ချစ်သူ…

koyin sithuSeptember 26, 20111min08

ချစ်သူ… လူတစ်ယောက်ဟာ ပန်းတစ်ပွင့်မဟုတ်နိုင်ဘူး၊ သို့ပေမဲ့
မင်းဟာ ငါ့အတွက် ပန်းတစ်ပွင့်၊ လူတစ်ယောက်ဟာ မီးလျှံတစ်ခုမဟုတ်နိုင်ဘူး၊ ဒါပေမဲ့
မင်းကတော့ ငါ့နှလုံးသားကို လောင်ကျွမ်းစေတဲ့ မီးလျှံ၊ ငါ့နှလုံးသားကတော့
မီးလောင်နေတဲ့ တောင်တန်း။ ငါ့တစ်ကိုယ်လုံးဟာ မင်းကျွေးသမျှ မီးလျှံတွေကို စားရတဲ့ သံတွေခဲတစ်ခု…။

ချစ်သူ
… အချစ်အတွက် အသက်စွန့်ကြသတဲ့။ ဘုရားသခင်အတွက်၊ ဘုရင်မင်းမြတ်အတွက်၊ ယုံကြည်မှုအတွက်
လူတွေဟာ အသက်ကို စွန့်ကြသတဲ့။ ဒါပေမယ့် ချစ်သူ… မင်းနဲ့ ပတ်သက်လို့ကတော့ စက္ကန့်တိုင်းကိုပဲ
ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ငါပါ။ မင်းပူဆွေးသောကရောက်နေပါရဲ့ ဆိုတဲ့
အချိန်မျိုးမှာတောင် မင်းရဲ့ အလိုရမ္မက်ကို ငါ အသေအချာမြင်နိုင်ခဲ့ရဲ့။

လူအဖွဲ့အစည်းတစ်ခုကို ပေါင်းကူးဆက်သွယ်ဖို့လည်း အချစ်က မွေးဖွားမလာနိုင်ဘူး။ နားလည် လိုက်လျောမှု
တစ်ခုတည်းနဲ့လည်း အချစ်က မွေးမဖွားလာနိုင်ဘူး။ အပေးအယူပုံစံမျိုးနဲ့လည်း အချစ်က
မွေးဖွား မလာနိုင်ဘူး။ မင်းဟာ ငါမဖြစ်နိုင်သလို၊ ငါဟာလည်း မင်းမဖြစ်နိုင်ဘူး။ ဒါပေမဲ့
တို့နှစ်ဦး ပေါင်းစပ်ခဲ့ကြတယ်။ အခြေခံမတူတဲ့ နှစ်ဦးအဖို့ ပိုပြီးနီးစပ်လာခြင်းကိုက
ပိုပြီး ဝေးကွာစေဖို့ပဲဆိုတာ ငါသဘောပေါက်ခဲ့ပြီ။

ချစ်သူ
… အမုန်းတရားဆိုတာ သေးသိမ်တဲ့ အတ္တတစ်ခုပါ။ ငါ့ကြေကွဲမှုဆိုတာ ငါ့ပျော်ရွှင်မှုထဲက
ဆုတ်ယုတ်သွားတဲ့ ပေးဆပ်မှုတစ်ခုပါ။ နှလုံးသားဆိုတာ ကြေကွဲမှုနှင့် ပျော်ရွှင်မှု တစ်ခုခုကိုသာ
ထမ်းဆောင်နိုင်တဲ့ အရာပဲ မဟုတ်လား။ ငါဒေါသ ဖြစ်နေတယ်။ ငါတောက်လောင်နေတယ်၊ ငါကြေကွဲနေတယ်၊
ငါဝမ်းနည်းနေတယ်၊ ဒါပေမဲ့ ဆုံးရှုံးလိုက်ရတဲ့ ပျော်ရွှင်မှုကို မင်းပိုင်ဆိုင်နိုင်သွားလိမ့်မယ်တော့
ငါမယုံကြည်ဘူး။

