လူသိ သိပ်နဲသေးတဲ့ ပန်းတစ်ပွင့်ရဲ့ ကျဆုံးခန်း

naywoon niOctober 19, 20111min014

ပြောရဦးမယ်…။ လူသားအားလုံးသံဝေဂ ရစရာလေးတစ်ခု…။ နဲနဲတော့ကြာသွားပြီ…။ ကာယကံရှင်တွေရဲ့ ပူဆွေးသောက သက်သာရာ ရအောင် အချိန်စောင့်ပေးလိုက်တာရယ် ….. အကြောင်းအရာအချက်အလက် မပြည့်စုံတာရယ်ကြောင်ကြာသွားတာပါ…။ ခုထိတော့ သူရို့ တစ်တွေ မှာ ဝမ်းနည်းပူဆွေးနေကြတုန်း…။
ဖြစ်ရပ်မှန်က ဒီလိုရယ်ပါ…။ 13-9-2011 နေ့ မွန်းလွဲ နှစ်နာရီမှာကျင်းပခဲ့တဲ့….. ဒေသကောင်စီအစည်းအဝေး မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခမ်းမ တပ်ကုန်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စလေးပါ…။ အစည်းအဝေးတက်ရောက်ခဲ့သူများကတော့—-
-နေပြည်တော် ပြည်သူကောင်စီဥက္ကဌ (နေပြည်တော် မြို့တော်ဝန်)
-မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးများ
-လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ
-ရပ်မိရပ်ဖ များ တက်ရောက်ခဲ့ကြပါတယ်…။
အဲဒိအစည်းအဝေးမှာ မိမိ တင်ပြလိုရာ တင်ပြ ကြတဲ့ အထဲက ဦးမောင်အုန်း တင်ပြခဲ့သည်ကတော့……..
လွန်ခဲ့တဲ့ ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေး ကာလ က ဗိုလ်ချုပ် ဝန်ကြီး တစ်ဦးမှ ကျေးရွာချင်းဆက်လမ်းများဖောက်လုပ်ရာ တင်ပြသူ ဦးမောင်အုန်း အပါအဝင် တောင်သူအတော်များများမှ လယ်ယာမြေများ လမ်းမြေသိမ်းရာတွင်ပါဝင်ခဲ့ကြောင်း သို့ အတွက် မည်သူတစ်ဦးတစ်ယောက်မှ နစ်နာကြေး မြေသိမ်းလျော်ကြေး မခံ စားခဲ့ကြရပါကြောင်း……..
……အစည်းအဝေးခမ်းမ အလယ် လျှောက်လမ်းမှပေါ်မှ မိုက္ကရိုဖုန်း ကိုင်လျှက်တင်ပြနေချိန်တွင် လဲကျသွားကြောင်း…။ တက်ရောက်သူ ရပ်မိရပ်ဖ ထဲမှ ဆရာဝန် တစ်ဦးပါလာရာ အလျှင်မမြန် ဆေးရုံ ပို့ခဲ့ပါသော်လည်း ဆေးရုံသို့ ရောက်ချိန်ဝယ် အသက်မရှိတော့ပါကြောင်း …။ သို့အတွက် အစည်းအဝေး တက်ရောက်လာသော နေပြည်တော် မြို့တော်ဝန်မှ ၎င်းတို့အားနစ်နာကြေး ထုတ်ပေးရန်ညွှန်ကြားပြီး အစည်းအဝေးကို ရပ်ဆိုင်းခဲ့ကြောင်းသိရှိရပါသည်…။
ကွေးသောလက် မဆန့်မီ ….ဆန့်သောလက် မကွေးမီ ဆိုရိုးစကားအတိုင်း ပြောနေလျှက် မိုက္ကရိုဖုန်း လေးမှ မချနိုင်ခင် မိုက္ကရိုဖုန်း ကိုင်လျှက်နှင့် လဲကျ …ချက်ချင်းဆေးရုံပို့ ဆေးရုံရောက်သောအခါ အသက်ပျောက် ခဲ့ရှာသော ဦးမောင်အုန်း……….
မိုက္ကရိုဖုန်း ကိုင်လျှက် ကလည်း ကာရာအိုကေဆိုနေတာမဟုတ်…။ နိမ္ဗာန် အကျိုးမျှော် လှူဖို့တန်းဘို့ နှိုးဆော် တိုက်တွန်းနေတာမဟုတ်…။ ဝဲဆေးကြောငြာနေတာလည်း မဟုတ်…။ ၎င်းနှင့် ဘဝတူ တောင်သူတို့၏ နစ်နာမှု ကိုသက်ဆိုင်ရာ တာဝန်ရှိသူ ရောက်လာစဉ် တင်ပြနေစဉ်ခဏ ……။ ဘယ်သူမှမထင်မှတ်လိုက်ပဲ သေမင်းရဲ့ အလစ်အငိုက် ထိုးစစ်ဆင် အနိုင်ယူခံလိုက်ရတာ…။
သူ့ရဲ့ ကိုယ်ရေး အချက်အလက်လေးကို စိတ်ဝင်စားရင် ဆက်ဖတ်ကြပါဦး…။

