အဖြည့်ခံဘဝဧ။် တကိုယ်ရေ ညည်းဆိုခြင်း

etoneOctober 18, 20111min019

ကျွန်မ .. ကျွန်မ ဘဝက သူများ အသုံးတော်ခံပါ  … သူတို့တွေ မြိန်ရေ ယှက်ရေ စားသောက်ဖို့အတွက် ကျွန်မကိုယ်ခန္ဓာကို မညှာမတာ အသုံး ပြုကြတယ် … အပူတွေနဲ့လည်း ကပ်ကြတယ် … ။ သူတို့စားနေချိန်မှာ ကျွန်မကတော့ .. အဝေးကနေ ငြိမ်ငြိမ်လေးရပ်ကြည့်ပြီး အနံ့ပဲ ရှူခွင့်ရတာပါ … ။

အလုပ်ဟာ အလုပ်ပဲ မို့လို့ အပူဒဏ်ကို ခါးစည်းခံရင်း သူတို့ ပြုသမျှ နုရတဲ့ ကျွန်မဘဝပါ ။  သူတို့တွေ တကယ်ပဲ  မိမိလိုအင်အတွက် ကျွန်မကို အသုံးပြုတယ် … ဒါကြောင့် ကျွန်မ ရုပ်ဆင်းသွင်ပြင်က မွဲတေပြီး အသွေးရောင်တောင် မပြောင်နိုင်တော့ပါဘူး … ။

အိမ်ရှင်မိန်းမကြီးကလည်း ကျွန်မကို မညှာမတာ သူ့ဆီပေတဲ့လက်ကြီးနဲ့ ပွတ်သပ်တယ် … ကလေးတွေကလည်း အပြင်မှာ ဆော့ပြီး ပြန်လာတိုင်း လက်မဆေးပဲ ကျွန်မကို ရွံတွေနဲ့ လိမ်းကျံတယ် … သူတို့ ဒီလောက် အနိုင်ကျင့်လွန်းလို့ …. ကျွန်မ ဒီဘဝမှာ နေချင်စိတ်ကုန်ခမ်းလာခဲ့တယ် … ။

ဘဝဇာတ်ဆရာက ဆေးစက်ကျရာပုံဖော်ခဲ့ပေမယ့် …. ဘက်လိုက်လွန်းလှတယ် … တသက်လုံး ပြောင်ပြောင်ရောင်ရောင် မနေရတဲ့ ကျွန်မကို အိမ်ရှင် မိန်းမကြီးက သုံးရက်တစ်ခါပဲ ရေချိုးပေးတယ် … ။ ရေမချိုးခင်လေ … ကျွန်မကိုဆပ်ပြာမှုတွေနဲ့နယ်ထားပြီး အကြာကြီးပစ်ထားခဲ့သေးတယ် … ။ တစ်ခါတစ်လေ ကျွန်မ ချမ်းလွန်းလို့ နှုတ်ခမ်းတွေပြာ မေးရိုးတွေ ရိုက်တဲ့အထိ ခိုက်ခိုက်တုန်အောင်ပါပဲ …. ။ ကျွန်မကိုရေစင်အောင် လုပ်မပေးပဲ နေပူပြင်းပြင်းအောက် ပန်းခြံထဲက ဒန်းပေါ်မှာ ပစ်ထားတာ တစ်နေ့လုံးပဲ … ကျွန်မဘဝက ထားရာနေ စေရာသွားရတဲ့ ဘဝမို့ သူတို့ စာနာစိတ်ကင်းမဲ့ပေမယ့် ထွက်မပြေးနိုင်ပါဘူး ။ အပူဒဏ်ကို အံတုရင်း အိမ်ရှင်မိန်းမ အိမ်ထဲပြန်ခေါ်မယ့်အချိန်စောင့်နေရတာပေါ့ … ။

ကျွန်မအရေပြားတွေ ၊ အသားတွေတင်မက … အရိုးထဲထိပါ နေရောင်ပြင်းပြင်းထိပြီး ခမ်းခြောက်လုနီးပါအချိန်ကျမှ ကျွန်မကို အိမ်ထဲပြန်ခေါ်တယ် …. ကမာ္ဘပေါ်မှာ သူတို့လောက်ရက်စက်တဲ့ အိမ် ရှိမှာ မဟုတ်ဘူးထင်တယ် … ။ အိမ်ထဲရောက်တော့လည်း ကျွန်မကို သန့်သန့်ပြန့်ပြန့်မနေခိုင်းပဲ … အရင်လို မီးဖိုချောင်မှာပဲ နေစေခဲ့တယ် … အိမ်ကြီးထဲမှာ နေရာများစွာရှိပါသော်လည်း ..  မီးဖိုခန်းကလွဲလို့ …. ကျွန်မဘယ်နေရာမှ မရောက်ဖူးပါဘူး …. တစ်ခါတစ်လေ ထမင်းစားခန်းကိုခဏရောက်တယ် .. ဒါကလည် အိမ်ရှင် မိန်းမကြီးခေါ်လို့ပါ … ခဏဆိုလျှင် ခဏဆိုသလောက်ပါပဲ …..ကျွန်မရှိနေတာကို အလိုမရှိကြလို့ … ထမင်းစားခန်းကနေ မီးဖိုခန်းထဲ ပြန်ပို့ခံရတာချည်းပါပဲ .. ။

