N+ 300911 ၅ဝ အလှု နှင့် ၁၀ဝ သာဓု

natureSeptember 30, 20111min011

စိတ်ကူးရလို့ ကြံကြံဖန်ဖန်ရေးလိုက်တာပါ။ ဗုဒ္ဓဘာသာတွေရဲ့ သာဓုခေါ် ရင် ကုသိုလ်တဝက်ရတယ် ဆိုတာနဲ့ပတ်သက်လို့ ကိုယ့်အယူအဆလေးတွေ ကို တင်ပြတာဖြစ်ပါတယ်။ သာဓုခေါ်လို့ တဝက်ရတယ်ဆို ကိုယ်ပိုင်တဲ့ ၅ဝ ကို လှုပြီး ကုသိုလ် ၅ဝ ဘိုး ယူမလား။ သူများလှုတဲ့ ၁၀ဝတန် အလှုကို သာဓုခေါ်ပြီး ကုသိုလ် ၅ဝ ဘိုး ယူမလား။ ဒါနထက်သီလမြတ်တယ် သီလထက်ဘာဝနာ မြတ်တယ်ဆိုပြီးတော့ ငွေကုန်လို့ ဒါနမပြုသူများ အတွက် ငွေမကုန်ပဲ သာဓုခေါ်တဲ့နည်းလေး ဟာတော်တော်လေးအဆင်ပြေမယ်ထင်ပါတယ်။ ဒီလိုလုပ်လို့ ၅ဝ ရတာချင်းတူရင်တော့ သာဓုခေါ်ရတာပိုကိုက်ပါတယ်။  ကြီးမားတဲ့ ကွာခြားချက်တခုရှိမယ်ထင်ပါတယ်။ ရွာသားများ ရောဘယ်လို ထင်ပါသလဲ။

အကြောင်းကြောင့်အကျိုးဖြစ်တယ် ။ အကြောင်းတရား နှင့်ကင်းသော အကျိုးတရားမရှိလို့ဘုရားကဟောခဲ့ပါတယ်။ ဒါကိုဆက်စပ်ပြီးတွေးကြည့်မယ်ဆိုရင် ကိုယ်လှုတဲ့ ၅ဝ ဟာ ကိုယ့်ဆီက ကုန်တာပါ။ ကိုယ်တိုင် ရှာထားတဲ့ ချွေးနဲစာ ဖြစ်တဲ့အတွက်နှမျှောပါတယ်။ကိုယ်ပိုင်ပစ္စည်းကို လှုရတာပါ။ ဒါကြောင့်မို့လို့ကိုယ်ပိုင်အိမ်ဆောက်တာနဲ့တူပါတယ်။ သာဓုခေါ်တာကတော့ သူများ ပိုင်ဆိုင်တဲ့ပစ္စည်းကိုလှုတာဖြစ်လို့ သူများဆောက်တဲ့အိမ်မှာ ဧည်သည်သဘော ၊ အငှားနေရတဲ့သဘောလို့ ထင်မိပါတယ်။

ဒါကြောင့်မို့ကိုယ်ပိုင်အိမ်နဲ့ နေချင်သလား ။ အိမ်ငှားနဲ့ နေချင်သလား ဆိုတာ မေးရင်တော့ ကိုယ်ပိုင်အိမ်နဲ့ နေချင်တယ်လို့ပဲဖြေကြမှာပါ။ ဒါကြောင့်ကိုယ်ပိုင်အိမ်နဲ့နေသလို ကုသိုလ်ပြည့်ပြည့်ပြည့်ဝဝ ရချင်ရင် ကိုယ်ပိုင်အလှုကိုယ်လည်းလှုပြီး တတ်နိုင်သလောက်လဲ သာဓုခေါ်ကြပါလို့ ကြံကြံဖန်ဖန်တွေးပြီး ရေးလိုက်ပါတယ်။

 

