ကျွန်တော်ပိုင်တဲ့ အိမ်ကလေး တစ်အိမ်

Diamond KeyOctober 8, 20111min018

အိမ်……………………………………………………………………..……… ၊
အိမ် ဆိုတာက နားခိုစရာ အေးချမ်းနွေးထွေးမှု ကိုပေးတယ် ..………..၊
လုုုံခြုံမှု ကို ကိုပေးတယ် ..……………………………………….…..……..၊
စားစရာတွေ ရှိတယ် …………………………………………….…………..၊
ဒီဇိုင်း အမျိုးမျိူးနဲ့ ဆောက်ကြတယ် ………………………….……………၊
ဒီ အိမ်လေးတွေ ကို ကျွန်တော် ချစ်တယ် ………………………………..၊
======================================================================

အိမ်လေးတွေ ကို ကျွန်တော် ဘာကြောင့် ချစ်တယ်၊ နှစ်သက်တယ် ဆိုတဲ့ အကြောင်း တိတိကျကျ ပြောလိုမရပေမဲ့ ငယ်ဘဝ ကစတာဖြစ်မယ်။
မိဘ ဝန်ထမ်းဘဝနဲ့ နေရာဒေသ၊ အိမ်တစ်အိမ် မှာ ၂နှစ်၊ ၃နှစ် လောက်သာ အမြဲနေခဲ့ရပြီး မိဘပြောင်းတိုင်း မြို့ပြောင်း၊အိမ်ပြောင်း အမြဲပြောင်းပြောင်း နေရတော့ အိမ်သစ်၊ နေရာသစ်ကိုရောက်တိုင်း ရောက်တိုင်း နေရာဟောင်းက ကိုယ်နေခဲ့ဖူးတဲ့ အိမ်လေးတွေကို လွမ်းတာကနေ စတာဖြစ်မယ် ထင်တာပဲလေ။
အိမ်လေးတွေကို မြင်ရင်ချစ်တယ်၊ နှစ်သက်တယ်။ အဲဒီထဲမှာမှ ရှုခင်းတောတောင် စိမ့်စမ်းလေးနဲ့ စိမ်းစိမ်းစိုစို သာသာယာယာလေးတွေ ဆိုရင်တော့ အနှစ်သက် ဆုံးပေါ့။
ဒီလိုအိမ်လေးတွေ တွေ့ရင် ပိုင်ချင်တယ်။ ကိုယ့်ဆန ္ဒအတိုင်းဆိုရရင်တော့ တိုက်ကြီးတာကြီးတွေ မနှစ်သက်ဖူး။ မမက်မောဘူး။ ကွန်ကရစ်တောကို မချစ်ပါဘူး။
=======================================================================

လွန်ခဲ့တဲ့လက မန္တလေးမှာ အိမ်လေး တစ်လုံး ဝယ်ဖြစ်ခဲ့ပါတယ်။ နှစ်ထပ် အိမ်လေးပါ။ အိမ်ရှေ ့မျက်နှာစာမှာ ဝရံတာလေးတွေပါတယ်။
ဝယ်ချင်နေတာ ကြာလှပြီ ဖြစ်ပေမဲ့ အခြေအနေ အကြောင်း အမျိူးမျိုးကြောင့် မဝယ်ဖြစ်ခဲ့တာ အခုမှ ဝယ်ဖြစ်တာပါ။
ပျဉ်ခင်းပျဉ်ကာ အိမ်ကလေးဖြစ်ပေမဲ့ ဈေးကတော့မသေးပါဘူး။
ရောင်းတဲ့ မူလ အိမ်ပိုင်ရှင်က မရောင်းခင်မှာ သူ့အိမ်လေးကို အရမ်းကိုပဲ ညွန်းဆိုပါတယ်။
သာမန် ဖြစ်စလက်ခတ် သစ်တွေနဲ့ ဆောက်ထားတာ မဟုတ်ပဲ ကျွန်းသားများ ဖြစ်ကြောင်း၊ မိုးထဲ ရေထဲမှာ ကြာကြာခံတဲ့ အတွက် ဝယ်ရတာ တာရှည်မှာ တန်ကြောင်းဆိုပါတယ်။
အိမ်လေးကို ဆေးလည်း အကောင်းစားနဲ့ သုတ်ထားပြီးပြီလို့ မွန်းပါတယ်။
ရောင်းရအောင် ဘယ်လောက် ညွန်းသလဲဆို ကျွန်တော်ရှေ ့ မှာပဲ ရောင်းဖြစ်ခဲ့တဲ့ ပုံစံတူ အိမ်တစ်လုံးကို အရာရှိတစ်ယောက် ကြိုက်လိုဆိုပြီး ဈေးတောင်မဆစ်ဘူး၊ ဝယ်သွားတယ်လို့တောင် ဆိုပါတယ်။
ခေါ်ဈေးက ၂,၀၀ဝ တောင်အော်ပါတယ်။ ရောင်းတဲ့ မူလ အိမ်ပိုင်ရှင်ကို ဈေးဆစ်တာ ၁၈၀ဝ နဲ့ အရောင်းအဝယ်တည့်ပါတယ်။
ကျွန်တော် အတွက်တော့ ကိုယ်ဘာသာကိုယ် ဝယ်ဖူးပြီ ဖြစ်တဲ့ ကိုယ်ပိုင်တဲ့ အိမ်လေးပေါ့။
=======================================================================

