ကြောင်လေး ” ငို ” ရတဲ့နေ့

ကြောင်လေးOctober 11, 20111min08

ကျွန်တော်တို့ဌာနေမှာ  အိန္ဒြာနန့်  ဆိုတဲ့အမျိုးသမီးနဲ့ဆက်ဆံရတာ တော်တော် အဆင်မပြေပါဘူး။

ဒီအမျိုးသမီးဟာ သူ့နာမည်က နာမည်ကြီးမင်းသမီးတစ်ယောက်နဲ့ ခပ်ဆင်ဆင်ဆိုတော့ ဘဝင်ကြီးတခွဲသားနဲ့။

အကြောင်းရှိလို့သူ့ကိုသွားဆက်ဆံလိုက်ရင် မတူသလို မတန်သလို၊ပြန်ပြောချင်သလို မပြောချင်သလိုနဲ့ ၊လေးတိလေးကန် ပျင်းရိပျင်းတွဲနဲ့ပါ။

တခါတလေ အတော်ဒေါကန်စရာကောင်းပါတယ်။  ဒါပေမဲ့လည်း မဆက်ဆံလို့ကလည်းမဖြစ်လေတော့ မချစ်သော်လည်းအောင့်ကာနမ်းရတာပေါ့။

နာမည်နဲ့လို်က်အောင်လည်း ပျံတန်တန်နန့်တန့်တန့်ပါ။လူတွေကသာသူနဲ့မဆက်ဆံရင်မဖြစ်တော့တဲ့သဘော၊သူနဲ့ဆက်ဆံမှအရာရာအဆင်ပြေနိုင်မယ်လို့

ပြောနေကြတာပါ၊ တကယ်တော့လည်းခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ပါဘူးဗျာ။  သူဆီကရတဲ့သတင်းတွေက ဟုတ်တာတွေပါသလို မဟုတ်တာတွေလည်း

အတော်ပါတာပဲ။ တချို့ကိစ္စတွေဟာ ထင်ရာမြင်ရာတွေ့ကရာစွတ်ပြောတဲ့ဟာတွေပါ။ ဟိုလူဒီလူကပြောတဲ့မတိကျတဲ့သတင်းတွေလည်းပြန်ဖောက်သယ်ချပြန်တာပဲ။

သူ့ဆီက သိရသမျှအကုန် အတည်အဖြစ်သတ်မှတ်ပြီး  လျှေက်လုပ်လို့ကတော့ ငါးပါးမှောကရုံတင်မကပါဘူး၊ သံဃာစင်ပါဇောက်ထိုးဖြစ်သွားနိုင်ပါတယ်။

ဟုတ်တဲ့သတင်းတွေ မြင်ရတော့လည်းအတော်တန်ဘိုးရှိတာဗျ။ ကောင်းတာက သူ့ဆီမှာ အခြားဗဟုသုတရစရာတွေကလည်းအများသားကလား၊

ကျွန်တော်တို့ကိုယ်တုိုင်မသိနိုင်တာတွေ ကိုသူ့ဆီမှာမေးလို့စမ်းလို့ရနေတာကိုးဗျ။ လူအများပြောသလိုပါပဲ၊  သူနဲ့ မဆက်ဆံလို့ကမဖြစ်ပြန်ဘူးလေ၊

သူနဲ့ဆက်ဆံရင် ဒူးရင်းသီးတို့  ပိန္နဲသီးတို့စားသလိုဆက်ဆံရမယ်၊ အပေါ်ယံကမကောင်းတဲ့အဆူးတွေကိုအရင်ဖယ်၊ကောင်းတဲ့အတွင်းသားတွေနှိုက်စားမှဖြစ်မယ်။

အဲ နှိုက်စားမယ်သာပြောတာ သူနဲ့ဆက်ဆံရတာ အထက်ကပြောသလိုတော်တော်ဘဝင်ကိုင်တာဗျ။  သူလည်းလူတကာနဲ့ဆက်ဆံ၊ လူတကာအလိုကို

လိုက်နေရတော့၊ဒီလောက်တော့ရှိပေမပေါ့လို့ ဖြေပြီးတွေးပေးလိုက်ပါတယ်။  တခုတော့ရှိတယ်၊ သူဘဝင်မကိုင်တဲ့အချိန်ဟာ မနက်စောစောဗျ။

ခင်ဗျားတို့ကော ကြုံဘူးမလားမသိဘူး။ ကျွန်တော်တော့ မနက်စောစော  ခြောက်နာရီခုနစ်နာရီလောက် ထပြီးဆက်ဆံရတာ တော်တော်ကိုအဆင်ပြေတယ်ဗျ။