 

http://myanmargazette.net/50763/creative-writing/my-thinking-different

Nature မာတိကာ

11 comments

  • parlayar46

    September 30, 2011 at 11:14 pm

    ဗုဒ္ဓဘာသာတွေရဲ့ သာဓုခေါ် ရင် ကုသိုလ်တဝက်ရတယ် ဆိုတာက တကယ်တော့မဟုတ်ပါဘူး ကိုnature ရေ။
    တင်စားပြီးပြောရင်း (ဘုန်းကြီးတွေထည့်ဟောတော့) အတည်လိုဖြစ်သွားတာပါ။
    အဲဒီစကားရပ်ရဲ့ ကုသိုလ်တဝက်ဆိုတာကလဲ အလှူရှင်ရတာရဲ့ တဝက်လို့ဆိုလိုတာမဟုတ်ပါဘူး။
    တခုခုကို တဝက်စီအညီအမျှဝေယူသကဲ့သို့ အလှူရှင်နဲ့သာဓုခေါ်သူ အတူတူရတယ်လို့ ဆိုလိုရင်းပါ။
    သံယုတ္တရနိကာယ်(လို့ထင်ပါတယ်) ထဲက ဒါနကထာတခုခုမှာ ဘုရားဟောအဖြစ်ပါတာက အလှူရှင်နဲ့ ထပ်တူ သဒ္ဒါတူရင် သာဓုခါ်သူ(သဘောတူ+ဝမ်းမြောက်+အားပေး+ပါဝင်ကူညီသူ)ဟာလဲ အလှူရဲ့အကျိုးလဲ ထပ်တူရတယ်လို့ ဆိုပါတယ်။

    ဒါကတကယ်တော့ သဘောတရားကိုပြဆိုခြင်းသာဖြစ်ပါတယ်။
    လက်တွေ့မှာ တဦးနဲ့တဦးသဒ္ဒါတူဘို့ဆိုတာ အလွန့်အလွန်ကို မလွယ်ပါဘူး။ သဒ္ဒါကို အထောက်အပံ့ပြုတဲ့ တရားသုံးပါးဖြစ်တဲ့ (နီးသောအကြောင်းသုံးပါးဖြစ်တဲ့) သီလ၊သုတ၊ပညာ တို့ဟာ တဦးနဲ့တဦး ထပ်တူကျဘို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် အကျိုးဖြစ်တဲ့ သဒ္ဒါချင်းလဲ မတူနိုင်သလောက်ပါပဲ။

    သာဓုခေါ်တယ်ဆိုတာလဲ ပါးစပ်က ပါဠိစကားဖြစ်တဲ့ သာဓု၊သာဓု၊သာဓု လို့ ရွတ်ဆိုမှမဟုတ်ပါဘူး၊ ရွတ်ဆိုရုံလဲမဟုတ်ပါဘူး။ သာဓုရဲ့ လက္ခဏာလေးရပ်ဖြစ်တဲ့-
    ၁-လုံးဝ သဘောတူကျေနပ်ခြင်း သော်၎င်း
    ၂-(မိမိအလိုရှိရာပြုရသကဲ့သို့) ကျေနပ်ဝမ်းမြောက်ခြင်း သော်၎င်း
    ၃-အပြည့်အဝအားပေးထောက်ခံခြင်း သော်၎င်း
    ၄-ဝမ်းမြောက်လိုလားစွာ ပါဝင် ကူညီ ဆောင်ရွက် ထည့်ဝင်ခြင်း သော်၎င်း
    အဲဒီလေးချက်ထဲက တချက်အနဲဆုံးညီမှ သာဓု(ကောင်းလေစွ)အစစ်ဖြစ်ပါတယ်။

    အခုဝင်မန်းတာဟာ ကိုnature လို အဘိဓမ္မာလေ့လာထားသူ၊ ဗုဒ္ဓတရားတော်ကို လေ့လာထားသူများကို ဆရာလုပ်တာမဟုတ်ပါဘူးနော်။ ပိုစ့်လေးကို သဘောကျလို့ ဝင်ဖြည့်တာသာဖြစ်ပါကြောင်း။
    ကျုပ်မှားတယ်-လိုတယ်ဆိုရင်လဲ ကျုပ်ကိုယ်တိုင်က ယောင်ဝါးဝါးဘုန်းကြီးကျောင်းသားသာ ဖြစ်ပါကြောင်း။

    Reply

    • nature

      October 1, 2011 at 5:19 am

      ထပ်ပြီး ပြည့်စုံအောင်ဖြည့်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ကျနော်ကတော့ ကိုသိသလောက်အသိလေးနဲ့တွေးပြီးရေးလိုက်တာပါ။ ကိုယ်တိုင် တိုက်တွန်း ချီးမွမ်း စိတ်တူ တာတွေဟာလည်း ကံမြောက်တယ်လို့ သိရပါတယ်။

      Reply

  • akswe

    September 30, 2011 at 11:15 pm

    သာဓု သာဓု သာဓု ပါ နေးချားရေ ရွှေဉာဏ်တော် စူးပါပေတယ်…
    စကားမစပ် ပိုစ့် ရှေ့ က N+300911 ဆိုတာက ဘာကြီးလဲဟင်..

