ကော်ဖီ ဖြစ်ပါသည်
    😆
    အဘပြောတဲ့ ကြက်ဆူက မသုံးပဲမနေပါဝူး.. သုံးတော့သုံးနေမှာပါ..
    မပူပါနဲ ့

    Reply

    • Moe Z

      October 24, 2011 at 11:12 am

      ဘဘပေါက်ဖော်ကတော့လုပ်ပြီ .. ဘလက်ဆိုတာ အမည်းရောင်ပါ
      သိလည်းမသိဘဲနဲ့ 😛

      Reply

  • manawphyulay

    October 24, 2011 at 10:44 am

    IQ နည်းပေးမယ့် EQ တော့ ၁၀ဝ % အပြည့်ရှိမယ်လို့ မနောကတော့ ယုံကြည်ပါတယ်။ IQ ကလည်း နိမ့်တယ်သာ ပြောတာပါနော် မနောတို့ဆို ရှိကိုမရှိတာပါ ဦးဦးဘလက်ရယ်။

    Reply

  • thit min

    October 24, 2011 at 10:47 am

    ကိုဘလက်ရေ
    ဘယ်သူ့မှ မထွင်ရင် ကိုယ်တီထွင်ကြည့်ပါလား။သူကြီးရယ်၊ ဆရာကြောင်ကြီးရယ် တိုင်ပင်စရာတွေရှိနေတာဘဲ။
    ဂေဇက်အားကိုး၊ ကြက်ဆူးရိုး၊ ဆီတမျိုးတိုးတော့မည်။
    ထင်တာပြောရရင် ဆီထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလားလို့။
    ပြည်တွင်းသုံးစွဲမှု (လောင်စာ) ရဲ့ သုံးပုံနှစ်ပုံကို နိုင်ငံခြားကတင်သွင်းနေရတဲ့ အန်ကယ်ဆမ်တို့တောင်လုပ်တယ်မကြားမိဘူး။
    ကြက်ဆူစိုက်ပြီးသာ လောင်စာတကယ်အိုကေရင်အရှေ့အလယ်ပိုင်းကိုအန်ကယ်ဆမ်စိတ်မဝင်စားဘူး(ထင်တယ်)

    Reply

  • thit min

    October 24, 2011 at 10:56 am

    မဖြစ်နိုင်ဘူးလို့ဆိုတာက အလုပ်ဖြစ်လောက်အောင်၊စရိတ်ကာမိအောင် ဆိုတဲ့သဘောကိုဆိုလိုပါတယ်။

    Reply

  • ဆူး

    October 24, 2011 at 11:30 am

    အမောင် ဘလက် ဉာဏ်ရည် မြင့်တက်သွားအောင် ကြက်ဆူပင်က ထွက်တဲ့ အဆီကို လောင်စာ အဖြစ်မသုံးပဲ ဉာဏ်ရည်မြင့်ဆေး အဖြစ် စားအုန်းဆီ နေရာမှာ အစားထိုး အသုံးပြုပါရန် အမိန့်တော် မှတ်တယ်။
    ပုံ
    ရွာတပ်ချုပ် သဂျီး ကိုယ်စား

    Reply

  • Foreign Resident

    October 24, 2011 at 11:39 am

    ယတြာ အနေနှင့် စိုက်တာ မဟုတ်ဘူးလား ။
    အဓိက နှစ်ချက် ရှိတယ်တဲ့ ။

    ( ၁ )
    စုကြည် နှင့် ကြက်ဆူ ကိုကက်ကင်း ရိုက်ပြီး စုကြည်ကို နှင်တာလို့ ကြားတာပဲ ။