တကယ်ပါ …ကျွန်မဘဝကို အရမ်းကို စိတ်ကုန်နေပါပြီ ။ သူများ အဖြည့်ခံဘဝနဲ့လည်း မနေချင်တော့ပါဘူး … ။ တစ်နေ့တစ်နေ့ လုပ်ရတဲ့ အလုပ်တွေ  ဇယ်ဆတ်သလိုမို့ ကျွန်မအရမ်းကို မောဟိုက်နေပြီ ။

ခဏခဏ နေရောင်ထဲ နေရတဲ့ ကျွန်မခန္ဓာကိုယ်လည်း ပိန်လှီသေးကွေးလို့နေပြီ … အသွေးရောင်လည်း အရင်ကထက် မွဲသထက်မွဲလာပြီလေ …. ။ ရေချိုးရမယ့်အချိန်ကိုလည်း ကြောက်နေပြီလေ … ရေချိုးရမည်ဆိုတဲ့ အသိထက် နေခြောက်လှမ်းခံရမယ်ဆိုတဲ့ အသိက ကျွန်မကို များစွာ ချောက်ခြားစေခဲ့တာပါ … ။

%%%%%%%%%%%%%%

ဒီနေ့နဲ့ဆို ကျွန်မရေမချိုးရတာ တစ်ပတ်ရှိသွားပြီ …. မည်းပေ ညစ်နွမ်းနေတဲ့ မီးခိုးတွေ ၊ ဆီညစ်ထေးတွေနဲ့ လုံးလည်ချာလပတ်လိုက်နေတဲ့ ကျွန်မ ကိုယ်ခန္ဓာလည်း အရေပြားတွေ မညီမညာပေါက်ပြဲနေပြီပေါ့ …. ကျွန်မ အရည်ပြားတွေ ပေါက်ပြဲ ပွန်းပဲ့နေလည်း … အိမ်ရှင်က ကျွန်မကို အလုပ်တွေဆက်တိုက် ခိုင်းနေတုန်းပဲလေ …. ။ ကျွန်မဘယ်တော့များမှ အနားရပါ့မလဲ …. ။ ဒီတစ်ခါ ကျွန်မကို ရေချိုးပေးလျှင်ဖြင့် …. ခန္ဓာကိုယ်တစ်ခုလုံးပဲ့ကြွေသွားပါစေလို့ အကြိမ်ကြိမ်ဆုတောင်းမိတယ် … အရေပြားပေါက်ပြဲ ဒဏ်နဲ့ ….. ကျွန်မနေခြောက်လှန်း မခံနိုင်တာကြောင့်ပါ … ။ ဒန်းပေါ်မှာ မလှမပ နေလှန်းခံနေရတဲ့ အဖြစ် ရှက်စရာကောင်းလွန်းပါတယ် … ။

%%%%%%%%%%%%%%

 

ဒီ…. ဒီနေ့ …. အရင်နေ့တွေကလို ကျွန်မကို အိမ်ရှင် မိန်းမက အလုပ်ခေါ်မခိုင်းတော့ဘူူး …. ကျွန်မကို မီးဖိုချောင်က ထပ်ခိုးလေးပေါ်မှာပဲ နေစေတယ် … ကျွန်မဖျားနေလို့ပဲ ဖြစ်မယ် …. တကိုယ်လုံး ညောင်းညာနေသလို မသိုးမသန့် ခံစားရတယ် … ဒါကြောင့် .. ထပ်ခိုးလေးမှာ ထားတဲ့အတိုင်း ကျွန်မလဲလျောင်းနေတာပေါ့ …. ဒါပေမယ့် ကျွန်မမီးဖိုချောင်ထဲကို ကောင်းကောင်းမြင်ရတယ်လေ … ။ အိမ်ရှင်မိန်းမ ကျွန်မမပါပဲ အလုပ်လုပ်ရတာ … အဆင်မပြေဘူးထင်ပါတယ် … ပွစိပွစိနဲ့ပေါ့ …. ။ အခုတော့ကျွန်မတန်ဖိုးကို ရှင်တို့ မြင်တတ်ပြီးလားလို့ မေးလိုက်ချင်ပါရဲ့ …  ။