အမည် =ဦးမောင်အုန်း
အသက် = 60
မိဘအမည် = ဦးမြ+ဒေါ်သန်းကြည်
ဇနီး အမည် = ဒေါ်တင်အေး
သားသမီး………. = သား(၁)ယောက် ၊သမီး (၁)ယောက်
ဇာတိ = တရော်ပင်အင်းကျေးရွာ ညောင်တုန်းအိုင်အုပ်စု တပ်ကုန်မြို့နယ်…။
လက်ရှိနေထိုင်ရာဒေသ = ဆရာစံ ရပ်ကွက် ၊ တပ်ကုန်းမြို့ ။
ပင်မအသက်မွေးဝမ်းကြောင်း…..= မိရိုးဖလာတောင်သူလုပ်ငန်း
ပါဝင်လုပ်ကိုင်ခဲ့သည့် အဖွဲ့အစည်းများ-
(၁) မြို့နယ် သာသန ဗိမ္မာန် ဥပဌာမက အဖွဲ့ဝင် (သေဆုံးချိန်အထိ တာဝန်ထမ်းဆောင်ဆဲ)
(၂) ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင် (လူမှု/စီပွား) (1990 ခုနှစ်မှ 2000 ပြည့်နှစ်အထိ)
(၃) မြို့နယ်အချိန်ပိုင်း တရားသူကြီး (1986-87)

လူဆိုသညမှ သေမျိုးဆိုငြား ဒီလိုသေဆုံးပုံနဲ့တော့ ဒီစာဖတ်နေသူကော တွေးကြည့်မိရဲ့လား? လက်တွေ့ဘဝ ဟာ စိတ်ကူးထက်ဆန်းကြယ်လွန်းလှပါတယ်…။ အဲဒိတော့ လူသိ သိပ်နဲပါးနေတဲ့ ပန်းတစ်ပွင့်ရဲ့ ကျဆုံးခန်း ကိုဒီမှာတင်ရပ်နားခွင့်ပြုပါ…။

14 comments

  • blackchaw

    October 19, 2011 at 12:13 pm

    သေဆုံးခြင်းဆိုတာ အချိန်မရွေး ရောက်လာနိုင်ပါတယ်
    naywoonni ရေ။ စိတ်မကောင်းပါဘူးဗျာ။

    Reply

  • ပေါက်ဖော်

    October 19, 2011 at 12:18 pm

    ဖြစ်ချင်ရင်..အဲသလိုပါပဲဗျာ..
    ကျဆုံးခဲ့တဲ့ ပန်းတစ်ပွင့်အတွက်..စိတ်မကောင်းပါဘူး..သိပ်လဲမကြာသေးဘူးဆိုတော့..သူ ့မိသားစု
    အတွက်လဲ စိတ်မကောင်းပါဘူး..
    မိုက်ကရိုဖုန်းကိုင်ပြီး ဘဝတူတွေအတွက် အသက်စွန် ့သွားသူ.ပါ
    နှလုံးရောဂါများ ရှိသလားမသိဘူးနော့

    Reply

  • windtalker

    October 19, 2011 at 12:31 pm

    နေဝန်းတော့ နေဝန်းပဲ
    တပ်ကုန်းက နေဝန်းဆိုတာ ပေါ်လာပြီ
    ရောင်းပယ်ဝယ်ပန်း အထူးလန်းပါစေလို ့
    ဘိုနီ ့အတွက် မောင်ပေ မှ မေတ္တာပို ့ခဲ့ပါ၏

