တွက်ချက်ပြီးမှ ဘွဲ့ယူမယ်

weiweiSeptember 23, 20111min014

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမထဲမှာ မဟာသိပ္ပံဘွဲ့ဝတ်စုံကြီးနဲ့ ပူလောင်အိုက်စပ်တဲ့ မိတ်ကပ်မျက်နှာနဲ့ ထိုင်နေရင်း ဦးနှောက်က ဘွဲ့တစ်ခုအတွက် တွက်ချက်နေမိပါတယ်။ အကြောင်းရင်းကိုပြန်စဉ်းစားလိုက်တော့ B.Sc တုန်းက qualify ဖြစ်အောင် လိုက်ခဲ့မိတာက စမှားခဲ့တာပဲ။ အဲဒီတုန်းက ဘာသာစုံယူခဲ့တဲ့ ကျူရှင်လခ၊ စာမေးပွဲဖြေပြီး အမှတ်ကောင်းကောင်းရအောင် နည်းမျိုးစုံနဲ့လိုက်ခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့် မဟာဘွဲ့ဆက်တက်ခွင့်ရခဲ့တာဆိုတော့ …
ဆက်တက်ခွင့်ရပေမယ့်လည်း တက်ချင်မှ တက်လို့ရတာကို ဆက်တက်မိတာကလဲ ဂုဏ်မက်မိလို့လား၊ အလုပ်ရဖို့ ပိုသေချာအောင်လား၊ ဘာမှလုပ်စရာမရှိလို့ မိဘပိုက်ဆံထိုင်ဖြုန်းတာလား၊ ဘာပဲဖြစ်ဖြစ် အလကားအိမ်မှာနေရမယ့်အတူတူဆိုပြီး ဆက်တက်ခဲ့မိတယ်။ နေ့စဉ်ကျောင်းသွားခဲ့တဲ့ လမ်းစရိတ်၊ စားစရိတ်တွေဖယ်ထားပြီး စာတမ်းအတွက် ဆရာမကို ပေးခဲ့ရတာက အသားတင် ရှစ်သိန်းတောင်၊ ဆရာမပြောတော့ research လုပ်ခ ဈေးကြီးလို့တဲ့။ ဘာပဲဖြစ်ဖြစ် သူလုပ်ပေးခဲ့လို့ စာအုပ်တစ်အုပ်ဖြစ်ခဲ့တာပဲလေ။ စာအုပ်ရိုက်ခ၊ ကူးခ၊ ချုပ်ခတွေကလဲ တစ်သိန်းနီးနီးကုန်ခဲ့တယ်။ အချိန်က ၂ နှစ်ကျော်တောင်ကုန်ခဲ့တယ်။ အခု ၂ ရက် ဘွဲ့ယူဖို့အတွက် ထမီ၊ အကျီ၊ မိတ်ကပ်၊ ကားခတွေက ၂ သိန်းနီးနီးကုန်ပြန်တယ်။

ဘယ်မှာလဲ အလုပ်၊ ဘယ်အလုပ်က မာစတာဘွဲ့မို့ အလုပ်ပေးမှာလဲ၊ အဖေပင်စင်ကရတဲ့ ဂရက်ဂျူတီကလဲ မာစတာတက်တုန်းသုံးလိုက်တာကုန်ပြီ။ အမေက ကျန်းမာရေးမကောင်းလို့ နယ်မှာအလုပ်သွားမလုပ်ပါနဲ့ သမီးရယ်တဲ့။ အဖေလုပ်ခဲ့တဲ့ အစိုးရရုံးက အဖေ့အရှိန်နဲ့ဆို အငယ်တန်းစာရေးလောက်တော့ ခန့်ထားပေးနိုင်ပါတယ်ဆိုပေမယ့် မာစတာဘွဲ့ယူပြီးမှ အငယ်တန်းစာရေးလုပ်ရမှာ သိမ်ငယ်သလိုလိုပဲ၊ သူငယ်ချင်းတွေ ဆရာမအလုပ်လျှောက်တာ လိုက်လျှောက်ဖို့ကလဲ အမေ့ကျန်းမာရေးငဲ့ရသေးတယ်။ သင်တန်းဆင်းလက်မှတ်တွေ အများကြီးပေမယ့် ဘယ်နေရာမှလဲ သုံးစားလို့မရဘူး။ သူငယ်ချင်းတစ်ယောက်က ကွန်ပျူတာစာစီဆိုင်လေးဖွင့်ထားလို့ အလုပ်မရှိရင် သူ့ဆီမှာ စာစီစာရိုက်လာလုပ်ပါတဲ့လေ။ အားကိုးစရာ ချစ်သူရည်းစားကလဲမရှိ၊ မြောက်ဒဂုံကနေ မြို့ထဲကို နေ့တိုင်း ဘက်စ်ကားနဲ့ အသွားအပြန်လုပ်နိုင်လောက်တဲ့ ဒေါင်ဒေါင်မြည်ကျန်းမာရေးကလဲမရှိ။ လောလောဆယ် ရပ်ကွက်ထဲက ကလေးတွေကို စာပြပေးနေရတာလေးက သိပ်မဆိုးပေလို့။ မုန့်ဖိုး ဆေးဖိုးလောက်တော့ ရနေသေးတာ ကံကောင်းနေသေးတယ်ပြောရမယ်။