ထိုစဉ် ….. အိမ်ရှင်မိန်းမဧ။် သားငယ်လေး မီးဖိုခန်းထဲသို့ပြေးလာတော့သည် … လက်မှလည်း … တစ်စုံတစ်ခုကို ကိုင်ထားကာ အမေဖြစ်သူကို ကမ်းပေးလိုက်သည် … ။ တစ်စုံတစ်ခုကို လက်ထဲရသည်နှင့် အိမ်ရှင်မိန်းမပါးစပ်မှ …

” သားရေ .. မင်းကို ဒါလေးယူခိုင်းလိုက်တာ ကြာလိုက်တာ … “တဲ့လေ … ။

ကျွန်မနေမကောင်းတဲ့ ကြားက …လေးလံနေတဲ့ မျက်လုံးအစုံကို အားတင်းဖွင့်ရင်း … ထိုအရာကို လှမ်းကြည့်မိသည် … ။

ဟင် … သူ …သူတို့ ကျွန်မနေရာမှာ တခြားအစားထိုးတော့မှာပါလားဟု … တွေးရင် … အမောဖောက်လာတယ် … ခဏအကြာ … အရာအားလုံး မှောင်မိုက်သွားတော့တယ် … ။ စက္ကုအာရုံသာ မှောင်မိုက်သွားပေမယ့် ဘဝမကူးခင် အ ချိန်စပ်ကြားလေး  ကျွန်မနားထဲ အသံသဲ့သဲ့ နောက်ဆုံးကြားလိုက်ရပါတယ် …. ။

” မေမေ … ဒီလက်နှီး အသစ်ပဲ သုံးတော့နော် … ဟိုအစုတ်ကြီးလွှင့်ပစ်လိုက်တော့” ဟူသည့် အသံပင် ဖြစ်ပါတော့ တယ် ။ ။

19 comments

  • blackchaw

    October 18, 2011 at 11:35 am

    အောင်မလေး etone ရယ်။
    “ကျွန်မ ဘဝက သူများ အသုံးတော်ခံပါ … သူတို့တွေ မြိန်ရေ ယှက်ရေ စားသောက်ဖို့အတွက် ကျွန်မကိုယ်ခန္ဓာကို မညှာမတာ အသုံး ပြုကြတယ် … ”
    ဆိုတော့ လန့်တောင်သွားတယ်။ ဟားဟား
    လက်နှီးစုတ်လေး နေရာက ဝင်ခံစားလိုက်တာပေါ့။

    Reply

    • etone

      October 18, 2011 at 11:41 am

      ဟီးဟီး … ဘာရယ်ညာရယ်မဟုတ်ဘူး … တစ်ခါတစ်လေ … ကိုယ်မဟုတ်ပဲ သက်မဲ့ အရာဝတ္တုလေးတစ်ခုနေရာက ဝင်ခံစားကြည့်ချင်စိတ်ပေါက်လို့ … မျက်စိထဲမြင်လာတဲ့ လက်နှီးစုတ်နေရာဝင်လိုက်တာ ဟီး …. လက်နှီးက အထီးမရှိဘူးလို့ မမေးတာတော်သေး ။

      Reply

    • youngcat

      October 18, 2011 at 6:57 pm

      ကို ဘလက်
      အိတုန်ကို အားကျမခံ
      ငရုပ်ကျည်ပွေ့နေရာကနေခံစားပြီး
      တပုဒ်လောက်ဝင်ရေးလိုဗျာ။

      Reply

  • နွယ်ပင်

    October 18, 2011 at 11:46 am

    etone ရေ စစဖတ်ဖတ်ချင်းမှ လက်နှီးလေးကို ခံစားပြီးရေးထားမှန်းတောင် မသိဘူး
    ဘယ်သူ့နေရာကများ ဝင်ခံပြီး ရေးနေပါလိမ့်ပေါ့ ….
    အောက်နားရောက်မှပဲ လက်နှီးစုတ်လေး နေရာက ဝင်ခံစားပြီးရေးသွားတာကိုး
    တကယ့်ကို ပီပြင်တာပဲ …

    Reply

  • နီလေး

    October 18, 2011 at 1:58 pm

    မတုံရေ အရေးအသားကတော်တော်လေးကိုကောင်းတယ် သူတို့လဲလူတွေလိုပဲ ခံစားတတ်ကြမှာပဲနော် စကားမပြောတတ်လို့သာ လူတွေကမသိကြလို့သာ

