နောက်ဆုံးလက်ကျန် .. ပစ္စုပ္ပန်

fattyOctober 23, 20111min014

အမေ ဟင်းချိုသောက်ဖို့လက်လှမ်းပြီး ဇွန်းဖြင့်ဟင်းချိုခပ်ိလိုက်သည်ကို ကျနော်ငေးကြည့်နေမိသည်။
အမေဟင်းချိုပူပူကိုမှုတ်သောက်နေသည်။အမေ့ပါးစပ်က မလုံတော့သဖြင့် ပါးစောင်ထဲမှ ဟင်းချိုများအချို့ပြန်စီးကျလာသည်။
အမေသည်စိုးရိမ်ဟန်ဖြင့်ကျနော့်ဘက်ကိုလှမ်းပြီးကြည့်ရှာသည် …။

စီးကြပါစေအမေရယ် …..။ ဒီလိုမျိုးတွေက နောင် ကျနော်တို့လဲမလွှဲမသွေကြုံကြရအုံးမဲ့ကိစ္စတွေပါ …။
ကျနော် တစ်ရှုးတစ်ရွက်အမေ့ကိုလှမ်းပြီးပေးလိုက်သည် ..။ အမေသည့်သူ့ချွေးမ ကျနော့မိန်းမဘက်သို့ မသိမသာလေးကြည့်လိုက်သည်ကို
သတိထားလိုက်မိပါသည်။

ရပါတယ်အမေ … ကျနော်စားလက်စ ဇွန်းခရင်းကိုချပြီး …. စဉ်းစားနေလိုက်မိတော့သည် …။
တချိန်က ကျနော်မှီခိုခဲ့ရသောအမေ ……။
ကျနော်မှီခိုခဲ့ရစဉ် ဘယ်သူ့မျက်နှာကိုမှကြည့်စရာမလို … ကျောင်းလခမှန်မှန်နောက်မကျအောင်ပို့ပေးသည်။
အမေကပို့ပေးပြီးအမေကျွေးသည့်ထမင်းစားနေရသော်လည်း အမေ့မျက်နှာ ကိုကြည့်နေစရာမလို ..။
အခု အမေ့မှာ ဘာမှမရှိတော့ပြီ …။ ကျနော်ကျွေးသည့် ထမင်းစားနေရသော်လည်းအမေသည်
သူများမျက်နှာတွေကြည့်နေရပြီ …။ ဟင်း ………လို့သာ သက်ပြင်းချမိသည် ….။

ဒီနေ့ သားရဲ့မွေးနေ့မို့ အပြင်ထွက်စားဖြစ်ကြသည် …။ အမေကိုတော့တွဲခေါ်ရသည် ..။
အိမ်မှာဆို အမေတယာက်တည်းသီးသန့်စားသည်။ ကျနော့မိန်းမဖြစ်ဖြစ်သားဖြစ်ဖြစ်စားနေပါက အမေက မဆာသေးဘူးဟုပြောလေ့ရှိသည်။
ထိုဟာကိုကျနော်မကြိုက် ကျနော့သဘောက အားလုံးထမင်းလက်ဆုံဖြစ်နိုင်သမျှ စားစေချင်သည်။
မနက်ပိုင်းမဆုံနိုင်လျှင် ညပိုင်းဆုံနိုင်ရမည် ….။

ထမင်းစားသည့်အခါ အမေဟင်းခပ်ရာတွင်လမ်းတလျှောက် ဟင်းများဖိတ်စင်လေ့ရှိသည်။
ဖိတ်ပါစေ …။ ဘာဖြစ်လဲ …။ အသက်ကြီးတော့လက်တုန်တာဘာဖြစ်လဲ ….။
ဒါက ကျနော့အမြင် သားဖြစ်သူရဲ့အမြင်ကိုး …။

တရက် … ကျနော်အပြင်ကပြန်လာတော့ …အမေ့ကိုအပြေင်ခန်းမှာလဲမတွေ့ အိမ်ခန်းထဲမှာလဲမတွေ့။
ကြည့်လိုက်တော့ နောက်မိဖိုထဲမှာ ပန်းကန်တွေဆေးနေလေတော့သည် …။
အမေ ဘာလုပ်တာလဲအမေရ .. မတော် အရိုးတွေဘာတွေကျိုးပြုသွားရင်ဘယ်လိုလုပ်မလဲ ဟုဆိုသောအခါ …
ပျင်းလို့ပါသားရယ် ..။အမေ့မှာ တနေ့လာ ထမင်းစား အိပ် ငုတ်တုတ်ထိုင် ပုတီးစိတ် …နဲ့ လူပိုကြီးလိုဖြစ်နေတာလေ ….တဲ့။