    ( ၂ )
    နောက်ပြီးတော့ ” အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူ ” ဆိုသလို
    တိုင်းပြည်ကြီး မှာကြက်ဆူပင် မင်းမူ သလို
    တိုင်းပြည်ကြီး မှာအနှစ်မရှိတဲ့ (စစ်ဗိုလ်) တွေမင်းမူ ရအောင်တဲ့ ။
    ( ၈၈ နောက်ပိုင်း မှာက ခပ်တုံးတုံးလူတွေ (တနည်း) အနှစ်မရှိတဲ့ သူတွေကမှ စစ်တပ်ထဲ ဝင်ကြတာလေ )

    အဲဒီလိုကြားမိတာပဲ ။

    Reply

  • kai

    October 24, 2011 at 11:47 am

    ယူအက်စ်က စွမ်းအင်အတွက် အထုတ်များတာ..ပြောင်းဖူးကလို့ထင်တယ်..။
    ယူအက်စ်နိုင်ငံရေးစကားဝိုင်းတွေမှာ.. စားသုံးသီးနှံကို.. လောင်စာစွမ်းအင်အတွက်သုံးပစ်တာမို့. မလုပ်သင့်ဘူး… ငြင်းခုန်နေကြတာ.. ကြားဖူးတယ်..။
    http://en.wikipedia.org/wiki/Ethanol_fuel

    ကြက်ဆူဆီတော့ မကြားဖူးပေါင်…။
    တကယ့်စည်းကမ်းအတိုင်းဆို.. စိုက်ခိုင်းသူက.. ရိပ်သိမ်းခိုင်းရမှာပေါ့..။
    အဲဒီနောက်မှာမှ.. ကြက်ဆူဆီထုတ်တဲ.့..စက်တွေကို.. အခွန်မကောက်ပဲ.. (အတိုးနည်းနည်း..အရင်းအနှီးချေးငွေထုတ်ပေးပြီး)….နိုင်ငံခြားကသွင်းခိုင်းရမယ်ပေါ့..။ 🙂

    Reply

  • amatmin

    October 24, 2011 at 12:10 pm

    ရွာထဲ မှာ.ကြက်ဆူအရေးဆွေးနွေးနေပြီကြားလို့..နယ်က အမျိုးတွေကိုလှမ်းမှာပြီးကြက်ဆူ.ဧကတွေလိုက်ဝယ်ခိုင်းလိုက်ပြီ..
    ကိုယ့်ရွာသားတွေကိုယုံလို့ရင်းစရာရှိတာတော့ အပြတ်ကိုရင်းထားလိုက်တယ်..
    ဒီတော့အစိုးရမင်းက.
    လွှတ်တော်ထဲမှာဆွေးနွေးပြီး..ဆီထုတ်တဲ့အဆင့်ထိရောက်အောင်ဆက်လှော်ကြပါဗျီု့….:)

    Reply

  • blackchaw

    October 24, 2011 at 12:15 pm

    ကြက်ဆူဆီ က အလုပ်မဖြစ်နိုင်ဘူးဆိုတာ သိသိကြီးနဲ့
    ဘာလို့စိုက်ခိုင်းတာလဲ ဆိုတာကို သရော်ချင်တာပါဗျာ။
    ယတြာချေဘို့ ပြည်သူလူထုတစ်ရပ်လုံးကို အဲဒီလိုလုပ်ခိုင်းတာကို
    မီးမောင်းထိုးပြချင်တာပါ။ ပစ်မှတ်ကို မရောက်ရင်
    ကျွန်တော်မျိုးကြီးညံ့လို့ပါ။ ဟားဟား။

    Reply

  • pooch

    October 24, 2011 at 1:03 pm

    ကျမ ဟောပြောပွဲ တခုကို သွားတုန်းက လာနားထောင်တဲ့ ရုံးဝန်ထမ်း အန်တီ တယောက်ပြောတာ ကြားဖူးတာလေးပါ…. ဆီဘယ်လောက် ထုတ်နိုင်မလဲ မသိပေမဲ့ အဲ့ဒီကို သွားရတဲ့ ခရီးက ဝေးတော့ .. သွားစိုက်ရတဲ့ လူတွေရဲ့ စရိတ်ရယ် ..ကုန်တဲ့ ဆီရယ် မကာမိပါဘူးတဲ့ .. ..