တခါတလေ  တရေးနိုး လေးနာရီခွဲ ငါးနာရီဆို ပိုတောင်ကောင်းသေးဗျာ။ ကျွန်တော်ကတော့ နေ့တိုင်းမနက်ငါးနာရီထဆက်ဆံတာဗျ။ ဒီအချိန်လူကလည်း

အတော်ရှင်းနေတာ၊ တညလုံး သန်းကောင်လောက်အထိ အလုပ်များထားကြတဲ့မောင်မင်းကြီးသား၊မယ်မင်းကြီးမတွေလည်းအိပ်ယာကမနိုးကြသေးတော့

ရှင်းနေတာပေါ့။ သူ့အခန်းတံခါးလေးဒေါက်ကနဲ ခေါက်လိုက်ရုံနဲ့ ဂလောက်ကနဲပွင့်လာတော့တာပါ။ မနေ့ကတော့တော်တော်အဖြစ်ဆိုးသဗျ၊

ထုံးစံအတိုင်း ငါးနာရီထ တံခါးခေါက် တော့မပွင့်ဘူးဗျ၊ ဒါနဲ့ခဏစောင့်ရင်း မျက်နှာအရင်သစ်၊သန့်ရှင်ရေးလုပ် တံခါးပြန်ခေါက် မပွင့်ပြန်ဘူး၊

ဒါနဲ့ ဘုရားဝတ်ပြုပြီးနောက်တခါ ပြန်ခေါက်၊ မပွင့်ပြန်ဘူး။ ခက်တော့ခက်ချေပြီ၊ သူ့ရဲ့ အိမ်ကြီးရှင်သခင်ကိုမေးရအောင်ကလည်းမိုးမလင်းခင်ဆိုတော့

မကောင်းပြန်ဘူး၊ ဒါနဲ့ပဲ တနေ့ကညနေ မိုးကြိုးမပစ်ခင်ရေးလက်စ စာလေးဆက်ရေး ၊နောက်တင်ဖို့အကြောင်းလေးတွေအစပျိုးထားတာလေး

လိုက်အချောကိုင် လုပ်နေလိုက်ပါတယ်။ မနက်ခုနစ်နာရီထိုးမှာသူ့သခင်ကိုဖုန်းလှမ်းခေါ်တော့ အသံသာဆုံးသွားတယ် ဖုန်းမကိုင်ဘူး၊အိပ်ယာက

မနိုးသေးဘူးထင်တယ်ဆိုပြီးနေလိုက်တယ်၊ဒါနဲ့ဂိမ်းထိုင်ဆော့နေရင်းရှစ်နာရီထိုးမှာတစ်ခါထပ်ဆက်သွယ်တော့မှ မနေ့က မိုးကြိုးပစ်တဲ့အချိန်ကတည်းက

စပြီး သူ့ကိုအလုပ်မခိုင်းပဲအနားပေးထားပါသတဲ့ဗျာ၊သေရော။ မကြာခင်အဆင်ပြေအောင်ပြန် ခိုင်းပေးပါမယ်လို့ပြောတယ်၊ ကိုးနာရီကျော်ကျော် လောက်မှ

အကိုရေ ရပြီလားလို့လှမ်းမေးပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်စက်ကိုအတွင်းသန့်ရှင်ရေးလုပ်နေတာမပြီးသေးတော့၊ကိုးနာရီခွဲလောက်မှပဲ

အိန္ဒြာနန့် ခေါ် အင်တာနက် ဆိုတဲ့မယ်မင်းကြီးမနဲ့ ပြန်ဆက်ဆံရပါတော့တယ်။  အဲဒီမှာပြဿနာစတက်တော့တာပါဘဲ။ မယ်မင်းကြီးမ ပညာပြပါပြီ၊

ခေါ်သာခေါ်တာ အတော်ကြာကြာပေါ်မလာ  ဆိုတဲ့ကိန်းဆိုက်နေပါပကော။ ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်ဆိုသလို လေးတိလေးကန်နဲ့ပါ။

မေးအရင်ဖွင့်ဖို့လုပ်လည်းတော်တော်နဲ့မရပါ၊ ရွာထဲဝင်လို့လည်းတော်တော်နဲ့မရ၊ ဝင်လို့ရပြန်တော့လည်း ပို့စ် တစ်ခုကိုဖွင့်ရင်တော်တော်နဲ့မပွင့်။

ပွင့်ပြန်တော့လည်းအပေါ်အောက်ရွှေ့မရ တော်တော်ဒုက္ခရောက်ပါတယ်။ ဖတ်စရာစာတွေကလည်းအတော်များသွားတယ်လေ၊တနေ့က ညနေက