အမေအလုပ်လုပ်ခဲ့တာတွေများပြီလေ အခုအေးအေးဆေးဆေးနားပါတော့ဆိုတော့ ဟဲဟဲ ဟဲဟဲနှင့်ရီသည်။
အမေသာ မျက်လုံးကောင်းရင် ဒီထက်မက လုပ်နိုင်ပါသေးတယ်တဲ့ …။
အမေ့ကိုအိမ်ရှေ့တွဲခေါ်လာပြီး ကျနော်နောက်ဘက်ပြန်သွားကာ အမေဆေးထားသောပန်းကန်များကိုပြန်ဆေးရသည်။
အမေသည်သူဆေးသောပန်ူကန်များ ပြောင်မပြောင်မသိပါ …။
အမေအသက် ( ၈၈ )နှစ်ရှိပါပြီ။ သက်ကြီးရွယ်အိုများကို ပြုစုနည်းများယခုအခါတချို့နေရာများတွင်ဖွင့်လှစ်
ကြသည်ကိုတွေ့ရပါသည်။

အမှန်ပင်လိုအပ်ပါသည်။ ကိုယ့်အတွက်နောက်ဆုံးပစ္စုပ္ပန်သည် ရောက်လာပါလိမ့်မည် ………။

14 comments

  • koyinmaung

    October 24, 2011 at 3:41 am

    ကိုဖက်တီးရေ ….ကိုဖက်တီးရေးတဲ့ပိုစ်ဖတ်ရတော့ကွယ်လွန်သွားကြပြီဖြစ်တဲ့
    မိဘတွေကိုသတိရလွမ်းဆွတ်မိပါတယ်ဗျာ…

    Reply

  • amatmin

    October 24, 2011 at 9:30 am

    ဦးဖက်တီးရေ..ကျွန်တော့မှာ.လည်းအသက် ၈ဝ နီးပါး အဘွားရှိပါတယ်..ကျန်းလည်းကျန်းမာတယ်
    နယ်မှာပဲနေပြီး အိမ်ကိုလာတဲ့အချိန်တွေဆို..ကျွန်တော့ အဖေ သူ့သားအဝတ်တွေကို(သုံးလေးထည်ပေါ့)
    သူလက်နဲ့ကိုယ်တိုင်.လူလစ်တာနဲ့လျော်တာပဲ..တွေ့လို့ပြောလိုက်ရင်.ငါ့တတ်နိုင်တုန်းလေးလုပ်ပေးတာပါတဲ့..
    ကျွန်တော့ အဖေအတွက်တော့..သူ့အမေက အမြဲ နံပါတ်တစ်ပါပဲဗျာ….
    ကိုယ်တိုင်ကတော့ .အိမ်မှာ.လုပ်ကိုင်ပေးနေတဲ့.အမေနဲ့.တခါတလေတောင်တကျက်ကျက်..
    ဒါဖတ်ပြီးပြင်စရာတွေ.မြန်မြန်လေးပြင်လိုက်အုံးမယ်ဗျာ…

    Reply

  • thit min

    October 24, 2011 at 10:03 am

    လေးလေးဖက်ရေ စာကိုဖတ်ရင်း ခံစားလာရလို့ ပို့စ်ရေးလိုက်မိပါတယ်။
    ခွင့်ပြုပေးပါ။ လေးစားကျေးဇူးတင်ပါသည်ခင်ဗျား။

    Reply

  • manawphyulay

    October 24, 2011 at 10:15 am

    ဒီလမ်းကို လူတိုင်းမသွေ သွားကြရမှာပါပဲ။ ၈၈ နှစ်ထိ ဒီသားတွေ မြေးတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေနိုင်တာဟာ ရှေ့ကုသိုလ်ကြောင့်ပါပဲ။ ကိုယ့်အလှည့်ရောက်ရင်ကော ဒီအသက်အရွယ်ထိ နေရပါ့မလား။ ဒါတွေ မစဉ်းစားချင်ဘူး။ ဒါပေမယ့် ဒီလိုအရွယ် အချိန်ကို တစ်နေ့နေ့တော့ ရောက်လာမှာ မလွဲပါဘူး။ ဆုံးသွားတဲ့ဘွားဘွားကိုလည်း သတိရမိတယ်။ ဘွားဘွား ဆုံးချိန်က အသက် ၉၉ နှစ်ရှိနေပြီလေ။ ဒါပေမယ့် ဆုံးသွားသွားရော သူ့အဝတ်သူလျှော်နိုင်တဲ့ဘဝ၊ မာလကာသီး၊ ကြံ စားနိုင်သောက်နိုင်တဲ့ဘဝနဲ့ နေထိုင်သွားခဲ့တာ ပါရမီနဲ့ ကုသိုလ်တရားတွေများပြားလို့ ထင်မိပါတယ်။