    နောက်ပြသာနာ တခုက ခူးဆွတ်ပြီးလို့ ကျန်ခဲ့တဲ့ အပင်တွေရဲ့ ပြသာနာပါ.. ဒါက အနောက်နိုင်ငံက ပညာရှင်တယောက် သုံးသပ်ချက်ကို ဖတ်ဖူးတာပါ……ခူးပြီးပြီးသွားတာမျိုးမဟုတ်ပါဘူး.. တနှစ်ကို ဘယ်နှစ်ခါ သီးလို့ ဘယ်နှစ်ကြိမ် ထုတ်ယူနိုင်မယ်ဆိုတာရယ်…အဲ့ဒီအပင်တွေ ရှင်သန်ဖို့ ပေးရမဲ့ အချိန်ကာလရယ် .. ..စသဖြင့် အဖက်ဖက်က စဉ်းစားစရာရယ် လိုအပ်ချက်တွေရယ် အများကြီး ရှိနေတယ်လို့ ထင်ပါတယ်… ဒါကြောင့် ရပ်သွားတာလို့ ထင်ပါတယ်.. ..

    ကျမအထင်ကတော့ ကျမတို့ တိုင်းပြည်အတွက် သဘာဝအလင်းရောင်ဖြစ်တဲ့ နေအပူက ထုတ်ယူတဲ့ စွမ်းအင်ရယ် လေကထုတ်ယူတဲ့ စွမ်းအင်ရယ် က အကောင်းဆုံးဖြစ်မယ်လို့ ခံစားမိပါတယ်..အဲ့ဒီလို စွမ်းအင်ကို ထုတ်နိုင်ဖို့ ခေတ်မှီနည်းပညာလိုပါတယ် .. …အဆောက်အအုံတွေ လိုပါတယ်…..

    အဲ့ဒီလို စွမ်းအင်မျိုးကို ဆိုင်ရာများက အားပေးပြီး ကူညီရမှာပါ.. နိုင်ငံခြားကို ပညာတော်သင်တွေ လွှတ်ရပါမယ်.. စနစ်တကျနဲ့ကို စီမံကိန်းချပြီး အားကြိုးမန်တက်နဲ့ကို လုပ်ရမှာပါ….

    နိုင်ငံရဲ့ အဓိက စွမ်းအင်လိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးဖို့ လိုပါတယ်…ဖွံ့ဖြ်ိုးတိုးတက်တဲ့ နိုင်ငံတခု ဖြစ်ဖို့ ဆိုရင် စွမ်းအင်က အရေးကြီးပါတယ်..

    ကိုယ့်ဆီမှာ ရှိတဲ့ လူတွေ နည်းပညာ အသစ်တွေ နဲ့ တီထွင် ဖန်တီး ထုတ်ယူနိုင်ဖို့ အရေးပါသလို …သူများနိုင်ငံက တတ်ကျွမ်းသူများကို ကိုယ့်ဆီခေါ်ပြီး စီမံကိန်းချပြီး လုပ်ဆောင်ဖို့လည်း လိုပါတယ်..

    ကျမသိလွန်း တတ်လွန်းလို့ တော့ မဟုတ်ပါဘူး .. တချို့သော အပူပိုင်း ဒေသက တိုင်းပြည်များကို ကြည့်ပြီး ပြောကြည့်တာပါ..

