ယုံကြည်မှု မရှိရင် အလုပ်မဖြစ်ဘူး

black chawOctober 6, 20111min04

ဘလက်ချော သင်တန်းတက်တုန်းက မှတ်စုလေးတစ်ခုကို ပြန်ဝေမျှခြင်းဖြစ်ပါသည်။ အမှားအယွင်း ပါနေလျှင်လည်း ဝိုင်းဆွေးနွေးပေးကြပါဗျာ။

ဝန်ထမ်းတွေကို သံသယမျက်လုံးဖြင့် အမြဲတမ်းကြည့်နေတတ်သော ကုမ္ပဏီပိုင်ရှင်များကို မြင်ဘူးပါလိမ့်မည်။ ပိုင်ရှင်များဘက်ကကြည့်လျှင်လည်း အလွဲသုံးစားလုပ်တတ်သော ဝန်ထမ်းများ ကြုံဘူးသဖြင့် မည်သူ့ကိုမျှ ယုံကြည်မှုပေးချင်ပုံမရပါ။

တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှုမရှိလျှင် အလုပ်လုပ်ရသည်မှာ မလိုအပ်ပဲ အဆင်မပြေမှုများ ဖြစ်နေတတ်ပါသည်။ ထိုသို့မဖြစ်ရန် ယုံကြည်မှုကို system ဖြင့် တည်ဆောက်ရပါမည်။ ဝန်ထမ်း အလွဲသုံးစားမှု လုပ်သည်မှာ system အားနည်း၍ ဖြစ်ပါသည်။ ထောင့်စေ့အောင် စီမံထားသော system တစ်ခုရှိလျှင် ဝန်ထမ်း အလွဲသုံးစား လုပ်၍ မရပါ။ စီမံမှုအားနည်း၍ ဝန်ထမ်းအလွဲသုံးလျှင် ဝန်ထမ်းတွင် အပြစ်မရှိ။ စီမံသူမှာသာ အပြစ်ရှိပါသည်။

ဥပမာ ဝန်ထမ်းတစ်ယောက် ငွေထုတ်လျှင် မည်သည့်အကြောင်းကြောင့်ထုတ်သည်ဆိုတာကို General Manager အဆင့်မှ သိရှိပြီး အနည်းဆုံး သက်ဆိုင်ရာမန်နေဂျာ၊ Admin Manager၊ Finance Manager တို့လက်မှတ်ပါမှ ထုတ်ခွင့်ရမည်ဆိုတာမျိုး၊ သုံးစွဲသည့် ဘောင်ချာကို နေ့ချင်းပြီးအပ်ရန် ဆိုတာမျိုး ဖြင့် ချုပ်ထားတာမျိုးဖြစ်ပါသည်။ system ကျကျ ဖြစ်ချင်လျှင် ကြန့်ကြာမှု အနည်းငယ်တော့ ရှိတတ်ပါသည်။ ဝန်ထမ်းများဘက်ကလည်း နားလည်မှုပေးနိုင်ရပါမည်။ တို့ကိုရစ်နေတာဟု သဘောမထားပဲ system တစ်ခု ပီပီပြင်ပြင် ဖြစ်ရန် ဝိုင်းဝန်းကူညီ ကြဘို့ လိုအပ်ပါသည်။ အသုံးစရိတ်များ၊ ကြိုတင်ငွေများ စာရင်းရှင်းရာတွင် Resonable ဖြစ်မဖြစ်ကို Finance Dept မှ မေးပိုင်ခွင့်ရှိရပါမည်။ system ကိုအလွန်အကျွံ အသုံးပြုတာမျိုးကိုတော့ ပိုင်ရှင်များက ထိန်းသိမ်းပေးသင့်ပါသည်။ ကျွန်တော်အလုပ်လုပ် ခဲ့ဘူးသော ကုမ္ပဏီစာရင်းကိုင်တချို့သည်  ဆိုက်ကားစီးငါးရာ ဆိုသည်မျိုးကို ဘောင်ချာတောင်းတတ်ကြပါသည်။ ဘောင်ချာအတောင်းခံရသော ဝန်ထမ်း ကလည်း ဒေါသဖြင့်တုန့်ပြန်သဖြင့် ပြသနာဖြစ်ကြပါသည်။ ထိုအခါ ဘောင်ချာ အတောင်းခံရ၍ ဒေါသထွက်နေသော ဝန်ထမ်းကို MD မှ ခေါ်တွေ့ပါသည်။ MD ဖြေရှင်းပုံမှာ “ ဆိုက်ကားစီးရင် ဘောင်ချာ တောင်းလို့ မရတာ အစ်ကိုနားလည်ပါတယ်ကွာ၊ သူတို့ စာရင်းကိုင်တွေကိုက ရစ်တတ်တာ ညီလေး သိတာပဲ၊ ဘောင်ချာစာအုပ်လေးတစ်အုပ်ဝယ်ပြီး ဆိုက်ကားစီးငါးရာ ဆိုပြီး ရေး ပေးလိုက်စမ်းကွာ၊ ခေါင်းစားခံမနေပါနဲ့ “ ဟူ၍ဖြစ်ပါသည်။ မယောင်မလည်နှင့် စာရင်းကိုင် ဘက်မှ ရပ်တည်ပေးလိုက်ခြင်းဖြစ်ပါသည်။ ပိုင်ရှင်များကလည်း မည်သည့် Department နှင့် ပြသနာဖြစ်ဖြစ် Finance ဘက်မှ ကာကွယ်ပေးတတ်ကြပါသည်။