    Reply

    • etone

      October 18, 2011 at 2:58 pm

      နွယ်ပင်နဲ့ နီလေးရေ .. ကျေးဇူးတင်ပါတယ်နော် ။
      တကယ်တမ်း လက်နှီးစုတ်က လူတွေလို မခံစား တတ်ပါဘူး 😀 လူက လက်နှီးနေရာဝင်ခံစားမိတာပါ 😀 😀

      Reply

  • “ဘီလူးကြီး”ogre

    October 18, 2011 at 2:06 pm

    ဘယ်သူများလဲ လို့ ဖတ်ရင်းနဲ့
    ဇာတ်လမ်းဆုံးမှ လက်နှီးစုတ်ဖြစ်မှန်သိတော့ တယ်
    အတွေးကောင်းလေးနဲ့ အရေးလဲကောင်ပါတယ်ဗျာ..။။။

    Reply

  • MaMa

    October 18, 2011 at 2:43 pm

    အီတုံးရေ- သဘာဝကနေ ရသလိုင်း တောင်ရေးလာပြီပေ့ါ နော်။ ဖတ်ရင်း စဉ်းစားရင်းနဲ့ နောက်ဆုံးကျမှ ပုံဖော်ပေးလိုက်တာ….

    Reply

  • pan pan

    October 18, 2011 at 2:49 pm

    လက်နှီးကိုပြောနေမှန်း နည်းနည်းဖတ်လိုက်ကတည်း သိသွားတယ်
    ကိုယ်တိုင်လည်းမီးဖိုချောင်ဝင်ရလို့ထင်ပ့ါ
    ဒါပေမယ့် လက်နှီးနေရာကတော့ ဝင်မခံစားဖူးဘူး
    အစ်မတော်ရေးတာ ကောင်းတယ်ဗျို့
    လက်နှီးလေးကြောက်လန့်နေတာ ပုံပေါ်တယ်
    သူ့နေပူလှန်းတာ ကိုယ်တိုင်ပါ နေပူထဲရောက်သွားသလိုပဲ

    Reply

  • etone

    October 18, 2011 at 3:06 pm

    ကိုဘီလူးကြီး … ပန်ပန်ကတော့ပြောနေတယ် မီးဖိုချောင်ဝင်ရတဲ့ လူဆိုလျှင်ချက်ချင်းသိနိုင်တယ်တဲ့ .. အဟဲ .. မီးဖိုချောင်ဝင်လို်က်ပါလား ..နောက်တစ်ခါ ငရုပ်ကျဉ်ပွေ့တို့ .. စဉ် ့နှီတုုံးတို ့နေရာကနေ ဝင်ရေးလျှင် သိအောင်လေ 😀 (နောက်တာ )

    အန်တီမမရေ … ဟိုရေးဒီရေးနဲ့ .. ချန်နယ်လ်ပြောင်းမှန်းမသိပဲ ပြောင်းသွားတာပါ 😛

    ပန်ပန်ရေ … လက်နှီးစုတ်ဆိုတာ… မီးဖိုချောင်မှာ မရှိမဖြစ် လိုအပ်လို့လားမသိဘူး … ဘာအကြောင်းရေးရမလဲ တွေးရင်း လက်နှီးဘက်စိတ်ရောက်သွားတာ မိန်းမ မို့ဖြစ်မယ်ထင်တယ်နော် .. ။ ယောကျာ်းလေးသာဆိုလျှင် … ဘာအကြောင်းရေးမယ်လို့တွေးမိပါလိ့မ် … 🙄

    Reply

    • pan pan

      October 18, 2011 at 3:18 pm

      လက်နှီးဆိုမှ အပြင်မှာ တချို့ဖြစ်နေကြတာနဲ့ တိုက်ဆိုင်တာတွေးမိလို့ ပြောရဦးမယ်
      တချို့အိမ်ထောင်သည်ယောက်ျားတွေက လက်နှီးကိုမတွေးကြဘူး
      လက်ကိုင်ပုဝါကိုတွေးတာ
      လက်နှီးဆိုတာ အိမ်တစ်အိမ်ရဲ့ မရှိမဖြစ်မီးဖိုချောင်မှာမရှိမဖြစ်ပစ္စည်းတစ်ခုပဲ
      အိမ်ကလူတွေ စားဖို့သောက်ဖို့ သူကချက်ပြုတ်စီမံပေးရတယ်
      ကိုယ်တိုင် အပင်ပန်းခံရပြီး လုပ်ပေးတယ်
      အဲဒီလက်နှီးက အိမ်ရှင်မနဲ့တူတယ်
      တချို့ယောက်ျားတွေက လက်နှီးကိုတန်ဖိုးမထားချင်ဘူး
      လက်ကိုင်ပုဝါ လှလှလေးတွေပဲ သဘောကျတတ်ကြတာ
      အပေခံ၊ အပူခံပေးတဲ့ လက်နှီးတွေကိုပစ်ပယ်ပြီး
      အပြင်ကလက်ကိုင်ပုဝါတွေပဲ လိုက်ငမ်းကြောထနေတဲ့ယောက်ျားတွေကတော့
      လက်ကိုင်ပုဝါရောင်စုံလှလှလေးတွေကိုပဲ တွေးမိမယ်ထင်ပါတယ်အစ်မရယ် 🙂