    Reply

    • manawphyulay

      October 19, 2011 at 2:54 pm

      နကိုထဲက နေဝန်းက နေပူတော် နေဝန်းပဲဟာ
      မောင်ပေက ဒုမှတိတယ် ဟုတ်ရား….
      လူတိုင်းလူတိုင်းသွားရမယ့်လမ်းမှာ ဘယ်သူတွေ ဘယ်နည်းနဲ့သွားရမလဲဆိုတာမသိဘူး။ ခုလိုမျိုးနည်းနဲ့သွားတာဟာ သူ့အတွက် အကောင်းဆုံးပဲလို့မြင်မိတာပါပဲ။

      Reply

  • “ဘီလူးကြီး”ogre

    October 19, 2011 at 1:42 pm

    အင်း …
    အများအတွက်တင်ပြရင်းကသေဆုံးရတာပဲ
    စိတ်မကောင်းစရာပါ
    သေမင်းဆိုတာမျိုးကတော့လို့စဉ်းစားရင် သတိရမိတဲ့
    စာပုဒ်လေးတစ်ခုပါ..
    ဆင်ခံမြင်းခံ ..မတ်ပေါင်းရံလဲ
    သူကသာခွေ…တို့ကသေ၏
    သရေစရိုး…မရှိရိုးတည်..။။။။

    Reply

  • MOEPWINTPHYU

    October 19, 2011 at 2:10 pm

    အဲဒါကြောင့်လူကြီးတွေကပြောကြတာ ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီဆိုတာ
    တကယ်လက်တွေဖြစ်သွားတာပေါ မိုးပွင့်တိုလည်း ဘုရားတရားကို မမေ့ပဲနေဖို့ တရားရသွားတာပေါ….

    Reply

  • mayday

    October 19, 2011 at 2:57 pm

    စိတ်မကောင်း စရာပါပဲဗျာ ။ သူများအကျိုးကို သယ်ပိုးနေချိန်မှာ၊ သူအတွက်ဂုဏ်ယူပါတယ်ဗျာ ။
    ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီဆိုတာ က တော့ အမှန်တရားပါ ပဲဗျာ။
    ဒါကြောင့် ကြံစုတ်ရင်တောင် အရင်းကစစုတ် ပါလို့ ကြံပေးချင်ပါတယ်ဗျာ ဟီး ဟီး

    Reply

  • etone

    October 19, 2011 at 3:57 pm

    သူ့ဆန္ဒတောင် မပြည့်ဝသေးပဲ သေသွားရတော့ စိတ်တောင်ဖြှောင့်မှာ မဟုတ်ဘူး … ။
    လူတုန်းကတော့ အော်နိုင်ဟစ်နိုင်တောင်းဆိုနိုင်သေးတယ် … မတော်လို့များ .. တစ်စုံတစ်ခုများဖြစ်သွားလျှင် … အိမ်မက်ပေးခြောက်လန့် တောင်းဆိုဦးလေမလားနော် … ။ 🙄

    Reply

  • “”မိုက္ကရိုဖုန်း ကိုင်လျှက် ကလည်း ကာရာအိုကေဆိုနေတာမဟုတ်…။ နိမ္ဗာန် အကျိုးမျှော် လှူဖို့တန်းဘို့ နှိုးဆော် တိုက်တွန်းနေတာမဟုတ်…။ ဝဲဆေးကြောငြာနေတာလည်း မဟုတ်…။ ၎င်းနှင့် ဘဝတူ တောင်သူတို့၏ နစ်နာမှု ကိုသက်ဆိုင်ရာ တာဝန်ရှိသူ ရောက်လာစဉ် တင်ပြနေစဉ်ခဏ ……။ ဘယ်သူမှမထင်မှတ်လိုက်ပဲ သေမင်းရဲ့ အလစ်အငိုက် ထိုးစစ်ဆင် အနိုင်ယူခံလိုက်ရတာ…။””
    ခုလို ကြားရတော့ စိတ်မကောင်းလိုက်တာ ကိုနေဝန်းနီရေ။