    Reply

  • blackchaw

    October 24, 2011 at 1:10 pm

    Foreign Resident ကြီးက လူဆိုးကြီး။
    မဟုတ်တာတွေ လျှောက် မန်းနေတယ်။
    ချင့်ဖတ်ကြပါ။ ချင့်ဖတ်ကြပါ။ ချင့်ဖတ်ကြပါ။

    Reply

  • inz@ghi

    October 24, 2011 at 1:13 pm

    ဆြာဘလက်ရေ …
    ကျနော်တော့ ရန်ကုန်မှာတုန်းက ဆီထုတ်ရောင်းစားတဲ့ ဆီမှောင်ခိုတယောက်ဆီက ဒါမျိုးလေးကြားဖူးတယ်ဗျ..
    (ပြတ်လုံးတခုခုကို ပြန်ပြောလေသလား အုန်းန်ကျူန်းလေသလားတော့ ဆြာ့ထက် အိုင်ကျူနိမ့်တဲ့ inz@ghi မသိကြောင်းပါ)

    သူဆီရောင်းတဲ့ ရထားလမ်း အုတ်နံရံတလျောက် စီမံချက်ဆိုပီး ကြက်ဆူတွေလာစိုက်သွားသတဲ့
    ကျနော် သူနဲ့ပြောဖြစ်တာ အဲ့လို လာစိုက်သွားပြီး ၆လ အကြာမှာပါ…

    တလျောက်ကြီးစိုက်ထားလိုက်တာမှာမှ သူဆီရောင်းစားနေတဲ့နားက အပင်တွေက သိပ် သန်မာထွားကျိုင်းလွန်းနေလို့ မေးကြည့်တော့
    ဘသားချော ကဘာပြောတယ်မှတ်သလဲ …

    သန်မှာပေါ့ဗျ တဲ့ ကျနော်က ဒီဇယ်လေး လောင်းလောင်းပေးနေတာကိုး တဲ့ ….. LOL

    Reply

  • Arkar11

    October 24, 2011 at 3:13 pm

    ကျွန်တော်သိသလောက်တော့ ကြက်ဆူပင်ကစိုက်ချင်တိုင်းစိုက်လို့မရပါဘူး.. ကြက်ဆူပင်က အမျိုးပေါင်း 176 မျိုးရှိပြီး အဲဒီ့အထဲက Jatropha curcas လို မျိုးစေ့ကိုဘဲ Biodiesel ထုတ်ဖို့အတွက် အစိုက်များကြတာပါ…
    ဒီမှာက စိုက်ဆိုတာနဲ့ ဘာမှန်းမသိဘဲလျှောက်စိုက်ကြတော့ အသီးမသီးတာတို့ သီးတဲ့အသီးကလည်း အရည်အသွေးမမှီလို့ ဆီထုတ်လို့မရပါဘူး… Biodiesel ထုတ်နိုင်တဲ့ အရည်အသွေးမှီတဲ့အသီးစိုက်ဖို့အတွက် နည်းပညာ ၊ ရင်းနှီးမြုပ်နှံမှု ၊ စနစ်တကျစိုက်ပျိုးမှု တွေလုပ်မှ ရမှာပါ…လမ်းဘေးလျှောက်စိုက်နေလို့ကတော့ အချိန်ကုန်တာဘဲရှိမှာ…ဒါကိုသိသင့်တဲ့လူတွေသိပြီးကုန်ကြပါပြီ…အဲဒါကြောင့် ဘာအသံမှမကြားရတော့ပါ..နောက်လည်းကြားရမှာမဟုတ်တော့ပါဘူး…

    Reply

  • blackchaw

    October 24, 2011 at 3:25 pm

    Arkar11 ခင်ဗျား။
    သိသင့်တဲ့လူတွေထဲမှာ ကျွန်တော်တို့ ပြည်သူတွေ မပါဘူးလား။
    လမ်းဘေးလျှောက်စိုက်တုန်းကလည်း ဘယ်သူက စိုက်ခိုင်းတာပါလဲ ခင်ဗျာ။
    ကြက်ဆူပင် အမျိုးပေါင်း ၁၇၆ မျိုးရှိပြီး အသုံးချလို့ရမယ့် Jatropha curcas လို မျိုးစေ့ကို
    စိုက်ခိုင်းရမှာက ဘယ်သူ့တာဝန်ပါလဲ။
    နည်းနည်း ဆွေးနွေးပေးပါဗျာ။