စဉ်းစားရင်း ချွေးသီးချွေးပေါက်တွေထွက်လာပြီး အသက်ရှူကျပ်လာပါတယ်။ ဘွဲ့ယူတဲ့အချိန်မှာ ပျော်နေသင့်တယ်လေ။ ဂုဏ်ယူဝမ်းမြောက်နေရမယ်။ ပီတိတွေဖြာနေရမယ်။ အတွေးဆိုးတွေမောင်းထုတ်ပြီး ဟန်လုပ်ပြုံးလိုက်ရပေမယ့် မချိပြုံး … မဲ့ပြုံးဖြစ်နေပါတော့တယ် …..

14 comments

  • weiwei

    September 23, 2011 at 10:39 am

    မဟာဘွဲ့ယူပြီး အလုပ်မရှိဖြစ်နေကြတဲ့ သူငယ်ချင်းတွေကို နောက်ပြောင်ချင်စိတ်အပြင် ယခုခေတ်ပညာရေးအခြေအနေကို တစေ့တစောင်းဖော်ပြချင်တာနဲ့ ရေးလိုက်ခြင်းဖြစ်ပါတယ် ….

    Reply

    • manawphyulay

      September 23, 2011 at 11:20 am

      ဒါဆို မမဝေက မနော ခုယူမယ့်ဒီပလိုမာဘွဲ့ကြောင့် စိတ်ညစ်နေတာကို သိနေပုံရတယ်နော်….
      တက်မိတော့လည်း ယူရ ကုန်ရဦးမှာပေါ့။ တက်ခဲ့မိတာလည်း အလုပ်ကြောင့်မဟုတ်ပါဘူး။ ဝါသနာပါရာ ဘာသာရပ်မို့ တက်ခဲ့မိတာပါ…. 🙁

      Reply

      • windtalker

        September 23, 2011 at 12:46 pm

        မနော လည်း ဘွဲ ့ ယူတော့မှာ ဆိုတော့ပေါ့နော်
        စာရွက်စာတမ်းခ ဘယ်လောက်ပူဇော်လိုက်ရပါသလဲပေါ့နော်…
        အူးတာဗျင်လေး ပါနော်…

        Reply

  • ကြောင်ကြီး

    September 23, 2011 at 11:24 am

    ကြုံလို့ တခုပြောချင်တယ်။ မြန်မာပြည်မှာ မဟာဘွဲအတွက် Honor နဲ့ Qualified ဆိုပြီး ဘတ်ချ်လာ ဘွဲ့ပေးတဲ့အခါ သုံးတယ်။ သိသလောက်တော့ Honor က ဒုတိယနှစ်မှာ ထူးချွန်တဲ့သူကို တန်းခွဲလိုက်ပြီး နောက်တနှစ် စုစုပေါင်းငါးနှစ်တက်ရင် သာမန်မဟာဘွဲ့အတွက်လုံလောက်တယ်၊ Q ကတော့ နှစ်အားလုံးပေါင်းအမှတ်နဲ့ နောက်ဆုံးနှစ်စာမေးပွဲအမှတ်ကို စုပေါင်းခွဲတယ်ဆိုလား။ ဒါပေမဲ့ အင်္ဂလန်တက္ကသိုလ်တွေ၊ ယူအက်စ်လည်းပါမယ်ထင်တယ် Bachelor(Q) ဆိုတာကို Bachelor(Honor)လို့ မသတ်မှတ်ဘူး။ ပရောဖက်ရှင်နယ်စာမေးပွဲဖြေတဲ့အခါ အချို့ဘာသာရပ်တွေကို ကင်းလွတ်ခွင့်တောင်းသူများ ကြုံတတ်တာကို တွေ့ထားဖူးလို့။ တိတိကျကျမသိတာ ကိုယ်က အဲဒီအဆင့်နားကို ယောင်လို့တောင် မကပ်ခဲ့လို့။ 🙂