ကျွန်တော်က ကွန်ကရစ် တိုက်တာဘလောက်တွေ ကြားမှာ မလွဲသာလို့နေရခဲ့ရတာတွေ ရှိခဲ့ပေမဲ့ စမ်းချောင်းလေးတွေ၊ ရေမြေတောတောင် ရှုခင်း အလှ၊ ရေပြင်ကျယ်ကြီးတွေ နားက အိမ်လေးတွေကိုနှစ်သက်တယ်။
ရေသံလေးတွေ ၊ကျေးငှက် သာတကာလေးတွေရဲ့ အော်သံ တွေကိုမက်မောတယ်။
တိရစ ္ဆာန်လေးတွေကို ချစ်တယ်။ မနက်အိပ်ရာက ထတာနဲ့ တီတီတာတာ အသံလေးတွေ ကြားနေချင်တယ်။ ရေစီးသံ၊ ရေကျသံလေးတွေကို နှစ်သက်တယ်။
ဒါကြောင့် တစ်ခါတရံမှာ ကိုယ်စိတ်ပင်ပန်းလာရင် ဒီလိုနေရာမျိုးလေးတွေ ဆီသွားပြီး အပန်းဖြေလိုက်ရရင် စိတ်ချမ်းသာတယ်။
မနက်အိပ်ရာက အထ၊ ဘဝရဲ့ တစ်မနက်ကို အစမှာ ကိုယ်နှစ်သက်တဲ့၊ ကိုယ်စိတ်ချမ်းသာတဲ့ စိမ်းစိုတဲ့ ရှုခင်း၊ တီတီတာတာ ၊ကျေးငှက် သာတကာလေးတွေရဲ့ အသံသာလေးတွေ ကြားလိုတယ်။
========================================================================

ဒါပေမဲ့ မချမ်းသာတဲ့ ဘဝမှာ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ ဝအောင်စားနေရတာ ဆိုတော့ အထက်မှာ ကိုယ်မျော်လင့် သလို အရာရာ ကတော့ တမဟုတ်မှာ ဘက်စုံ ဘယ်ပြည့်စုံ နိုင်မှာလဲလေ။
ဒီတော့ ရှိတာလေး၊ ရတာလေးနဲ့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလည်းရအောင် အထက်မှာပြောခဲ့ သလို အိမ်လေး ဝယ်ဖြစ်တာပါ။
အိမ်လေးလို့ပြောရတာက အိမ်ကြီး မဟုတ်လို့ပါ။
အိမ်လေးက လူနေလို့တော့ မရပါဘူး။
ငှက်အိမ်လေး တစ်အိမ်ပါ။

A House
ကျွန်တော် ပိုင်တဲ့အိမ်

အိမ်လေးတွေ ကိုချစ်တဲ့ကျွန်တော်၊ ကျေးငှက် သာတကာလေးတွေရဲ့ အသံသာလေးတွေ ကြားလိုတဲ့ ကျွန်တော့် အတွက်တော့ အာသာပြေပေါ့။
အခုဆိုရင် မနက်မနက် ကျွန်တော်ပိုင်တဲ့ အိမ်လေးမှာ ချစ်စရာ ကျေးငှက်လေးတွေ၊ သူတို့ရဲ့ အသံလေးတွေနဲ့ ထုံမွန်းနေပါတယ်။
သူတို့လေးတွေ စားဖို့ လုပ်ပေးရတဲ့ ကျွန်တော့် အတွက်လည်း အဟာရ ကုသိုလ်တွေ နေတိုင်းရနေပါတယ်။
ကျွန်တော်အိမ်လေးကို သူတို့လေးတွေ ယုံယုံကြည်ကြည်နဲ့ နေတိုင်းလာကြပါတယ်။
ကျွန်တော်ချစ်တဲ့ သူတို့ရဲ့ အသံသာလေးတွေလည်း နေတိုင်းကြားနေရပါပြီ။
ကျွန်တော်ပိုင်တဲ့ ကျွန်တော့်ရဲ့ အိမ်လေး …………………………………………………….……………… ၊ ငှက်အိမ်လေးပါ။
ကျွန်တော် အိမ်ကလေးဆီ လာတဲ့ ဧည့်သည်တွေ