    Reply

    • Arkar11

      October 24, 2011 at 5:25 pm

      ကိုBC ရေ..
      သိသင့်တဲ့သူတွေဆိုတာ အဲဒီ့စီမံကိန်းနဲ့ သက်ဆိုင်တဲ့ဌာနဆိုင်ရာကလူတွေကိုပြောတာပါ…
      အစကတော့ Biodiesel ထုတ်ဖို့အတွက် ဒီလိုနည်းစနစ်တွေလိုအပ်တယ်ဆိုတာ သိချင်မှသိကြပါလိမ့်မယ်…စိုက်ပြီးအချိန်တော်တော်ကြာလာတော့ သူတို့ထင်သလို မဖြစ်လာတော့မှ နိုင်ငံခြားက company တွေကို ဟိုမေးဒီမေးနဲ့ သိလာတာနေမှာပါ…ကျွန်တော်လည်းအစိုးရဝန်ထမ်းမဟုတ်တော့ဂဂဏဏမသိဘူး…

      Reply

  • နီလေး

    October 24, 2011 at 4:20 pm

    နီလေးတော့ ဉာဏ်ရည်မမှီလို့ကို မဆွေးနွေးတော့ပါဘူး နီလေးတို့ရွာမှာတော့ ခြံစည်းရိုးခတ်စရာမလိုဘူး ကြက်ဆူပင်လေးတွေစီလို့ လှလို့ပါ စိုက်တုန်းကတော့ ဆီထုတ်ဖို့ပါ ဘယ်လိုဖြစ်ပြီး ခြံစည်းရိုးတွေဖြစ်သွားလဲတော့ ဉာဏ်မမှီလို့မသိကြောင်းပါ

    Reply

  • pan pan

    October 24, 2011 at 4:32 pm

    ဦးချောထက် ဉာဏ်ရည်နိမ့်သူ ကျွန်မကတော့ ကြက်ဆူကိုဘာလို့စိုက်လဲဆိုတာ
    ဦးဖောပြောတဲ့ အချက်ထဲက ပထမတစ်ချက်တောင် ရိုးတိုးရိတ်တိတ်ပဲသိတာ
    ကျန်တာ မသိဘူးနော်
    ဉာဏ်နိမ့်လွန်းလို့ “အော်၊ အရူးလုပ်ခံရခြင်းပါလား” ဆိုတာလည်းမသိ
    “ငါတို့ကိုက တုံးပါ့လားကွယ်” လို့တောင်မတွေးမိ ကိုယ့်ကိုယ်ကိုယ်လည်း သံဝေဂမရ……. 🙄

    Reply

  • ဆူး

    October 24, 2011 at 4:48 pm

    စောစောက နောက်ချင်လို့ ဝင်ရေးလိုက်တာပါ.. ကြက်ဆူ အသီးတွေ သီးတော့ ရပ်ကွက်တွေထဲမှာ ဆော့နေတဲ့ ကလေးတွေ ဘာမှန်း မသိညာမှန်းမသိ ဘန်ဒါသီး အစေ့ စားသလို စားလိုက်ကြတာ အစာ အဆိပ်သင့်ပြီး ဆေးရုံရောက်တဲ့ ကလေးတွေ ရှိဖူးတယ်။ အသိ အမျိုးသမီးတယောက်က သူ့ကို ကလေးတွေက ဒါလေး စားကြည့်ဆိုပြီး ပါးစပ်ထဲ အတင်းလာထည့်ပေးတာနဲ့ တစေ့လောက် ကောက်ဝါးလိုက်မိတာ အထက်လှန်အောက်ရှော ဖြစ်သွားလို့ ဆေးခန်းပြေးရတဲ့ အထိပါပဲ။ ကလေးတွေကတော့ တော်တော် ဆေးရုံရောက်တယ်။
    ဘိုင်အို ဒီဇယ် မသုံးပဲ ဒီတိုင်းပစ်ထားတဲ့ နောက်ဆက်တွဲကတော့ ကျန်းမာရေး ပြသနာ ဖြစ်လာနိုင်တယ် အဲဒါလေး လူတိုင်းတော့ သိအောင် နိုးဆော်သင့်တယ်။

