အထင်နဲ့အမြင်

Moe ZOctober 4, 20111min012

အိမ်တံခါးဖွင့်ဖွင့်ချင်းရလိုက်တဲ့ ဒူးရင်းသီးအနံ့ရယ် ဖိနပ်စင်ပေါ်က နီညိုရောင်ကတ္တီပါဖိနပ်တစ်ရံရယ်ကြောင့် ကြီးကြီးနုရောက်နေတယ်ဆိုတာ အတပ်သိလိုက်ပြီ။ အိမ်ထဲလှမ်းဝင်ဝင်ချင်းပင်

“ဟဲ့ ယုယု နင်တို့ရန်ကုန်မှာ ထမီဝတ်တဲ့မိန်းကလေးဆိုရင် အလုပ်လုပ်လို့မရဘူးလား” ဟု မေမေ့ကိုလှမ်းပြောပါတယ်။ မေမေက “ဪ မမကလည်း အဲဒါသမီးတို့ရုံးကသတ်မှတ်တဲ့ဝတ်စုံလေ” လို့ ပြန်ဖြေပါတယ်။

နှုတ်ဆက်ဖို့ပြင်နေတဲ့ပါးစပ်ကို အသာပိတ်ပြီးအခန်းထဲတန်းဝင်ခဲ့လိုက်ပါတယ်။ စတိုင်လ်ပန်နဲ့ရှပ်အင်္ကျီ အပေါ်က ကုတ်တစ်ထပ်ပါသည့် သူမရဲ့ယူနီဖောင်းက လုံခြုံလိုက်တာမှ ဟိုဖက်တောင်လွန်သေး။ ဘယ်လောက်လှလှ ဘယ်လောက်ဈေးကြီးကြီး မလုံ့တလုံအဝတ်အစားများကိုသူမလည်း သဘောမကျပါ။

ကြီးကြီးနုဆိုတာ မော်လမြိုင်ကမေမေ့ရဲ့အစ်မတစ်ဝမ်းကွဲ ဒူးရင်း၊ ကျွဲကော၊ ကြက်မောက်၊ မင်းဂွတ်သီးခြံများကို ဦးစီးလုပ်ကိုင်နေသူ အသက် ၅ဝကျော်အပျိုကြီးပါ။ သူကလည်းတစ်ဦးတည်းသောသမီး၊ မေမေကလည်း တစ်ဦးတည်းသော သမီးမို့ ညီအစ်မအရင်းကဲ့သို့ချစ်ကြပါသည်။ မကြာခဏဆိုသလိုရောက်လာပြီး လာတိုင်းလည်း မေမေ့အကြိုက် ခြံထွက်ဒူးရင်းသီးများ၊ ငါးပိ၊ ငါးခြောက်များ သယ်လာတတ်ပါသည်။ ဘယ်ဘဝကရေစက်ရယ်မသိ တစ်အိမ်လုံးနှင့် အဆင်ပြေသော်လည်း သူမကိုဆိုဘယ်တော့မှ အကောင်းမပြောပါ။ နဂိုဆံပင်အဖြောင့်ကို အရောင်ဆိုးကာကောက်ထားတဲ့ သူမဆံပင်တွေကိုကြည့်မရသလို သူမကြိုက်တဲ့ဂျင်းဘောင်းဘီတွေကိုလည်း အင်မတန်မျက်မုန်းကျိုးပါသည်။ အစ်ကိုတွေနဲ့ဘောလုံးပွဲကြည့်ရင်လည်း မျက်စောင်းထိုးနေတတ်သလို ကိုယ့်ဟာကိုယ်တစ်ယောက်တည်း အခန်းထဲမှာဂစ်တာတီးနေရင်လည်း အပြင်ကနေအမြင်ကတ်နေတတ်သူဖြစ်ပါသည်။ ကိုးတန်းအထိ အစ်ကိုတွေနှင့် ဘောလုံးကန်ခဲ့သည့်သူမက နေပုံထိုင်ပုံ သွားပုံလာပုံက မိန်းမသိပ်မပီသတာတော့ ဝန်ခံပါသည်။ ပါတိတ်ဝမ်းဆက်မကြိုက် နှုတ်ခမ်းနီမကြိုက်ပေမယ့် ဒေါက်ဖိနပ်မြင့်မြင့်များနဲ့ ဂါဝန်လှလှလေးများကိုသဘောကျပါသည်။ သားသမီးများကို ကိုယ့်အားကိုယ်ကိုးတတ်အောင် စနစ်တကျပြုစုပျိုးထောင်ပေးခဲ့သော မိဘနှစ်ပါးကြောင့် သူမတို့မောင်နှမအားလုံး ပညာရေး၊ လူမှုဆက်ဆံရေး အစစအရာရာ သူများအောက်မနိမ့်ကျပါ။ ကြီးကြီးနု ဒီတစ်ခေါက်ရန်ကုန်လာတာ ဆေးစစ်ဖို့ဆိုတော့ ကြာမယ်ထင်ပါတယ်။ သူ့ဟာသူနေရင် ဘယ်လောက်ကြာကြာကိစ္စမရှိပေမယ့် သူမလုပ်သမျှ လိုက်ကြည့်ကာပြောနေမှာမို့ အသက်ရှူကျပ်ပါသည်။

