ထလော့မြန်မာ ထလော့ (ဆရာဇော်ဂျီ)

စဆရ ႀကီးOctober 2, 20111min01

တို့တိုင်းပြည်
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။

ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့

ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍ တဝမ်းတစိတ် ညီစေသတည်း။

ဆရာဇော်ဂျီ

(ရှေးရှေးကရေးခဲ့တဲ့ကဗျာပေမယ့် ခုချိန်မှာ တိုက်ဆိုင်နေသလို ခံစားရတဲ့အတွက် ကူးတင်ပေးခြင်းဖြစ်ပါကြောင်း)

One comment

  • manawphyulay

    October 2, 2011 at 5:22 pm

    စင်ကာပူနိုင်ငံမှာ စာပေဟောပြောပွဲမှာ ဆရာ ချစ်ဦးညို သံနေသံထားနဲ့ ဆိုသွားတာကိုလည်း ကြားယောင်နေဆဲပါပဲ။ ရှေးလူကြီးတွေရဲ့ စကားတွေဟာ အလကားမဟုတ်သလို ဒီလိုကဗျာတွေဟာလည်း ရှေ့ရေးမြင်ယောင်လို့များ စပ်ခဲ့လေသလားပဲ။

    ဤမြေဤရွာ ဘယ်သူ့ရွာလဲ
    ဤယာစပါး ဘယ်သူ့စပါးလဲ

    မသိလို့မေးနေသလား………. သိလို့ပဲပြောနေသလား……. ပဲ့တင်ထပ်သံကြားယောင်နေတယ်….

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.