    Reply

  • MaMa

    October 24, 2011 at 5:07 pm

    အင်းး “ဉာဏ်ရည်နိမ့်သောဘလက်” လို့ ခေါင်းစဉ်တပ်လိုက်တော့ ဆရာလုပ်လိုက်မဟဲ့ဆိုပြီး ပြေးဝင်ဖတ်ကြည့်တယ်။ နှာစေးပြီး ပြန်ထွက်သွားရတယ်။ 😀

    Reply

  • blackchaw

    October 24, 2011 at 5:24 pm

    ကျွန်တော်က လူတွေမေ့နေကြတဲ့ အကြောင်းလေးတွေကို
    အစပြန်ဖေါ်ပေးတဲ့သဘောပါ။
    တာဝန်ရှိသူတွေဖတ်မိတယ်ဆိုရင်လည်း
    အပြုသဘောနဲ့ ရေးနေတယ်ဆိုတာ သိထားစေချင်ပါတယ်။
    အပေါ်မှာ ဆူး မန်းထားသလို ကလေးတွေ ပါးစပ်ထဲကောက်ထည့်လိုက်ရင်
    ဆိုတာကြီးမျိုးကိုလည်း ကြိုတင်ကာကွယ်လို့ရတာပေါ့။
    MaMa ကနှာစေးပြီးပြန်ထွက်သွားရတယ် ဆိုတော့
    ကြက်ဆူအကြောင်းပြောရမှာ ကြောက်လို့နဲ့တူပါတယ်။ ဟားဟား။

    Reply

  • windtalker

    October 24, 2011 at 8:13 pm

    ဘာသို ့သော ညာသို ့သော တွေ အသာထားလို ့
    ဘလက်ဆရာတစ်ယောက်
    လက်ညာမှောက်ကာ ရိုက်နှိပ် တင်ဆက်လိုက်တဲ့
    ကြက်ဆူသမိုင်းကတော့ ပြန်တစ်ခေတ်ဆန်းလာချေပြီ တမုံ ့
    ဖတ်မိသွားသူ ဘွန္တောပုရိသ လူကြီးမင်းတို ့အနေနဲ ့
    ပြန်လည် စဉ်းစားသုံးသပ်ကြမည်ပေလားးး ၊ လား ၊ လား

    Reply

  • ရွှေအိမ်စည်

    October 24, 2011 at 9:59 pm

    ကျန်သေးတယ်..တပင်ဘယ်လောက်နှုံးနဲ ့တစ်အိမ်ဘယ်နှစ်ပင်မစိုက်မနေရတောင်ပါသေးဗျား….
    ကြံ ့ဖွံ ့တွေတောင်တော်တော်စည်သွားတယ်…(တွက်ချေကိုက်ပါရော)..။
    ရက်ကွက်ထဲ မဟုတ်တာ..၁၂၃လုပ်တြ ့အိမ်တွေ ကအိမ်ပါတ်ပါတ်စိုက်ပေးတာမြင်ရဲ ့..
    အမြင်ကပ်လို ့ထင်ပါ့…တစ်ပါတ်လောက်နေတော့…..အကုန်ရိုက်ခွဲသွားတာလေး..မြင်ယောင်မိသေး…

    ကျနော်လည်းဉာဏ်သိပ်မကောင်းလို ့မမှတ်မိဘူး…….

    ကျနော်ထင်တာပြောရရင်.ဆီ.ကြိတ်မဲ ့စက်မတီထွင်ရသေးတော့ခဏရပ်သွားတာဘဲဖြစ်မယ်..