ဒီနေ့ရုံးကပြန်လာတော့ မေမေ့မျက်နှာမကောင်းတာမို့ မေးကြည့်တော့ ကြီးကြီးနုဆေးရုံတက်ရသည်တဲ့။ ရေချိုးခန်းထဲမှာ ချော်လဲကာပေါင်ရိုးကျိုးသွားသည်တဲ့။ မော်လမြိုင်ကို ဖုန်းဆက်ထားသော်လည်း သားသမီးမရှိသည်မို့ လာရောက် ပြုစုပေးမယ့်သူမရှိပါ။ မေမေ့ကိုလည်း ဆေးရုံမှာစောင့်ခိုင်းဖို့ သနားတာမို့ သူမသွားမယ်လို့ပြောပြီး လိုအပ်သည်များကိုယူကာ လူနာစောင့်လုပ်ပေးရပါတော့သည်။ နေ့ဘက်မှာတော့ သူနာပြုတစ်ယောက်ငှားထားပြီး မေမေကတော့ ဆေးရုံနှင့်အိမ်ကို သွားလိုက်လာလိုက်လုပ်ရပါသည်။ အိပ်ယာပေါ်မှာပက်လက်နေရပြီး အပေါ့အလေးသွားတာကအစ သူများကူူညီမှရသော ကြောင့် အစ်ကိုတွေကိုစောင့်ခိုင်းလို့လည်းမဖြစ်ပါ။ ခရီးသွားလို့ အိပ်ယာပြောင်းရင်တောင် အိပ်မပျော်တတ်တဲ့သူမ တစ်လခွဲလုံးလုံးဆေးရုံမှာ ညအိပ်ရသည့် အဖြစ်ကမသက်သာပါ။ သူမမသွားလျင်မေမေပဲရှိတာဆိုတော့လည်း သူမ မညည်းမညူပြုစုပေးခဲ့ပါသည်။ သူမကိုကြည့်လို့မရသော်လည်း သူမလုပ်ပေးသမျှကိုတော့ ဘာမှစောဒက မတက်ဘဲလက်ခံပါသည်။ ကြီးကြီးနုတစ်ယောက် ဆေးရုံပေါ်မှာတစ်လခွဲ နေလိုက်ရပါသည်။ ဤသို့ဖြင့် ဆေးရုံကဆင်းတော့ ကြီးကြီးနုနှင့်သူမ ငြိမ်းချမ်းရေးရသွားပါတော့သည်။ တနင်္ဂနွေ တစ်ရက်သာချက်ကျွေးဖြစ်သော သူမရဲ့လက်ရာများကိုလည်း ချီးကျူးတတ်သလို အိမ်မှာအသစ်လဲသမျှ ခန်းဆီးလိုက်ကာတိုင်းကို သူမချုုပ်ထားမှန်းသိတော့ စိတ်ဝင်တစားဝေဖန်တတ်ခဲ့ပါသည်။ သင်္ကြန်ပိတ်ရက်တိုင်းမေမေနဲ့အတူ တရားစခန်းဝင်တတ်တဲ့သူမအကြောင်းကိုလည်း မော်လမြိုင်က အမျိုးတွေကြားမှာ တဖွဖွပြောတတ်ပါသည်။ ကြီးကြီးနု မော်လမြိုင်ပြန်တော့ သူမလက်မှာဝတ်ထားတဲ့ ပတ္တမြားလက်စွပ်ကို သူမဖို့ဟုဆိုကာ အတင်းငြင်းသည့်ကြားမှ ချွတ်ပေးခဲ့ပါသည်။ လက်ဝတ်လက်စားနဲ့ ရတနာပစ္စည်းတွေမဝတ်တတ်တဲ့သူမို့ မေမေ့ကိုပေးထားလိုက်ပါသည်။ နောက်တစ်ခါလာရင်တော့ သူမကို အပြစ်တင် ဝေဖန်မည့် အသံကြားရတော့မှာမဟုတ်တာ သေချာပါသည်။