      Reply

      • etone

        October 18, 2011 at 3:58 pm

        လက်နှီးကို တန်ဖိုးမထားချင်တဲ့ ယောကျာ်းတွေကိုလေ .. အပူအိုးကို ပါးပါးလှပ်လှပ် မသုတ်ရက်မကိုင်ရက် လက်ကိုင်ပုဝါလေးနဲ့ မခိုင်းလိုက် … ဒါမှ .. လက်နှီးတန်ဖိုးရှိတာ သိသွားမယ် … 😀

        Reply

  • manawphyulay

    October 18, 2011 at 3:41 pm

    ပထမ ဖတ်နေတုန်းကတော့ မီးဖိုချောင်ထဲက ဇွန်းလား ခရင်းလားပေါ့ တွေးနေရင်း ဆက်ဖတ်လိုက်တာ နောက်ဆုံးကျတော့ အဖြည့်ခံလေးရဲ့ဘဝမှာ ဘယ်သူလဲဆိုတာ သဘောပေါက်မိတော့တယ်။

    Reply

  • စုံ စုံ

    October 18, 2011 at 4:46 pm

    အိုင်ဒီယာကောင်းကောင်းနဲ့ရေးထားတာဘဲ
    စဖတ်ထဲကလက်နှီးဆိုတာရိပ်မိတယ် ဒါပေမယ့်နောက်ဆုံးချိန်ထိစာဖတ်သူကိုဆွဲဆောင်မှုပေးပါတယ်
    ကျမအိမ်ကလက်နှီးဆိုရင်တော့ခဏခဏစက္ကုအာရုံမှောင်မိုက်သွားမယ်ထင်ပါရဲ့
    ဘာလို့ဆိုတော့လက်နှီးနဲနဲညစ်ပတ်လာလို့လျှော်တာသိပ်မပြောင်တော့ရင်မသုံးတော့ဘဲ
    အသစ်ယူယူသုံးမိလို့ 🙂

    Reply

  • windtalker

    October 18, 2011 at 6:24 pm

    စာရေးဆရာ ဆိုတာ သူများခံစားချက်ကို အငှားဝင်ခံစားပြီး
    စာလုံးတွေအဖြစ် သီကုံးတယ် တဲ့
    အတုန် ရဲ ့စာကတော့ တစ်ကယ်ကို ကွက်တိ ပါပဲ

    Reply

  • Moe Z

    October 19, 2011 at 11:21 am

    မေမေဆိုရင် လက်နှီးတွေကို ရေနွေးနဲ့စိမ်ပြီးမှလျှော်တယ် ရေပူနဲ့ချိုးပေးတာပေါ့ 🙂 ပြီးရင်မီးပူပါတိုက်လိုက်သေးတယ်
    လက်အိတ်ကို မကြိုက်ဘူးတဲ့ မျက်နှာသုတ်ပုဝါအဟောင်းတွေကိုပဲ ညှပ်ပြီးသုံးတယ်လေ

    Reply

  • ရွှေဘိုသား

    October 20, 2011 at 1:25 pm

    မမတုံ ဆွဲခေါ်သွားတာ ရွှေဘိုတောင် ပြန်ရောက်တော့မလို့ နောက်ဆုံးမှ အဖြေသိရတော့တယ် တော်လိုက်တာနော်

    Reply

    • etone

      October 20, 2011 at 2:41 pm

      ဘာ… ဘာ… ပြောဒယ် … မတုံဆွဲခေါ်သွားတာ .. ဒယ်အိုးထဲရောက်တော့မလို့ … ဟုတ်လား :mrgreen:

      Reply

  • Yin Nyine Nway

    October 21, 2011 at 8:08 am

    ရောက်မှရောက် အထထြိခေါ်သွားလိုက် သူ့ကို …ဟီး

    Reply

Leave a Reply to windtalker Cancel Reply

Your email address will not be published.