18 comments

  • thit min

    October 8, 2011 at 5:15 pm

    စာလေးကိုဖတ်ကြည့်ရတာ၊ဒီထက်ပိုပြောစရာတွေရှိနေပုံပါ။
    ရေနွေးအိုးလေးတလုံးနဲ့သစ်ပင်အောက်ကကွတ်ပစ်ပေါ်မှာအေးအေးဆေးဆေးပြောရမဲ့
    စကားတွေလိုမျိုးပေါ့။ကိုယ်စားတွေးကြည့်ပေးတာပါ။

    Reply

  • “ဘီလူးကြီး”ogre

    October 8, 2011 at 5:44 pm

    မောင်ရင်ဝါသနာနဲ့ကျုပ်နဲ့တူပြီဗျ
    အလကားနေရင်း စာကလေးအိမ် ဝယ်ချိတ်ချင်တဲ့ စိတ်ကဘာကြောင့်မှန်းမသိဘူး
    ကိုဝယ်ချိတ်ထားတဲ့အိမ်ထဲ ဒီငှက်လေးတွေ ဝင်ရောက်နေထိုင်တာကိုတွေ့ရင်
    တယ်စိတ်ချမ်းသာတာကလားဗျ..ကုသိုလ်တော့ရမှာပါ..။။။။။

    Reply

  • koyinmaung

    October 8, 2011 at 6:07 pm

    အရေးအသားကောင်းလိုက်ပုံများ
    လူနေဘို့အိမ်တလုံးဝယ်နေတဲ့အတိုင်ထင်ရတယ်
    နောက်ဆုံးတော့ စာကလေးတွေနေတဲ့အိမ်လေးဖြစ်နေတယ်
    မြန်မာနိုင်ငံမှာတော့ဒီလိုအိမ်လေးတွေလုပ်ထားရင်
    သဘာဝကျေးငှက်ကလေးတွေရဲ့သာယာတဲ့အသံကိုနားထောင်လို့ရကြတယ်
    တရုတ်ပြည်ကတရုတ်တွေကတော့ကျေးငှက်လေးတွေရဲ့အသံကိုနားဆင်ဘို့
    ငှက်ကလေးတွေကိုဖမ်းပြီးလှောင်အိမ်ထဲထည့်အိမ်မှာဆွဲထားကြတယ်….
    ကိုယ်ချင်းစာစိတ်မရှိတဲ့လူမျိုးပါဘဲ…….

    Reply

  • blackchaw

    October 8, 2011 at 6:50 pm

    Ko Aye Tun Aung ရေ။
    အင်မတန်ငြိမ်းချမ်းတဲ့ အိမ်ကလေး
    လောဘ၊ ဒေါသ၊ မောဟတွေ မရှိတဲ့ အိမ်ကလေး
    ချစ်စရာကောင်းလိုက်တာဗျာ။

    Reply

  • မှော်ဆရာ

    October 8, 2011 at 7:26 pm

    တူသော အကျိုးပေးမှာပါ ခင်ဗျာ ….

    Reply

  • windtalker

    October 8, 2011 at 7:29 pm

    ကိုစိန်သော့ စာနဲ ့ဓါတ်ပုံတွေ မြင်ရတော့
    အော်ပီကျယ့် ကာတွန်းကို သတိရမိသဗျာ
    အိမ်တွေ အထူးလျှော့ဈေး ဆိုတာလေ
    ဘာပဲဖြစ်ဖြစ် ကိုစိန်သော့ကတော့
    နေ ့စဉ် ကုသိုလ်တွေ ရနေမှာပါ အသေအချာပဲဆိုတာ
    ကျွန်တော် ပြောရဲပါတယ်

    Reply

  • mandalarthu

    October 8, 2011 at 8:48 pm

    အစပိုင်းမှာ အိမ်တလုံးပိုင်ဆိုင်ချင်စိတ်ဖြစ်နေပြီး ဝယ်ဖြစ်လိုက်ပြီဆိုတော ့ လူနေအိမ်လားပေါ ့။
    ဒါပေမယ် ့ နောက်မှ ငှက်အိမ်လေး ဖြစ်နေတာ သိရတယ်။ twist လေးနဲ ့ရေးထားတာဆိုတော့ သိပ်ကောင်းပါတယ် ဖတ်လို ့။
    ငှက်ကလေးတွေကို ထားတဲ ့စေတနာကြောင် ့တနေ ့မှာကိုယ်ပိုင်အိမ်လေးတလုံး ပိုင်ဆိုင်နိူင်မှာပါ။