12 comments

  • blackchaw

    October 4, 2011 at 7:04 pm

    မေတ္တာ ဆိုတာ အသွားအပြန်ရှိပါတယ်။
    လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး သုံးသပ်ဝေဖန်တော့ အမြင်တစ်မျိုးပေါ့ဗျာ။
    တကယ်အရေးကြုံလာတော့ သူကြည့်မရတဲ့ မိုးဇက်က အကူအညီအပြည့်အဝပေးလိုက်တော့
    အမြင်တစ်မျိုးပြောင်းသွားတာထင်ပါတယ်။ သံယောဇဉ်လည်း ဖြစ်သွားတယ် ထင်ပါရဲ့။

    Reply

    • Moe Z

      October 5, 2011 at 8:27 am

      ဟုတ်ကဲ့ … အပေါ်ယံကြည့်ပြီးဝေဖန်တာ အပေါ်ယံသမားတွေရဲ့အလုပ်လို့ ဆရာတော်အရှင်ဆန္ဒာဓိက ကသူ့တရားထဲမှာထည့်ဟောထားတာ ကြားဖူးပါတယ်….

      Reply

  • windtalker

    October 4, 2011 at 8:21 pm

    ဆံပင်အကြေကောက် အနီရောင်နဲ ့ကောင်မလေး ရေ
    တစ်ကယ်ဆိုရင် ကိုယ်ဟာ မင်းရဲ ့မိန်းမ မပီသ ခဲ့တဲ့
    အခြေအနေ တွေကို မမြင်ခဲ့မိတာ အမှန်ပါကွာ
    ဟီဟိ

    Reply

  • zaymdy

    October 4, 2011 at 8:36 pm

    မြင်ယောင်မိတယ်… ဟိုတုန်းက ဒူးရင်းသီးလေး….
    မေတ္တာ ဆိုတာ အသွားအပြန်ရှိပါတယ်ဆို.တာ မှန်ပါတယ်ဗျာ .ထောက်ခံ.ပါတယ်…:P

    Reply

  • TTNU

    October 4, 2011 at 11:35 pm

    အပေါ်ရံ ကြည့်ပြီး အမြင်မကြည်ခဲ့တဲ့ ကြီးကြီး
    တကယ့် စစ်မှန်တဲ့ စေတနာနဲ့ တွေ့သွားတော့ တာပေါ့နော်။
    ချစ်လာပြီဆိုတော့ တူမလေး အပေါ် အပြစ်မမြင်တော့ဘူးပေါ့။
    တူမလေးက သာ ငါ့ အပေါ် ဘာမှ အကောင်းမမြင်တဲ့ အဖွားကြီး ပစ်ထားလိုက်မယ်
    ဆိုရင် ဒီလို ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်လာမှာမဟုတ်ဘူး။

