2010 မြန်မာပြည်

BurmaMay 19, 20101min06

`ဘာပြောတယ် လော်ရာ´

`စိတ်မဝင်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´

`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´

`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့
ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦး

မယ်´

`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။
ဗမာစကားတတ်ရင် ကမာ္ဘမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´

`အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´

`ဝင်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။ မင်း ရန်ကုန်က
မာစတာသင်တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးဩဘာသရဲ့ စာကောင်း စာခန့်တွေဖတ်လို့ရမယ်။
ပြီးတော့…´

`ရှိတ်စပီးယားပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို
အံ့ဩမိပါရဲ့´

`ဘာကွ .. အေး ၂၀၀ဝ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို
အချိန်မှာတော့
မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား´

`သိပ်တော့မထူးပါဘူး´

`ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင်
နောက်နှစ်ဆန်းမှာထွက်လာမယ့်
Window Popa (ဝင်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open
source တို့ Linux တို့ရဲ့ ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 )
ကိုရော
ဘယ်လိုကိုင်တွယ်မလဲ .. ။ အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window Vista
နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွားတော့။ ခေတ်ရှေ့ပြေးနေတဲ့
အရှေ့တောင်အာရှကို
မလာနဲ့တော့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ်တွေမှာဆိုရင်
ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ´

`ဘာဆိုင်လဲဒယ်ဒီရာ´

`ဆိုင်တာပေါ့ .. On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆ.သ.ရ)
အမျိုးအစားဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ´

`Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ´

`ဒယ်ဒီသိပြီ .. ငါ့သမီးက ဝိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး ..
။ မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ
လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့်တင်ရေးကို M.R.T.V ၂၃က
တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။
သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ
ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့
သမီးဗမာစာသင်တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့
.. ဟုတ်ပြီလား´

`ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ´

`ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် `မိုးယံဆင်´ငါးထပ်
လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။
ပြီးတော့ မြကျွန်းသာပန်းခြံထဲက
ရေအောက်ပြခန်းလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ဝင်ကြည့်မလို့လေ´

`စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ´

`ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး
. ဗမာပြည်မှာ မရတာမရှိတော့ဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့
၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။
သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး
တစ်ကောင်လုံးဝါးစားလို့ရအောင်
လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့
အဖြူရောင်ပုန်းရေကြီးလား
.. ဒါမှမဟုတ်´

`တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက ..´

`သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင်
ဒါတွေထည့်စဉ်းစားဖို့ကို
မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့
လေရှုဘူးတွေ ထုတ်ပေးမယ်။
နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့
သမီးမပူရတော့ဘူး။
သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube
တွေရှိတယ်။ အဲဒီအပေါ်
ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး သမီးကို Reception
ကိုပို့ပေးလိမ့်မယ်။
အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉ဝလောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်
.. ။ နောက် ဘာတဲ့ ဆက်သွယ်ရေး ဟုတ်လား။ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့
အင်တာနက်ကွန်နက်ရှင်ရပြီး
GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ .. ကိုယ့်ဖုန်းကိုယူလာဖို့ မေ့ရင်လည်း
မပူနဲ့။ လေဆိပ်မှာ
လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။
Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။
အများစုကတော့
ဆသရလို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ´

`ဪ ကောင်းလိုက်တာနော် အစိုးရနဲ့နိုင်ငံရေးရော ……. ´

`အစိုးရ … အစိုးရ .. ဒီအစိုးရတော့ကွာ .. ဒီလိုရှိတယ် … ဒယ်ဒီပြောမယ်´

ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်းအိပ်ယာလန့်နိုးသွားကာ
ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို့လေသတည်း။

From : https://onlinepyadaik.ning.com

6 comments

  • Shwemannmay

    May 19, 2010 at 3:50 am

    ပာားပာားပာားပာား 😀

    Reply

  • banban

    May 19, 2010 at 4:26 am

    ခွိခွိ … အဲ့ရိုမနောက်ကြေး

    Reply

  • thihayarzar

    June 6, 2010 at 5:46 am

    အင်း … ဖြစ်တော့မှာပါ 3010 ကျရင်ပြောတာ .. ကောင်းပါတယ် … အတွေးလေးကိုကကောင်းတာ ….

    Reply

  • Burma

    June 6, 2010 at 2:33 pm

    ကျေးဇူးတင်ပါတယ် လာဖတ်တဲ့အတွက်

    Reply

  • who am I

    August 19, 2010 at 4:49 am

    အဲဒါ မြန်မာပြည်မှာ နေတဲ မြန်မာရဲ စိတ်ဓာတ်ကွ
    ဟားဟားဟား

    Reply

  • Yin Nyine Nway

    August 19, 2010 at 10:31 am

    ဖြစ်လာရင်တော့ ကောင်းတာပေါ့
    လောလောဆယ်တော့….:(

    Reply

Leave a Reply to thihayarzar Cancel Reply

Your email address will not be published.