    Reply

    • Diamond Key

      October 10, 2011 at 9:09 am

      ပေးတဲ့ ဆုနဲ့ အမြန်ပြည့်ဝရပါစေဗျာ။ ကျေးဇူးပါ။

      Reply

  • ဆူး

    October 8, 2011 at 9:16 pm

    စာကလေးအိမ် တလုံးလောက် ဝယ်ချိတ်ချင်နေတာ အခု လက်ရှိ စိတ်ထဲ ဖြစ်မိနေတာ.. လူကြီးတွေက ပြောတယ် သစ်ပင်မှာ စာကလေးတွေ အများကြီးနေတာ တအိမ်လောက် ချိတ်ပေးတာနဲ့ သူတို့ ရန်ဖြစ်အောင် လုပ်သလို ဖြစ်မယ်တဲ့.. ဘယ်လို လုပ်ရမလဲ မသိတော့ဘူး။

    Reply

  • padonmar

    October 9, 2011 at 12:25 am

    သာဓုပါ ကိုစိန်သော့၊
    စာကလေးတွေ ပျော်ရသလို ကိုစိန်သော့လည်း ပျော်ရွှင်ချမ်းမြေ့ပါစေ။
    ဒီစာလေးဖတ်ပြီး ကိုယ်တောင် စာကလေးအိမ်လေးချိတ်ချင်လာပါတယ်။

    Reply

  • kyeemite

    October 10, 2011 at 3:14 pm

    ကိုစိန်သော့လိုချင်နေတဲ့ လူနေအိမ်လေး ပိုင်ဆိုင်ရမှာပါ..နေ့နေ့ညည ဒါကိုဘဲခေါင်းထဲစွဲထား..
    ငါအိမ်တစ်လုံးပိုင်ကို ပိုင်ရမည် လို့ဒိုင်ရာရီ်မှာရေးထားလိုက်ပေတော့ဗျို့..ဒါတကယ့်အောင်နည်းဘဲ..

    Reply

  • စုံ စုံ

    October 10, 2011 at 3:50 pm

    အရင်ကစာကလေးအိမ်ကိုအိမ်ရှေ့ဝရန်တာမှာချိတ်ပေးဖူးတယ်
    စပါးတွဲလေးတွေပါဝယ်ဝယ်ထည့်ပေးတာပေါ့
    ဒါပေမယ့် ကိုယ်တော်ချောတွေကစပါးတွဲရှိတဲ့အချိန်ဘဲလာစားလာနားကြတယ်
    စပါးတွဲများကုန်သွားတဲ့အချိန်ဆိုဘယ်တကောင်မှကိုမရှိတော့တာ
    အဲ့ခါကျတော့ကိုယ်ပေးတဲ့နေစရာမှာလာမနေကြတော့စိတ်တော့မကောင်းဘူးပေါ့
    ထင်တာတော့ဝရန်တာကတနေကုန်နေပူလို့များမနေနိုင်ကြလားမသိဘူးလို့လေ

    Reply

  • aungnng87

    October 10, 2011 at 4:09 pm

    ကိုစိန်သော့ တော်တော် နောက်ပါလား။ အိမ်ဝယ်တယ်ဆိုလို့ လူူ့နေအိမ်မှတ်လို့ စဉ်းစားနေတာ..။ ူသူတ.ိုများတော်တော်ချမ်းသာပါလား…။၂၀၀ဝဆိုတော့ သိန်း၂၀၀ဝထင်လို့..။ မန်းတလေးဆိုတော့ လည်းအထင်ကြီးပြီးယုံလိုက်တာပေါ့။ ပြီးတော့မှ စာကလေးအိမ်ကိုး….။သတိတော့ထားနော်။ကြောင်တွေတက်တက်ခုတ်မယ်။ ဒင်းတို့ကဒါဘဲခြောင်းနေတာ…

    Reply

  • naywoonni

    October 10, 2011 at 6:04 pm

    ကျွနေ်တော်လာလည်လို့ မရဘူးလားဗျ.. ခင်ဗျားအိမ်လေးကို……..

    Reply

    • Diamond Key

      October 11, 2011 at 9:19 am

      Naywoonni ရေ၊ Welcome ပါ တောင်ပံပါရင် မင်းဆီမှာ……..။

      Reply

    • Diamond Key

      October 11, 2011 at 10:43 am

      ကိုပေါက်ရေ၊ Thanks. ပို့စ်တင်လိုက်ပြီးရင် ဘယ်လိုပြင်လို့ရတယ်ဆိုတာမသိလို့ ကူညီကြပါအုံး။

      Reply

  • meelay

    October 11, 2011 at 10:41 am

    မီးတို့အိမ်မှာတော့ ပျံလွှားလေးတွေက ရွှံ့တွေနဲ့ အသိုက်လုပ်ပြီး လာနေတယ် … ညနေ ပျံလွှားလေးတွေ အိပ်တန်းတက်တဲ့အချိန်ဆို ဆူညံနေတာပဲ ….

    Reply

Leave a Reply to “ဘီလူးကြီး”ogre Cancel Reply

Your email address will not be published.