    Reply

  • naywoonni

    October 20, 2011 at 4:03 pm

    မြို့အနောက်ဘက်ခြမ်းက တောင်သူတွေတော့ မြေပါသွားတဲ့သူတွေ နစ်နာကြေး ရသွားတယ်ပြောတာပဲ…။ အရှေ့ဘက်ခြမ်းက ဆင်သေ -ပင်လောင်း ရထားလမ်းနဲ့ ကပစ ကားလမ်းမှာ လယ်ယာမြေ ပါသွားတဲ့ တောင်သူတွေ တော့ တစ်ပြားတစ်ချပ်မှ မရသေးဘူးလို့ ပြောနေကြတယ်…။ မြို့ အရှေ့ဘက်ခြမ်းမှာ ဦးမောင်အုန်း တစ်ယောက် လိုနေပြီလို့တောင် ပြောနေကြပြီ…။ ပေးမှာဖြင့်ရင်လည်း အကုန်တစ်ခါထဲမပေးဘူးနော် …။တောင်းမှ ရတယ်..။

    Reply

  • victor soemoe

    October 21, 2011 at 9:54 pm

    တကယ်တော့ – အ့ ဲဒီ ဦမောင်အုန်း က အသိတရားပေးသွားတာလေ – လူကြီးတွေ ( တာဝန်ရှိသူတွေ) သိရဖို့က ဘယ်သူ့အတွက်လုပ်ကြမလဲ – ငါ့ အတွက်လား၊ ငါ့ဇနီးအတွက်လား ၊ ငါ့ သားသမီး အတွက်လား၊ ငါ့ မြို့ အတွက် ငါ့ဒေသအတွက် ၊ ငါ့ တိုင်းပြည်အတွက် ( စာကားလုံးတွေကြီးသွားပီ) ပြောရယင် ဦးမောင်အုန်း စကားတွေပြောယင်း က အမှတ်မထင် သေသွားခဲ့ တာ သူ့ နောက်ကို ဘာမှ ပါ မသွားခဲ့ ဘူး ဘာမှ သယ်မသါွးနိုင်ခဲ့ ဘူး – ဦးမောင်အုန်းရဲ့ ဇနီးသားသမီးခံစားရတယ်၊ သူတင်ပြခဲ့ တဲ့ အကြောင်း အရာ ကြောင့် သူနဲ့အတူ နစ်နာခဲ့ တဲ့ တောင်သူတွေ အထိုက်အလျှောက်အကျိုးခံစားခွင့် ရသွားခဲ့ ကြတယ် – ဦးမောင်အုန်း မှာတော့ – – – – –

    Reply

  • minmahar

    October 22, 2011 at 12:16 am

    တစ်ဦး တစ်ယောက်မှ နစ်နာကြေး မြေသိမ်းလျော်ကြေး မရမချင်း
    တမလွန်ကနေ မိုက်ကလိုဖုန်း ကိုင်လျှက် တောင်းပေးနေမဲ့
    တင်ပြပေးနေမဲ့ ဦးမောင်အုန်းကို လေးစားပါတယ်ဗျာ … ။
    ကောင်းရာ သုဂတိ လားပါစေဗျာ ။

    Reply

  • athaylay

    October 22, 2011 at 11:14 am

    သွေးတိုးရှိလား မသိဘူးနော်။ အသက်နဲ့ရင်းပြီး လျော်ကြေးရလိုက်သလို
    ဖြစ်သွားတာပေါ့။ စိတ်မကောင်းလိုက်တာ။

    Reply

  • htet way

    October 31, 2011 at 8:13 am

    သေခြင်းတရားဆိုက်ရောက်လာရင်ဘယ်သူမှရှောင်ကွင်းမ
    ရနိုင်ပါဘူး။အဲဒီမှာအောင်မြင်သူဖြစ်ဖို့ပဲလိုပါတယ်။
    ကောင်းမြတ်တဲံအကျင့်သီလတွေရှိဖို့ပဲလိုတာပါ။
    အများအတွက်တာဝန်ထမ်းရွက်တာလဲကောင်းမြတ်တဲ့
    သီလထဲမှာပါ ပါတယ်။မတရားတာချည်းလုပ်ခဲ့ရင်တော့…။

    Reply

Leave a Reply

Your email address will not be published.