    Reply

  • fatty

    October 24, 2011 at 10:16 am

    အရေးကြီးတာက ကိုယ့် အဖေ အမေ သက်ကြီးရွယ်အိုတွေကိုပြုစုနေရရင် ……….
    မအော် မငေါက်မိဖို့ပါ ။ နောက်ဆုံးသိပ်မကျန်တော့တဲ့သူတို့အချိန်ကို ပျော်ပျော်ပါးပါး
    ကုန်ဆုံးနိုင်ကြစေလိုပါတယ် ….။ ကုိုရင်မောင်အတွက်ကတော့ အမှတ်ရစရာ ဖြစ်သွားမှာပေါ့လေ .။
    အမတ်မင်းရေ ဒီခေတ်က ခေတ်ကျပ်ဆိုတော့ ကိုယ်ချင်းစာတယ်ဗျာ …ဒါပေမဲ့ကြိုးစားရမှာပေါ့နော
    ကိုယ့်အလှည့်လာအုံးမှာဘဲလေ ..။ ကိုသစ်မင်း ….ရေးပါခင်ဗျား …စောင့်ဖတ်ပါ့မယ် ..။
    အားလုံးကိုကျေးဇူးလဲတင်ပါတယ် ..။ အကိုဝမ်းကွဲတယောက်ဆိုရင် အဖေ့အတွက် အသုဘစားရိတ်ပါထားခဲ့တယ် ပြန်လာနိ်ုင်မယ်မထင်လို့ဆိုပြီးထွက်သွားလိုက်တာ ….. ကျနော့စိတ်ထဲ
    ကသိကအောင့် ဖြစ်သွားရတယ် ….။

    Reply

  • နွယ်ပင်

    October 24, 2011 at 10:37 am

    လေးဖက်ရေးတဲ့ ပိုစ့်လေးကိုဖတ်ပြီး စိတ်ထဲခံစားရတယ်
    လေးဖက်ပြောသလိုပဲ ကိုယ့်အဖေအမေ အဖိုးအဖွား
    သက်ကြီးရွယ်အိုတွေကိုပြုစုနေရင် မအော် မငေါက်မိအောင်ကြိုးစားပင်မယ့်
    တစ်ခါတစ်လေ စိတ်နဲ့ အခန့်မသင့်တဲ့အခါ အော်တာ မဟုတ်ပင်မယ့်
    လေသံမာသွားတက်တာကို သတိထားပြီး ပြုပြင်ရဦးမယ် ။
    အခုလို သတိပေးတဲ့အတွက်ကျေးဇူးပါ လေးဖက်ရေ …………

    Reply

  • ဆူး

    October 24, 2011 at 11:21 am

    ဦးဖတ်ရဲ့ အမေ က အသက် ၈၈ မှာ ပန်ကန်ဆေးတုန်း
    ဆူး ရဲ့ အဖိုး အသက် ၉ဝ ကျော်တဲ့ အထိ ထင်းခွဲခွဲ နေလို့ သားသမီး မြေးတွေက ပြောတော့ ငါက ချွေးထွက်ချင်လို့ ချွေးထွက်မှ ကျန်းမာတယ်ပြောတတ်တယ်။ အတူနေ မိသားစုက ထင်းမခွဲရအောင် မီးသွေး ဝယ်ပြီး ထမင်းချက်ရတယ်။ ဒါတောင် မီးဖိုမှာ မီးရှိသေးရင် ရေနွေးအိုးလိုက်တည်နေသေးတယ်။ လမ်းသွားလို့ သူ့ကို တွဲရင် သိပ်သဘောမကျဘူး နေနေဆိုပြီး တွဲတဲ့ လက်ကို ခါချတယ်။ စိတ်ပဲ မာလို့လား မသိဘူး အခုထိတော့ ကျန်းကျန်းမာမာ ရှိနေတုန်းပါပဲ။ မကြာခင်မှာ သူ့ရဲ့ ၉၂ နှစ် မွေးနေ့ ကို ရောက်တော့မယ်။

    Reply

  • Foreign Resident

    October 24, 2011 at 11:51 am

    ” တချိန်က ကျနော်မှီခိုခဲ့ရသောအမေ ……။
    ကျနော်မှီခိုခဲ့ရစဉ် ဘယ်သူ့မျက်နှာကိုမှကြည့်စရာမလို ”