လူတစ်ချို့ဟာ ကိုယ်ကြိုက်တဲ့ အစားအစာတွေကို လျှာပေါ်မှတင်ပြီး တစိမ့်စိမ့်ဝါးစားရမှ အရသာရှိတာ မဟုတ်ဘူး၊ အခြားလူတစ်ယောက် ဒုက္ခရောက်နေတာကို တစိမ့်စိမ့်ထိုင်ကြည့်ပြီးတော့လည်း အရသာ
ရှိတတ်ကြတယ်။ အဲ့ဒီလို နည်းမျိုးစုံနဲ့ မင်းပျော်ရွှင်နိုင်ပြီပေါ့။

ချစ်သူ…
မေတ္တာတရားသာမပါခဲ့ရင်တော့ သစ်ပင်တစ်ပင်တောင် စိုက်ပျိုးလို့ မရှင်သန်နိုင်ဘူးလို့
ငါယုံကြည်တယ်။ ရာစုခေတ်တွေ တရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ မေတ္တာတရားနဲ့
ပတ်သက်တဲ့ ခံစားမှုတွေဟာလည်း လူတွေရဲ့ နှလုံးသားမှာ တဖြည်းဖြည်း ခမ်းခြောက်လာတဲ့
ဒီလိုခေတ်ကြီးထဲမှာတောင် ကံကောင်းထောက်မစွာနဲ့ နင်က ငါ့ ချစ်ခြင်းမေတ္တာတွေကို
အရယူနိုင်ခဲ့တယ်နော်။

ချစ်သူ
… ငါ့ရဲ့ စွန့်လွှတ်မှုတွေကို မင်းအထင်မကြီးခဲ့ဘူး။ ငါ့ရဲ့ မအောင်မြင်မှုကိုတော့
မင်းအထင်သေးခဲ့တယ်။ ငါဟာကျော်ကြားမှုတစ်ခုနောက်ကို သွေးရူးသွေးတန်း လိုက်နေတဲ့ လူတစ်ယောက်
မဟုတ်ဘူးဆိုတာကိုလည်း မင်းနားမလည်နိုင်ခဲ့ဘူး။

မြေကြီးပေါ်လေးဖက်ထောက် သွားခဲ့ရတဲ့ ခေတ်တွေတုန်းကလည်း လူဆိုတာ အမှန်တရားကို လက်ခံသူရှိမယ်၊
ငြင်းဆန်သူရှိမယ်။ မင်းတို့ ငါတို့ရဲ့ လက်ရှိခေတ်ကာလမှာလည်း ဒီအတိုင်းပဲ မဟုတ်လား။
ဘာများ တိုးတက်လာလို့လဲဟင်။ တစ်ဦးတစ်ယောက်ရဲ့ ပေါ့တန်မှုကြောင့် လူသမိုင်းဟာ နစ်မြုပ်သွားနိုင်တာမို့
လူတိုင်း လူတို်င်းဟာ ကိုယ့်ကိုတာဝန်ယူပြီး အမှန်တရားနဲ့ နီးစပ်အောင်
ကြိုးစားသင့်တယ်လို့ ငါ ယုံကြည်တယ်။

ချစ်သူ
… ပြည့်လျှံကြွယ်ဝတဲ့ စိတ်ကူးစိတ်သန်းတွေထဲမှာ ရုန်းမထွက်ရအောင် နစ်မြုပ်နေတဲ့ အရူးတစ်ယောက်လို
ငါဟာ ဝမ်းနည်းနေရတယ်၊ ငါ ဒေါသဖြစ်နေရတယ်၊ ငါတောက်လောင်နေရတယ်၊ ငါကြေကွဲနေရတယ် … ဒါပေမယ့် ဆုံးရှုံးလိုက်ရတဲ့ ပျော်ရွှင်မှုကို မင်းပိုင်ဆိုင်သွားပြီလိုတော့
ငါ မယုံကြည်ဘူး ……..။

ခင်မင်လေးစားစွာဖြင့်

ကိုရင်စည်သူ

8 comments

  • whitestar

    September 27, 2011 at 9:52 am

    ချစ်သူ
    မင်းရဲ့ လေးခွနဲ့ပစ်မှုကြောင့်
    ငါဟာအတောင်ကျိုးခဲ့တာမဟုတ်ပါဘူး
    စကတည်းကတောင်ပံမပါခဲ့တဲ့
    တေလေငှက်ဖြစ်ခဲ့တဲ့အတွက်
    မင်းရှေ့မှာ ကျရှုံးပြုတ်ကျ
    သေကျေခဲ့ရတာပါ…….

