ဆယ်လူလာဈေးကျ ဂျီဈေးမရ ကတ်ဖုန်းနှင့် ငါးသိန်းဖုန်းများ အဝယ်သွက်

klnMay 19, 20101min02

ကျပ်ငါးသိန်းဖုန်းခေါ် CDMA 800 MHz များ အသုံးပြုမှုများလာပြီးနောက် ဒုတိယမျိုးဆက် (Second Generation) ဖုန်းဖြစ်သည့် ဆယ်လူလာဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ ကျပ်(၈)သိန်းအောက်သို့ ကျဆင်းလာခဲ့ကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်အချို့ထံမှ သိရသည်။ မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်း အသုံးပြုမှုတွင်ကျယ်လာသော မိုဘိုင်းလ်ဖုန်းကွန်ရက်တစ်ခုဖြစ်သည့် SMSစနစ်ကို အသုံးမပြုနိုင်ဘဲ ဖုန်းပြောရုံသက်သက်သာ သုံးနိုင်သဖြင့် ဖုန်းနံပါတ် ဝ၉၉———ဖြင့် စသော ဆယ်လူလာဖုန်းများ လူကြိုက်နည်းကာ ဖုန်းဈေးကျဆင်းမှုဖြစ်သည်ဟု ၎င်းကပြောသည်။ “ ကတ်ဖုန်းတွေတောင် အနိမ့်ဆုံး SMS သုံးလို့ရတယ်။ ဆယ်လူလာလို့ Analog code စနစ်သုံးတဲ့ 2Gခေတ် မရှိတော့ဘူး။ ငါးသိန်းဖုန်းက ကတ်ဖုန်းစနစ်အပြင် နံပါတ်အသေရတာရယ် Hand Set ရော၊ အထိုင်ပါ သုံးလို့ရတာ။ မကြာခင် ရန်ကုန်တစ်တိုင်းလုံး ယူသွားပြီး ဆက်သွယ်လို့ရမှာရယ်ကြောင့် လူကြိုက်များလာတာပါ။ ဖုန်းဆက်ရုံလောက်ကတော့ ကတ်ဖုန်းတစ်လုံး ကတ်ဝယ်ထည့်သုံး ကုန်ရင်ငါးသောင်း၊ ခြောက်သောင်းပေါ့ ” ဟု ယင်းပုဂ္ဂိုလ်က ရှင်းပြသည်။ တစ်ခါသုံးကတ်ဖုန်းများ အသုံးပြုမှုများလာသည့်နောက် ယခင်က သိန်း၃၀/ ၄ဝ ဈေးပေါက်ခဲ့သော ဂျီခေါ် GSM ဖုန်းများ၏ဈေး ထိုးဆင်းလာခဲ့ပြီး မနှစ်က တစ်လုံး ကျပ် သိန်း၂ဝအောက်၊ ယခု ၂၀၁ဝပြည့်နှစ် မေလတွင် ဝ၉၅၀———–အစရှိသည့် ဂျီဟောင်းများ ကျပ် ၁ဝ သိန်းဝန်းကျင်သာ ဈေးရှိတော့သည်ဟု သိရသည်။ “ ငါးသိန်းဖုန်းကတော့ အလုပ်ဖြစ်လာတယ်။ စထုတ်တုန်းက လူစိတ်ဝင်စားမှုနည်းပေမယ့် နောက်လတွေမှာ တစ်လုံးကို ကျပ်ငါးသောင်းလောက် အမြတ်ရပြီး အခုလမှာ ကျပ်ရှစ်သောင်းထိ တက်လာပါတယ်။ ဂျာနယ်တွေမှာ ငါးသိန်းဖုန်းလိုချင်ရင် တစ်နာရီအတွင်းရမယ်။ ချက်ချင်းရမယ်ဆိုပြီး သတင်းရေးတာတွေ တွေ့ရတယ်။ အဲဒါက ငါးသိန်းဖုန်းကို ငါးသိန်းနဲ့ ရတာမဟုတ်ဘဲ ကြားက အကျိုးဆောင်ခယူနေတာ မသိကြဘူးထင်တယ် ” ဟု ဖုန်းဈေးကွက်ကို ပြောပြခဲ့သည်။

2 comments

  • intro

    May 19, 2010 at 10:00 am

    ကျွန်တော်တို့ဘက်မှာလဲ ငါးသိန်းတန်ဖုန်းတွေ တော်တော် အဝယ်လိုက်နေကြတယ်…. ဈေးနှုန်းကလဲ သင့်၊ လိုင်းကလဲ မဆိုးဘူးလေ…. လူတွေ တော်တော်များများ ဝယ်ကိုင်နိုင်တဲ့အနေအထား မှာရှိတယ်… GSM တွေကတော့ အရောင်းအဝယ်အေးနေတယ်…

    Reply

  • banban

    May 20, 2010 at 6:45 am

    အင်း… ငါးသိန်းဖုန်းကို ခြောက်သိန်းပေးဝယ်ရတယ်ဂျ… တစ်သိန်းဘာဖိုးဆိုလားပဲ… 😀 နံပါတ်လှတာလိုချင်ရင် တစ်ပုလင်းထပ်ပေးပဲ…

    Reply

Leave a Reply

Your email address will not be published.