    Reply

  • padonmar

    October 24, 2011 at 10:22 pm

    စစိုက်ခိုင်းကတည်းက Jatropha curcas မှ Bio diesel ထွက်မယ်ဆိုတာသိတယ်လို့ကြားမိပါတယ်။
    ဝမ်းနှုတ်ဆေးအဖြစ်သောက်ရတဲ့ ကြက်ဆူဆီ မရပါ၊ဒါကြောင့်လည်း ဆူးရေးသလို စားမိတဲ့ကလေးတွေ အော့အန်ကုန်တာပေါ့၊
    အမှန်တော့ မမှန်မှန်းသိရင် အန္တရာယ်ရှိနိုင်တာကို သူတို့ရှင်းပေးမှာစောင့်မနေပါနဲ့။
    ပြန်နှုတ်ခိုင်းရမှာလည်းရှက်၊စားရိတ်လည်းသုံးရမှာဆိုတော့ မသိချင်ယောင်ဆောင်နေကြတာဖြစ်မှာပါ၊
    သိပ္ပံပညာရှင်ကို ဗေဒပညာရှင် လွှမ်းမိုးခံရတဲ့ အမှောင်ခေတ်လို့ဘဲသုံးပါရစေ။
    အဲဒါကို TV ကနေပါ ညာပေးခဲ့ကြသေးတယ်။
    နယ်ဖက်တွေမှာ သစ်ဆိမ့်ဆိုပြီးလည်း လိုက်စိုက်ခဲ့ကြသေးတယ်လေ။
    သစ်ဆိမ့်ဖူးစာဆိုပြီး ဇာတ်လမ်းတောင်ရိုက်ပြလိုက်သေးတယ်။
    သီတဂူဆရာတော်ကြီးတရားထဲက မျောက်ဥယျာဉ်မှူးတွေပါ။

    Reply

  • ကြောင်ကြီး

    October 25, 2011 at 10:05 am

    ရေနံဈေးကျနေလို့ ကြက်ဆူပင်ကိစ္စခဏ နှပ်ထားတာပါကွယ်။ 😀

    Reply

  • ba gyi

    October 25, 2011 at 12:23 pm

    ကြက်ဆူစေ့ကထုတ်တဲ့ဆီကို လုးံဝသုံးလို့ရတဲ့ အချောဆီအဆင့်ရဘို့ကို သုံးရတဲ့ ကယ်မီ ကယ်၊ ထုတ် လုပ် စရိတ်၊တွက်ကြည့်တော့ ၊ နိုင်ငံခြား မှ မှာသုံး သော ဆီထက်ဈေးက ကြီးမြင့် နေလို့ ဆက်မ လုပ် သေး ပဲရပ်နေတာလို့သိရတယ်၊ နောက်အချောသတ်ဖို့နည်းပညာ လည်းလိုနေတယ် လို့လည်းကြား ရ တယ်။
    ဘရာဇီးမှာတော့ လောင်စာဆီကို ကြံ ကနေထုတ်တယ်လို့သိရတယ်၊ ကြံ နဲ့ ကြက်ဆူမှာ ကြက် ဆူပင်စိုက်ပြီး(တောဖြစ်သွားရင်) အဲသည်အပင်စိုက်တဲ့မြေဟာ မြေဆီတွေခမ်းသွးပြီး၊ အခြားအပင် တွေ စိုက် ပျိုးဘို့ အခက်ခဲဖြစ်စေတယ်လို့၊ တစ်ချို့စိုက်ပျိုးရေးသ္မားတွေ ပြောတာကြားဖူးတယ်၊ တစ်ကယ် ဟုတ် ရင်တော့ မစိုက်သင့်ပါဘူး၊ ယတြာ အနေနဲ့ဆိုရင်လည်း၊ မင်းမူနေတာနေ တာခိုင်လို့တောင် နေပြီ ပဲ —— မြေကြီးဒါဏ်ခတ်တာမခံရခင်မြန်မြန် ရပ်ပါတော့လို့။

    Reply

Leave a Reply

Your email address will not be published.