    Reply

  • ကြောင်ကြီး

    October 5, 2011 at 11:44 am

    မိုးစက်ရလိုက်တာ အနီရောင်ပတ္တမြားကျောက်ကို ရွှေကွပ်ထားတဲ့ လက်စွပ်မဟုတ်လားကွဲ့။ အံ့ဩမသွားပါနဲ့နော်၊ ဘာလို့ သိရသလဲဆို ကိုယ်ကြောင်ကြီး မယ်မယ်ဘုရား အပျိုဘဝက ဝတ်ဆင်ခဲ့တဲ့ ရတနာတပါးမို့ပါ။ ကြီးကြီးနုဆိုတာလည်း ကိုကြောင်ကြီးရဲ့ အဒေါ်အရင်း ခေါက်ခေါက်ပါပဲကွယ်။ မယ်မယ်ဘုရား မှာခဲ့တဲ့အတိုင်း ကြောင်စံအိမ်သခင်မ ဖြစ်ထိုက်သူသာ ပိုင်ဆိုင်ခွင့်ရှိပါတယ်။ 😳

    Reply

  • Shwe Ei

    October 5, 2011 at 11:52 am

    စေတနာရောင်ပြန်ဟပ်တာပေါ့ မိုးဇက်ရေ။ ဒီလိုစိတ်မျိူး လူတိုင်းအပေါ်ထားပေးနိုင်ရင် ပိုတောင်ကောင်းပါသေးတယ်။

    Reply

  • နွယ်ပင်

    October 5, 2011 at 11:55 am

    ဒီလိုပဲဖြစ်တက်ပါတယ် မိုးစက်ရယ် တစ်ခါတစ်လေမှာ လူတွေက အမြင်နဲ့တင်
    အထင်တွေ အရမ်းပေးတက်ကြတာလေ ။ လူကြီးတွေရဲ့ အမြင်မှာကတော့ အပေါ်ယံပုံစံက
    သိပ်ထောင့်မကျိုးဘူးဆိုရင် သူတို့ကအမြင်က သိပ်မကြည်လင်ကြတော့ဘူးလေ ။
    တစ်ခါကများ အဒေါ်တစ်ယောက်က နွယ်ပင်ဟင်းချက်နေတာကို မြင်သွားတော့
    အော် ညည်းပုံစံနဲ့ ဟင်းတော့ချက်တက်သေးတာပဲဆိုပြီး မှတ်ချက်ချသွားခံရဖူးတယ် ။

    Reply

    • Moe Z

      October 6, 2011 at 3:11 pm

      ဟုတ်တယ် နွယ်ပင်ရေ မိုးစက်တစ်ခါတစ်လေဈေးသွားရင်လည်း
      ဈေးသည်တွေက ပုံစံကြည့်ပြီးမတန်တဆဈေးတင်တာကြုံဖူးတယ်..
      ဈေးလည်းမဆစ်ချင်လို့ တစ်ခြားဆိုင်မှာသွားဝယ်ပစ်လိုက်တယ်
      ဘာရမလဲမိုးစက်ကမေမေ့ဆီမှာ အကုန်စပ်စုထားတာကိုး 🙂

      Reply

  • စုံ စုံ

    October 5, 2011 at 11:58 am

    စေတနာမေတ္တာရဲ့ရောင်ပြန်ဟပ်မှုကတော့အကြွင်းမဲ့ယုံကြည်စရာပါ
    အချိန်ကာလတခုသာစောင့်ရမယ် တန်ပြန်သက်ရောက်မှုကတော့ရှိစမြဲပါဘဲ
    ဒါကြောင့်ပြောကြတာ လူတယောက်စိတ်ထားကိုအပေါ်ယံအဝတ်အစား
    ကြည့်ယုံနဲ့ခွဲခြားမရဘူးဆိုတာ မိုးဇက်ကလက်တွေ့ပြလိုက်တာပေါ့နော

    Reply

  • Hnin Thanzin

    October 5, 2011 at 12:11 pm

    ှုI think i’ am falling asleep but then all that it means is i will always be dreaming of u

    Reply

  • ညီလေး

    October 8, 2011 at 12:51 am

    ကြောင်စံအိမ်သခင်မဖြစ်ထိုက်သူဟုတင်ပြသောသားတော်ကြောင်ကြီးအဆိုအား ခမည်းတော်ခွင့်ပြုသည်။သဘောထားကြီးသော မော်ဒယ်မိုးစက်အားကြောင်စံအိမ် သခင်မအဖြစ်သတ်မှတ်စေ……..အမိန် ့တော်!!!!!

    Reply

Leave a Reply to နွယ်ပင် Cancel Reply

Your email address will not be published.