မဖတ်လိုက်ရတဲ့စာတွေပါတစ်ပုံတစ်ပင်ဖြစ်သွားတာပေါ့ ။Tab  ကို သုံးခုလောက်တစ်ပြိုင်တည်းဖွင့်ထားပြီး တစ်ခုပြီးတစ်ခု ပတ်လည်ကြည့်တာပါ၊

မနေ့ကဘယ်လိုဖြစ်တယ်မသိပါ။ အရင်နေ့တွေက ၉နာရီ ၁ဝနာရီမှာသိပ်မဆိုးလှသေးတဲ့ ကိုနိုင်ရှိန် ဟာ မနေ့ကတော်တော်ကိုဆိုးပါတယ်၊

သူ့နှမ နဲ့အပြိုင်ပေကပ်ကပ်နဲ့ပါ။ Tab တစ်ခုကိုဖွင့်လိုက်ရင် ဘယ်ဘက်ထောင့်ကအစိမ်းအဝိုင်းလေးခြာလည် လည်နေတာကိုပဲမျှှော်တလင့်လင့်ထိုင်ကြည့်ရင်း

ခေါင်းတောင်မူလာပါတယ်။ သူငယ်ချင်းတစ်ယောက်ပြောတာသတိရသေးတယ်၊ မင်းဟာကအင်တာနက်မှ မဟုတ်ပဲ၊ အင်တာလည်ကြီးပါလားတဲ့။

စာတွေတက်လာတော့လည်း ဖတ်ရတာလည်းအတော်ဆိုးပါတယ်၊စာလုံးကတော်တော်သေးတာကိုး၊

(စာလုံးတွေကိုအကြီးချဲ့ကြည့်လို့ရတဲ့နည်းလေးရှိရင်ပြောပြကြပါဗျ။တစ်ခါတလေ ကော်ပီလုပ်သွားပြီး အော့ဖစ်ဝါ့ထဲသွားအကြီးချဲ့ဖတ်ရတယ်။

ကိုနိုင်ရှိန် ကပေကပ်ကပ်လုပ်တဲ့နေ့မျိုးဆိုရင်ဘယ်လိုမှအဆင်မပြေပါ။) အသေအချာအားစိုက်ပြီးကြည့်နေရတယ်၊ မျက်မှန်တပ်ရင်လည်း

ဒီဂရီမကိုက်တော့လို့လားမသိ၊ကြည့်ရတာအားမရလို့ မျက်မှန်ကိုဖြုတ်ပြီး မော်နီတာထဲခေါင်းဝင်လုလု တိုးကပ်ပြီးကြည့်မိရက်သားဖြစ်နေတာသတိမထားမိဘူး။

မနက် ငါးနာရီလောက်ကတည်းက ကွန်ပျူတာရှေ့ ထိုင်နေမိလိုက်တာ၊ ဆယ်နာရီခွဲနေတာလည်းမသိလိုက်ဘူး။ မဒမ်ကြောင်လေးက

“ကိုယ်တော် ၊ ရှင်ဒီနေ့ နွားနို့ထွက်မသောက်တော့ဘူးလား”  လို့အိမ်ရှေ့ကလှမ်းအော်မေးတော့မှ နာရီကိုကြည့်မိလိုက်တာပါ၊ ကျွန်တော်လည်း

“ဒီကိုယူလာခဲ့ကွာ”  လို့ လှမ်းအော်လိုက်ပါတယ်။ ခဏကြာတော့ မဒမ်ကြောင်လေးလဲ ၊နွားနို့ခွက်နဲ့ပေါင်မုန့်ယူပြီးအခန်းထဲဝင်အလာမှာ

မော်နီတာထဲခေါင်းစိုက်နေတဲ့ကျွန်တော့ကိုကြည့်ရင်း အလန့်တကြား

“အလိုရှင်ဘယ်လိုဖြစ်နေတာလဲ။ကိုယ့်ကိုယ် ကိုလည်းဂရုစိုက်ပါဦး”   လို့  ပြောပါတယ်။ကျွန်တော်က လည်း

“ငါကဘာဖြစ်နေလို့လဲ ဟ”  လို့ ပြန်မေးလိုက်တော့

“ရှင့်ရဲ့မျက်လုံး  မျက်လုံး ”  လို့ပြောပါတယ်။

အဲဒီတော့မှကျွန်တော်သတိထားမိလိုက်တာက ကျွန်တော့ရဲ့ မျက်လုံးနှစ်ဖက် မှာ ဝမ်းမနည်းပဲကျတဲ့မျက်ရေတွေဟာ ရီးလေးခိုလို့နေပါပကောဗျာ။    ။

 

 

 

 