    Reply

    • nature

      October 1, 2011 at 5:21 am

      akswe ရေ-
      N=nature သည်
      +=အကောင်းမြင်ဝါ ရှိသူဖြစ်ပြီး
      300911= စက်တင်ဘာ ၃ဝရက်နေ့ ၂၀၁၁ခုနှစ်တွင်ရေးသားပါသည်လို့ မှတ်တမ်းလေး ရေးထားတာပါ။

      Reply

    • nature

      October 1, 2011 at 6:10 am

      comment by post မှာ တက်လာရင် ရေးတဲ့သူကို သိလို့ကိုယ်ကြိုက်ရင် ဝင်လို့ရအောင် မကြိုက်ရင် ရှောင်လို့ရအောင် သင်္ကေတလုပ်ထားတာပါ။

      Reply

  • kai

    October 1, 2011 at 2:43 am

    “အလှူရှင်နဲ့ ထပ်တူ သဒ္ဒါတူရင် သာဓုခါ်သူ(သဘောတူ+ဝမ်းမြောက်+အားပေး+ပါဝင်ကူညီသူ)ဟာလဲ အလှူရဲ့အကျိုးလဲ ထပ်တူရတယ်လို့ ဆိုပါတယ်။ “

    အဲဒါကိုသဘောတူပါတယ်..။
    တကယ်ကို နှစ်ခြိုက်သာဓုခေါ်ထားသူဟာ.. ဒီအလုပ်(သူသာဓုခေါ်ထားတဲ့အလုပ်) နဲ့ထပ်တူ..ဒါမှမဟုတ်.. ပိုကောင်းတာကို.. ထပ်ခါထပ်လုပ်ဦးမယ်လို့.. ယုံကြည်လို့ပါ..။
    ပိုတောင်…ရသွားနိုင်သေး..။

    တခြားသူတွေလိမ်ချင်လိမ်… ကိုယ့်ကိုယ်ကိုယ်တော့.. မလိမ်နဲ့ပေါ့နော..။

    Reply

  • nature

    October 1, 2011 at 5:27 am

    ဟဲ ဟဲ post လဲရေး။ အမြတ်လည်း ထုတ်လိုက်ဦးမယ်။ FR မှသူကြီးသို့လှုသော USD ၂၀ဝ အတွက်
    သာဓု ၊ သာဓု ၊ သာဓု ။

    Reply

  • Shwe Tike Soe

    October 1, 2011 at 9:55 am

    အလှူလှူတယ်ဆိုကတည်းက ဘာအကျိုးအမြတ်မှ မျှော်ကိုးပြီးလှူတာမဟုတ်ဘူးလေ….
    ကိုယ့်ရှိတာ ကို လိုအပ်တဲ့သူအတွက် စွန်.လွှတ်ပေးလှူတာပါဗျာ….
    အတွေးလေနဲ.နဲ. လွဲနေတယ်ထင်တယ်နော်.. ကျွန်တော်ထင်တာပြောတာပါ…
    တွက်ချက်ပြီး လှူတာက အလှူမမြောက်ဘူးလို.ထင်တယ်… သာဓု ခေါ်တာနဲ. ကုသိုလ်ရမယ်ဆိုရင် အကုန်လုံးရနေတော့မှာပေါ့
    ကျွန်တော် တွေးတာကတော့ အမျှဝေတယ်ဆိုတာက အခု အလှူရှင်က လှူလိုက်လို. ကြည်နူးပီတိဖြစ်ရတာတွေကို သာဓုခေါ်သူတွေ ပါ မျှဝေ ကြည့်နူးစေချင်လို. လုပ်တာလို. တွေးမိတယ်…
    အမှားပါရင် ခွင့်လွှတ်ပါ.. ကျွန်တော် တွေးထင်တာကို ပြောပြတာပါနော်…