    Reply

  • chartatelay

    September 27, 2011 at 12:13 pm

    ကောင်းလွန်ပါတယ်
    နောက်လည်းဆက်ရေးပါ
    ဟဲဟဲ

    Reply

  • nayminn

    September 27, 2011 at 1:44 pm

    ချစ်သူ…မြန်မာပြည်က အိမ်ခြံမြေဈေးလို..တစ်ရိပ်ရိပ်နဲ့တက်မလာရင်တောင်…ဟန်းဖုန်းတန်ဖိုးလို အချစ်တွေ တစတစ လျှော့မသွားစေချင်ပါ…နှစ်လေးဆယ်ကျော်သွားတဲ့ လေးဘီးတစ်စင်းအတိုင်း ကိုယ့်နှလုံးသားကို..တချိန်မှာ မီးရှို.ဖြတ်ဆီးပြစ်မှာစိုးတယ်။

    Reply

    • Koyin Sithu

      September 27, 2011 at 8:31 pm

      ko nayminn >> နှလုံးသားကို လေးဘီးတစ်စင်းလို မီးရှိူ့ဖျက်ဆီး ခံရမှာစိုးလို့ တစ်ဘီးဖြုတ်ပီး… သုံးဘီးကားအဖြစ်နဲ့ ရင်ဘတ်ဂိုဒေါင်ထဲမှာ တခါတည်း သိမ်းထားလိုက်ပါပီဗျာ… 🙂

      Reply

      • ကြောင်ကြီး

        September 28, 2011 at 8:10 am

        မိုက်ပါဘိတော့ ကိုရင့်နှယ်။ ကားဟောင်းဈေးတွေ ဒီလောက်ကောင်းနေတာ။ ဂိုထောင်ထဲကကားအပ်ပြီး အသစ်စီးပြလိုက်၊ ချစ်သူ အပြစ်မယူနိုင် ဖြစ်သွားစေရမယ်..။

        Reply

  • mandalarthu

    September 27, 2011 at 8:29 pm

    ကောင်းလွန်းလို ့ အမှတ်ပြည် ့ ပေးလိုက်တယ်။
    မင်းဟာ ငါမဖြစ်နိုင်သလို၊ ငါဟာလည်း မင်းမဖြစ်နိုင်ဘူး။ ဒါအမှန်ဘဲ။
    ့်ဆုံးရှုံးလိုက်ရတဲ့ ပျော်ရွှင်မှုကို မင်းပိုင်ဆိုင်သွားပြီလိုတော့
    ငါ မယုံကြည်ဘူး ……..။
    ဒါပေမယ့်
    လူတိုင်း လူတို်င်းဟာ ကိုယ့်ကိုတာဝန်ယူပြီး အမှန်တရားနဲ့ နီးစပ်အောင်
    ကြိုးစားသင့်တယ်လို့ ငါ ယုံကြည်တယ်။

    Reply

  • min min san

    October 6, 2011 at 11:28 pm

    Very good post ever i read from you,,,,,,,,,thanks,

    Reply

  • kyeyounglin

    October 7, 2011 at 2:27 pm

    ချစ်သူ…
    မေတ္တာတရားသာမပါခဲ့ရင်တော့ သစ်ပင်တစ်ပင်တောင် စိုက်ပျိုးလို့ မရှင်သန်နိုင်ဘူးလို့
    ငါယုံကြည်တယ်။ ရာစုခေတ်တွေ တရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ မေတ္တာတရားနဲ့
    ပတ်သက်တဲ့ ခံစားမှုတွေဟာလည်း လူတွေရဲ့ နှလုံးသားမှာ တဖြည်းဖြည်း ခမ်းခြောက်လာတဲ့
    ဒီလိုခေတ်ကြီးထဲမှာတောင် ကံကောင်းထောက်မစွာနဲ့ နင်က ငါ့ ချစ်ခြင်းမေတ္တာတွေကို
    အရယူနိုင်ခဲ့တယ်နော်။

    တကယ်ကောင်းပါတယ်ဗျာ………
    အားပေးသွားပါတယ်…….

    Reply

Leave a Reply to mandalarthu Cancel Reply

Your email address will not be published.