8 comments

  • sanaythalay

    October 11, 2011 at 10:27 pm

    စာလုံးတွေကိုအကြီးချဲ့ကြည့်လို့ရတဲ့နည်းလေး ctrl (+) =(backspace)နဲ့ကပ်ရပ် ,
    ပြန်သေးချင်ရင် ctrl (+) –

    Reply

  • chitmg

    October 12, 2011 at 9:05 am

    မနက်စောစောထပြီးလူလစ်တုန်းကြံတာတောင် ငိုရတယ်နော်၊အဖြစ်ဆိုးပ။

    Reply

  • Foreign Resident

    October 12, 2011 at 9:10 am

    အော် ဖြစ်မှဖြစ်ရလေ ဘဝတွေ
    ဒီမှာလို connection ( 54 Mbps ) တွေအစဉ်အမြဲရစေချင်လိုက်တာ
    အဲဒါဆို မြန်မာပြည်က ရွာသားတွေ အရမ်းပျော်သွားမှာပဲနော်
    Posts တွေ Comments တွေ ဒလဟောတက်လာမှာပဲနော်
    သူကြီးကတော့ ကြိုက်ပါ့မလား ??? 😛

    ရန်ကုန်အိမ် နှင့် မကြာခဏတော့ Video Chat ပြောဖြစ်သား
    သိပ်အဆိုးကြီးတော့မထင်ရပါဘူး

    Reply

    • small cat

      October 12, 2011 at 10:43 am

      ကိုထိန်ရေ ကျွန်တော်ပို့လိုက်တဲ့ဓါတ်ပုံရသလား?
      ပုသိမ်သား ကတော့အူကြောင်ကြောင်လုပ်နေပြန်ပြီ။

      စနေသားလေးရေ ကျေးဇူးတင်တယ်ဗျာ၊ဖတ်ရတာအဆင်ပြေသွားပြီ။
      မရင်သိမေး၊မစင်ရင်မေးဆိုတဲ့စကားတယ်အသုံးတဲ့ပါလား။

      ကိုချစ်မောင်ရေ ဝီရိယ ကောင်းလဲ ခံရတာပဲ၊ ဒီနေ့လည်း ပြတ်တလှည့် ရတလှည့်ပဲ။
      ဒီနေ့တော့ လည်သွားပြီ၊ပြတ်နေတဲ့ အချိန် လဘက်ရေဆိုင်သွားနေလိုက်တယ်။

      Reply

      • Foreign Resident

        October 12, 2011 at 11:26 am

        ” ပုသိမ်သား ကတော့အူကြောင်ကြောင်လုပ်နေပြန်ပြီ။ ”
        What happen ? explain to my mail.

        Reply

  • ကြောင်ကြီး

    October 12, 2011 at 11:08 am

    ကြားဖူးတာ ညအိပ်လိုက်တဲ့ ကြေးစားတွေက တရုပ်လေးဆိုရင် သာမန်ထက် ဈေးပိုတောင်းတယ်တဲ့။ အိပ်ရေးပျက်လို့ဆိုလား…… 🙄
    ဆိုင်မဆိုင်တော့ မသိဘူး၊ မနက်အစောကြီး ထဆက်ဆံရတယ်ဆိုလို့.. 😀

    Reply

  • small cat

    October 12, 2011 at 12:41 pm

    အကိုကြောင် တလွဲတွေမတွေးနဲ့
    “ဆက်ဆံ” တယ်ဆိုတာကို ထိတွေ့ဆက်ဆံတယ်
    ၊ပြောဆိုဆက်ဆံတယ်၊နှီးနှောတယ်၊
    လူမှုဆက်ဆံရေးဆိုတဲ့အဓိပ္ပါယ်မျိးယူဆပါ။
    ဝေါဟာရအသုံးမှားတဲ့အတွက် အဓိပ္ပါယ်နှစ်ခွထွက်သွားတာပါ၊ဟဲဟဲ။
    (အပေါ်က မန်းထားတဲ့စာမှာ မသိရင်မေး၊မစင်ရင်ဆေးလို့ရေးတာပါ၊
    ကြောင်လေးကတော့ ကက်မောင်တိန်မောင်တိန်ပါပဲ)

    Reply

  • aungnng87

    October 12, 2011 at 3:37 pm

    စနေသားလေးရေ.. ကျေးဇူးဘဲ။ စာလုံးကြီးကြီး မြင်ရလို့။ ကြောင်လေးပြောတဲ့ အိနြိ္ဒာနန့်နဲ့ ကိုနိုင်ရှိန်ဆိုတာကိုလည်း တော်တော်လေးစဉ်းစားလိုက်ရတယ်။ ဖြေးဖြေးတော့ ကောင်းလာမယ်ထင်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.