    Reply

    • nature

      October 1, 2011 at 4:18 pm

      အခုလိုကျနော်ရဲ့အားနည်းချက်တွေကို ထောက်ပြ အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

      Reply

  • windtalker

    October 1, 2011 at 10:36 am

    ဘိုနေချား ရဲ ့ပို ့စ်ကို ဖတ်ပြီး
    ဘယ်လို သာဓု ခေါ်သင့်သလဲ ဆိုတာ သိမိတယ်
    အရင်က သူများ အလှူ ကို သာဓု ခေါ်ရင်
    စိတ်ထဲမှာ ဖီးလ် ဖြစ်တဲ့ အခါ လည်း ဖြစ်တယ်
    မဖြစ်တဲ့ အခါ က များပါတယ်
    ဒီနေ ့က စပြီး
    သူများ အလှူကို သာဓုခေါ်မယ် ဆိုရင်
    အလှူရှင် နဲ ့ထပ်တူ ဝမ်းမြောက်နိုင်ဖို ့
    ကြိုးစားရမယ်
    စကားမစပ်
    ဖောကြီး ရဲ ့အလှူတော် မင်္ဂလာအတွက်
    ဝမ်းမြောက်ဝမ်းသာ
    လှိုက်လှိုက်လှဲလှဲ သာဓု ခေါ်ပါတယ် ဗျာ
    သာဓု သာဓု သာဓု

    Reply

  • ဆူး

    October 1, 2011 at 8:13 pm

    ဘုန်းကြီး တပါးက ပြောဖူးတယ်။
    သာဓု ခေါ်တာတော့ ကုသိုလ် ရပါတယ်။ ကိုယ့် အမျှဝေလိုက်လို့ သူများက သာဓုခေါ်သွားပါတယ်။
    နောင်တချိန် အကျိုးပေးတော့ ပုံစံတူ အကျိုးပေးတယ် ဆိုပါတော့ ဥပမာ မျက်နှာချင်းဆိုင် သို့မဟုတ် ကပ်လျက် ဖြစ်နေတဲ့ ပစ္စည်းတူ ရောင်းတဲ့ ဆိုင်ကြီးမျိုး သူဖြစ်နေကြမယ် ဆိုရင် စိတ်ထဲမှာ ကျေနပ်နိုင်မလားတဲ့.. အဲဒီ မေးခွန်းကို ဖြေတဲ့ လူတွေက တွေဝေသွားတတ်ကြတယ်။ တချို့ကလည်း ဒါတော့ ဘယ်ဖြစ်မလဲ ဘုရားလို့ ဖြေကြတယ်တဲ့..
    အကျိုးပေးဆိုတာ အဲဒီလိုပဲ.. သူလည်း ကိုယ်နဲ့ ထပ်တူထပ်မျှ ရပါစေဆိုတဲ့ စိတ်မျိုးမွေးရမယ်တဲ့.. အဲဒီလို သူများကို ရပါစေဆိုတဲ့ သဒ္ဒါ စိတ်နဲ့ မဟုတ်ပဲ ပေါ့ပျက်ပျက် အမျှ… သာဓု လုပ်သွားရင် သာဓု ခေါ်တဲ့ လူလည်း အကျိုးမရှိဘူး အမျှဝေတဲ့ လူလည်း သဒ္ဒာစိတ်မဖြစ်တော့ ကုသိုလ်စိတ်မဖြစ်ဘူးတဲ့..

    ကိုယ်တိုင် အလှူအတန်းမလုပ်ပဲ သူများ အလှူတွေလိုက် သာဓု ခေါ်တတ်တဲ့ လူတွေကတော့ အလှူရှင်ရဲ့ အခြေအရံ အဖြစ်နဲ့ သူရဲ့ အကျိုးပေးကို တဆင့်ပွား ရသလိုမျိုးပေါ့.. ဥပမာ သူဌေးပေးတဲ့ အခန်း( အဆောင်) မှာ နေရပြီး သူဌေး တိုးတက်ကြီးပွားဖို့ လုပ်ပေးရတာမျိုးပေါ့။ (အလုပ်ရှင် နဲ့ အလုပ်သမား)

    Reply

Leave a Reply to Shwe Tike Soe Cancel Reply

Your email address will not be published.