Marketing ဝန်ထမ်းများကလည်း ရုံးမှ အချိန်မှန်မှန် ကားတစ်စီးဖြင့် ထွက်သွားကြသော်လည်း ဆိုင်များသို့မရောက်ပဲ လွတ်ရာကျွတ်ရာ နေရာတစ်ခုတွင် သွားနှပ်နေတတ်ကြပါသည်။ လှိုင်နယ်မြေထဲက ခပေါင်းဆောင် ပတ်ဝန်းကျင်သည် Marketing များအတွက် လုံခြုံသော အနားယူရာနေရာတစ်ခုဖြစ်ပါ၏။ ဟဲဟဲ ကိုယ်တိုင် သွားနှပ်ခဲ့ဘူးတာမို့ ပြန်ပြောနိုင်တာပါ။ ထိုသို့မဖြစ်ရန် ကားဘယ်ရောက်နေသလဲ အင်တာနက်နှင့် ချိတ်ဆက်၍ ကြည့်သည့် system များ ပေါ်နေပါပြီ။

ဝန်ထမ်းများကိုလည်း knowledge ထည့်ပေးဘို့လိုပါသည်။ အချို့မှာ ကိုယ်ကိုယ်တိုင်မသိလိုက်ပဲ အလွဲသုံးစား ပြုမိနေတာမျိုးဖြစ်တတ်ပါသည်။ အလွဲသုံးသည်ဟုဆိုရာတွင် ငွေကြေးတစ်ခုတည်းကို မဆိုလိုပါ။ ကုမ္ပဏီပိုင် ကား၊ ဖုန်း၊ ဓါတ်ဆီ၊ စာရေးကိရိယာ စသည်ဖြင့် ပါဝင်ပါသည်။ ရုံးမှ ကွန်ပျူတာဖွင့်ပြီး ရီးဇားနှင့်ချက်တင်ဝင်နေတတ်တာလည်း အကြုံးဝင်ပါသည်။ ရုံးမှ ဖုန်းကို personal သုံးတာမျိုးလည်းပါဝင်ပါသည်။ လစ်ရင်လစ်သလို ဆီခိုးရောင်းသောယာဉ်မောင်း များလည်းပါဝင်ပါသည်။

အချုပ်ဆိုရလျှင် လုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများကို မယုံကြည်၍ မရပါ။ သို့သော် စံနစ်ကျနသော ယုံကြည်မှု ဖြစ်ရန်လိုပါသည်။

 

4 comments

  • windtalker

    October 6, 2011 at 12:46 pm

    ဘလက်ကြီး စာဖတ်ပြီး
    ဝန်ထမ်းတွေ ကို လန် ့လာပြီ
    ကျုပ်ထောင်မယ့်
    “ဘူး” ကုမ္ပဏီကြရင်
    ဘလက်ကြီးကို အမ်ဒီ ခန် ့မှ
    ဖြစ်မယ်

    Reply

  • zaymdy

    October 6, 2011 at 2:03 pm

    ဗဟုသုတစာလေးပါဗျာ ကျေးဇူးတင်ပါတယ်.. သူငှေးတွေ. မယုံကြည်.နဲ. အကြည်.နဲ.ကြည်.တာတော. ခံဖူးတယ်ဗျ ကိုကမဟုတ်တာမလုပ် မဟုတ်မခံ လူစားမျိုးဆိုတော…သိတယ်မလား ဟင်းဟင်း… ဒါနဲ. ကျွန်တော်တို. ဘောလုံးသွားကန်ရင်း ခပောင်း ခြုံကိုကားထိုး ဝိုင်းဖွဲနေတာ ဘယ်သူများလည်းလို.. ကိုချောဘလက်တို.ကို ဟဟဲ..

    Reply

  • FattyCat

    October 6, 2011 at 3:43 pm

    သူဌေးတွေက ဝန်ထမ်းတွေကို မယုံတာသဘာဝပါ။ သူဌေးများအလုံးစုံပုံအပ်မယုံသင့်သောဝန်ထမ်းများလဲ ဗရပွပါ။
    သူဌေးများက ဝန်ထမ်းများကို မယုံသောကြောင့် ကြပ်ပါသည်။ ထို့အတူ Counter Check ဟုခေါ်သော ရန်တိုက်ပေး၍ ထိန်းသိမ်းသောတတ်သောသူဌေးများနှင့် မြှောက်ပေးတိုင်း ဟိုဟာတက်အောင် ကတတ်သော ဝန်ထမ်းတစ်ချို့တစ်ဝက်ကြောင့် ဝန်ထမ်းအများ စိတ်ဆင်းရဲရတတ်ပါသည်။
    ဝန်ထမ်းမပျော်သောလုပ်ငန်းသည် တိုးတက်ရန် နှောင့်နှေးမှု အကြီးအကျယ်ဖြစ်သကဲ့သို့ မနာလိုရန်စောင်တတ်သောဝန်ထမ်းတို့သည် လဲ လူတောတိုးရန် ခက်ခဲပေသည်။
    အတုယူလိုက်နာလော့

    ပုံ-
    ကြောင်ဝတုတ်
    ရန်ကုန်

    Reply

  • etone

    October 6, 2011 at 4:53 pm

    http://myanmargazette.net/52752/business-economy/jobs-careers
    အလုပ်ရှင်နှင့် အလုပ်သမားကြားထဲက က ွာဟမှုများဆိုတဲ့ ပို့စ်လေးတင်ဖူးပါတယ် … ။

    အလုပ်သမားတစ်ယောက်ဘက်က ခံပြင်းတဲ့ စိတ်နဲ့ ရေးခဲ့တာပါပဲ … ။ 😆

    Reply

Leave a Reply

Your email address will not be published.