တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းက မိုးရာသီခရီးကြမ်းလေ့ကျင့်မှုအဖြစ် မွန်ပြည်နယ်အတွင်းမှ တောင်များသို့ ဇူလိုင်လအတွင်း တက်ရောက်မည်

klnMay 18, 20101min02

တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းက မိုးရာသီခရီးကြမ်းလေ့ကျင့်မှုအဖြစ် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ တောင်များသို့ လာမည့်ဇူလိုင်လအတွင်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့လေ့ကျင့်ရာတွင် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ အဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၀ဝကျော်ပါဝင်မည်ဖြစ်ကြောင်း၊ ခရီးစဉ်တစ်လျှောက်တက်ရောက်ရာတောင်များရှိ တောရကျောင်းများ၌ ဝါဆို၊ ဝါကပ်မည့် ဆရာတော်များအား ဝါဆိုသင်္ကန်းများ ကပ်လှူခြင်းကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “လာမယ့်ပွင့်လင်းရာသီမှာ ရေခဲတောင်တက်ဖို့အတွက် အခု မိုးရာသီခရီးကြမ်းလေ့ကျင့်မှုကို ပြုလုပ်တာပါ။ ဘီးလင်းမြို့နယ်ထဲက ဝေပုလ္လ၊ ကေလာသ၊ ကေလာသဖ၊ ဇင်းကျိုက်နဲ့ မြသပိတ်တောင်တွေကို တက်ဖို့ ရည်ရွယ်ထားပါတယ်။ ဇူလိုင် ၂၃ကနေ ၂၆ရက်အထိ လေးရက်ကြာမယ့် ဒီခရီးစဉ်မှာ နည်းပြ၊ ဆေးမှူးအပါအဝင် အဖွဲ့ဝင် ၁၀ဝကျော်ပါရှိမှာပါ။ ဒီလိုလေ့ကျင့်မှုတွေထဲကမှ လူ ၃ဝကျော်ကို ရွေးချယ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ထဲက အမြင့်ဆုံးရေခဲတောင်ဖြစ်တဲ့ အီမောဘွန်းရေခဲတောင်ကို တက်သွားမှာပါ။ အီမောဘွန်းရေခဲတောင်ကို တက်ဖို့ နွေရာသီခရီးကြမ်းလေ့ကျင့်မှုအဖြစ် ပြီးခဲ့တဲ့ ဧပြီ ၁ဝရက်ကနေ ၂၁ရက်အထိ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းက တောမိုး၊ ရှင်တောင်ပုံတောင်၊ ကလိန်အောင်တောင်၊ စပါးတောင်၊ ရှင်မော်တောင်၊ ဆင်တောင်နဲ့၊ အနောက်မြင့့်မိုရ်လက်ခတ်တောင်တွေအပါအဝင် မောင်းမကန်ကမ်းခြေအထိ သွားရောက်ခဲ့ပါတယ်။ အခု မိုးရာသီခရီးကြမ်းအဖြစ် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်းကတောင်တွေကို သွားမှာဖြစ်ပြီး လာမယ့် ဩဂုတ်လထဲမှာလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ငါးဆူတောင်ဝန်းကျင်တစ်ဝိုက်မှာ ဆက်လက်လေ့ကျင့်သွားမှာပါ”ဟု တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်းဥက္ကဋ္ဌ ဦးမျိုးသန့် (တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်)က ပြောကြားခဲ့ကြောင်း သိရှိရသည်။

2 comments

  • susunosuki

    May 18, 2010 at 8:30 am

    ကျွန်တော်လည်းတက်ချင်တယ်
    ကရင်ပြည်နယ်က ခရုံးဂူ ပေါ်ကို ၊ မော်လမြိုင်အထွက် က ကျောက်တစ်လလုံးတောင်ကို
    ပြီးရင်တော့ သံလွင်မြစ်ထဲ ရေဆင်း ချိုးချင်တယ်

    Reply

  • darkoosky

    May 18, 2010 at 10:59 am

    yes very interesting , how can I join?

    Reply

Leave a Reply

Your email address will not be published.