    ရင်ကိုထိခတ်စေပါသည် ။

    Reply

  • blackchaw

    October 24, 2011 at 1:00 pm

    ကိုဖက်တီးရေ။
    အမေ့ ကို ကျွန်တော် ချစ်ပါတယ်။
    အမေ ကျွန်တော်တို့ကို ချစ်တာလည်း ကျွန်တော်သိပါတယ်။
    ကိုဖက်တီး စာလေးကိုဖတ်ပြီး အမေ့ကို အရမ်းသတိရတယ်ဗျာ။

    Reply

  • fatty

    October 24, 2011 at 5:17 pm

    ကျနော်ကတော့ commentတွေဖတ်ပြီး တမျိုးကြီးခံစားနေရပါတယ် ……။
    သက်ပြင်းကြီးလဲချမိပါတယ်ဘာကြောင့်ရယ်မသိ ………။
    ကျနော်ကိုယ်တိုင် စိတ်အခန့်မသင့်တဲ့အခါ သတိနဲ့ထိမ်းရတာမျိုးရှိလို့ ဒီပိုစ်ရေးဖြစ်တာပါ။
    ဒီခေတ်မှာ အလုပ်လုပ်ကြရတာ stress တွေ pressure တွေများတယ်လေ ………။
    ကိုယ်တိုင်ဘယ်လိုဘဲအလုပ်များများ အဖေအမေ အဖိုးအဖွားတွေအပေါ်မှာတော့သတိပြုပြီး
    စိတ်ရှည်ကြပါလို့ …………..။

    Reply

  • ကြောင်ကြီး

    October 25, 2011 at 10:10 am

    ဘာဝနာတခုခုကို အခုကထဲက အလေ့အကျင့် လုပ်ထားကြပါ။ ဘဝကူးကောင်းဖို့ပါသလို့ အသက်ကြီးတဲ့အခါ အချိန်ကိုတန်ဖိုးရှိရှိ ကုန်လွန်စေနိုင်တယ်။ ကျန်သူများအတွက်လည်း အလုပ်ပိုမဖြစ် ယူတတ်ရင် နှစ်ဦးနှစ်ဖက် အကျိုးများစေတဲ့ ဘဝနေနည်းသေနည်း ဖြစ်ပါတယ်ခင်ဗျား…။

    Reply

    • windtalker

      October 25, 2011 at 1:04 pm

      ဥပမာ ၊ ဂေဇက်တွင် ကိုကြောင်ကြီး ၏ “လုံး” များနှင့် လုံးသလို လားဗျ..
      အဲဒါလဲ ပျော်စရာကြီးဘဲနော် ၊ ပျော်ပျော်နေရရင် ဘဝဟာ ကျန်းမာစေမယ် ထင်တယ်ဗျာ

      Reply

  • MOEPWINTPHYU

    October 25, 2011 at 12:32 pm

    မိုးပွင်ရဲဘွားဘွားက 82နှစ်လောက်ရှိပြီ အတူနေကြတာ သူကအရမ်းကျန်းမာတယ်
    သူရဲအတွေးနဲ မိုးပွင့်တိုအတွေးမတူတောသူစကားဆိုသိပ်နားမတောင်ပဲနေတာ အဲဒါဆို အမေကနင်တို အဘွားလာနေတာ နင်တို့ငရဲကြီးလိမ့်မယ် သူဘာပြောပြော ပြန်မပြောရဘူးလိုပြောတယ်
    မိုးပွင်တိုလူကြီးဖြစ်ရင်အဘွားအိုဖြစ်ရင် ဒီလိုပဲနေမှာပဲဆိုပြီ နေရတယ်…

    Reply

  • fatty

    October 25, 2011 at 1:24 pm

    ကိုကြောင်ကြီးပြောတာမှန်ပါတယ် …. ကျနော်အမြဲတန်း အာနာပါန ကိုထုံနေအောင် အကျင့်လုပ်ပါတယ်။
    ကျနော်တို့အရွယ်တွေဟာ သိပ်မကြာခင် …. အို နာ လာတော့မှာပါ ….။ ဒီကြားထဲ သေခြင်းကတော့
    အချိန်မရွေး ဝင်သွားနိုင်တယ် ။ ဒါကြောင့် ပရဟိတကိုတတ်နိုင်သလောက်လုပ်ရင်း ကိုယ့်အတွက်လဲလုပ်ပါတယ် …..။

    Reply

Leave a Reply

Your email address will not be published.