    Reply

    • weiwei

      September 23, 2011 at 11:34 am

      ကျွန်မလဲ ဘွဲ့တွေအကြောင်း သိပ်မသိပါဘူး … ဒါပေမယ့် စာတမ်းတွေအကြောင်းတော့ နဲနဲပါးပါးလေ့လာဖူးတယ် … မဝေဖန်ချင်လို့ အသာငြိမ်နေရပေမယ့် စိတ်ထဲက ကလိကလိနဲ့ လက်ယားနေတာ …. 🙂

      Reply

  • နီလေး

    September 23, 2011 at 11:36 am

    မဝေရေ ဒက်ထိပဲ နီလေးတော့ honours ဝင်တော့ မာစတာဆက်တက်ဖို့စိတ်ကူးသေးတယ် ဒါပေမယ့်ကိုယ့်ရှေ့ကအမအ(အမ ဝမ်းကွဲ)တွေကိုကြည့်လိုက်တော့ master ၊ mres သာပြီးထားတယ် အလုပ်လဲမရှိ အသက်ကလဲရ အဲလိုတွေဖြစ်နေကြတာနဲ့ ဆက်မတက်ပဲအလုပ်ပဲ ဝင်လိုက်တယ် ခုထိပဲ ငါရွေးလိုက်တဲ့လမ်းမှားများမှားသွားပြီလားလို့ (မာစတာမဆက်တက်ရလေခြင်းဆိုပြီး)နောင်တတွေရနေတာ ခုမှပဲ ဟင်းးးးးးးးးးးလို့ ဆက်မတက်ဖြစ်တာ မှန်ပေသားပဲ

    Reply

  • Shwe Ei

    September 23, 2011 at 11:44 am

    Honor Class နဲ့ Qualify Class နဲ့ သင်တဲ့စာချင်းဘာလို့ မတူတာလဲ သိရင်ပြောပြပေးပါအုံး မဝေ ရေ။ ကျွန်မ ဆပ်ပလီထိ ဂုဏ်ထူးတန်းပြုတ်ပီး ရိုးရိုးတန်းပြန်ရောက် ကွာလီဖိုင်းပြန်ဝင် ၁နှစ်တက်ပီး ကျောင်းထွက်လာလို့ပါ။ မာစတာရောက်တာချင်းကျ တူနေပြန်လို့လေ။
    သူငယ်ချင်းတယောက်ကတော့ M.Res ဆက်တက်တယ်။ သူတယောက်တည်းမှီလို့။ Ph.D ကျတော့ရဖို့ခက်ပြန်ရောတဲ့။ အော် မေဂျာက အင်းဂလိပ်စာပါ။

    Reply

    • weiwei

      September 23, 2011 at 1:18 pm

      အခုခေတ်အကြောင်းတော့ အလှမ်းဝေးနေတာနဲ့ မသိတော့ဘူး …. အရင်တုန်းက ၁၉၉ဝ နောက်ပိုင်းအချိန်တွေတုန်းက အင်္ဂလိပ်စာက အမှတ်ကောင်းပြီး တော်တဲ့သူတွေမှရတာနော် … ဂုဏ်ထူးတန်းလဲ တော်တော်ခက်ခဲခဲ့တယ် … ဂုဏ်ထူးတန်းတက်ခွင့်ရရင် ၅ နှစ်မှ ဘွဲ့ရတာ …. စာတွေမတူတာကတော့ အရည်အချင်းပေါ်မူတည်ပြီးများ ခွဲထားတာလားမသိဘူး … ဂုဏ်ထူးတန်းသမားက မာစတာဝင်ဖို့ ပိုခက်တယ် … ရိုးရိုးတန်းက ဝင်နိုင်ဖို့ ပိုလွယ်တယ် … ဒါပေမယ့် တက်ရတဲ့ အတန်းနဲ့ အချိန်ကြာပုံက မတူပြန်ဘူးလေ … ဂုဏ်ထူးတန်းကနေ မာစတာဝင်ခွင့်မရပဲ မာစတာတက်ချင်ရင် ဒီပလိုမာတစ်နှစ် ပြန်တက်ရပြန်သေးတယ် …. ရှုပ်ယှက်ခတ်နေတာပဲ …

      M.Res က အချိန်တစ်နှစ်ပဲမို့ အခုတော်တော်ခေတ်စားနေတယ်လို့ ကြားဖူးတယ် … ပိုက်ဆံတော်တော်ကုန်တယ်တဲ့ …

      Reply

  • စုံ စုံ

    September 23, 2011 at 11:51 am

    သူငယ်ချင်းတယောက်ကတော့ မကြာခင်မှာ chemistry major နဲ့ Ph.D ယူတော့မယ်
    ကုန်လိုက်တဲ့ပိုက်ဆံတွေသောက်သောက်လဲ
    မကြာခင်ကမှ ကျူတာပေါက်စအလုပ်ကလေးရတယ်
    ရတဲ့လစာနဲ့ခရီးစရိတ်နဲ့တင်မကာမိဘူး သူ့ကိုအကြံပေးကြည့်တယ်
    စာသင်တာလဲကောင်းတော့ ကျူရှင်ပြပါလားဆိုတာ
    ကျူရှင်ပြရင်အတိုင်ခံရတယ်တဲ့ ခိုးပြလို့လဲမရတော့
    ဒီတိုင်းနေတာဘဲကောင်းပါတယ်တဲ့
    အခုထိတော့သူသင်ခဲ့တဲ့ပညာအတွက်သူရှာနိုင်တဲ့ဝင်ငွေက
    ဘယ်လိုမှကိုမအပ်စပ်သေးတာအမှန်ဘဲ

    Reply

  • zaymdy

    September 23, 2011 at 12:49 pm

    ကျွန်တော်ကတော. ရှင်းတယ် ဘွဲတောင် မရဘူး နောက်ဆုံး နှစ် ၂ခါဖြေတာ နှစ်ခါလုံး ကျလို. မဖြေတော.တာ ဆရာတွေ.ကတော. အားပေးပါတယ် သူတို.ရှိ အထုပ်နဲ. လာခဲ.တည်း ကျွန်တော်လည်း ပြန်ပြောလိုက်တယ် ဘွဲမရရင် နေပစေ အဒီအလုပ်တော. စိတ်မဝင်စားဘူးလို. အဲထည်.ကမဖြေတော.တာ ဟီး စိတ်ပညာ သိပံဘွဲ.ပေးမယ်ဆိုရင်တော. ဖြေမလို…. 😛

    Reply

  • ပေါက်ဖော်

    September 23, 2011 at 12:52 pm

    ကျနော့်ဆီမှာတော့ ဘဘုန်းကြီးပေးတဲ့ ဘွဲ ့ပဲရှိတယ်
    တွက်ချက်ပြီးယူလို ့ရဘူး..
    တူပေးတဲ့တိုင်းပဲ ရတာ.. 😀

    Reply

  • ဆူး

    September 23, 2011 at 7:45 pm

    ကာတွန်း ဟာသ တခု သွားသတိရတယ် ဘယ်သူရေးတာလဲတော့ မသိဘူး။
    ပထမ အကွက်မှာ မဟာဘွဲ့ရ ပညာရှင် ဘာညာကွိကွ
    ဒုတိယ အကွက် ဆိုင်းဘုတ်နောက်က ဆိုင်ခန်းလေး
    တတိယ အကွက် ဖိနပ်ချုပ်နေတာလား ဘာလား မေ့တေ့တေ့ပဲ..
    ဆိုလိုတာကတော့ ပညာတွေ အများကြီး တတ်ပြီး ဆိုင်းဘုတ်ထောင်လို့ပဲ ရမယ် ဆိုတာမျိုး ပြောင်ထားတာ.. ဒီလိုမျိုးဆို ပညာသင်ရတာ တော်တော် ရင်နာဖို့ကောင်းတယ်။ လူတိုင်း ဦးနှောက်မကောင်းဘူးလေ.. ဦးနှောက်ကောင်းတဲ့ လူတိုင်း ပညာတတ် မဟုတ်ပြန်ဘူး။ အခြေအနေနဲ့ အကြောင်းအရာ တိုက်ဆိုင်မှ ပညာတတ်ဖြစ်ရတာ..
    ဟိုးရှေးရှေးတုန်းကလို တက္ကသိုလ်ပြည်မှာ ပညာသင်ပြီး ပြန်လာရင် မင်းတိုင်ပင် အမတ်ဖြစ်တယ်။
    အခုတော့.. ပညာတတ်တွေ တော်တော် ပေါလာသလိုပဲ။

    Reply

  • surmi

    September 24, 2011 at 12:58 am

    ( ဝန် ထမ်း အ လို ရှိ သည် )
    ၁။ ဘွဲ ့ ရ ဖြစ် ရန် မ လို
    ၂။ ကျောင်း ဆက် တက် သော သူ မဖြစ် စေ ရ
    ၃။ စာ မေး ပွဲ ဖြေ ရန် ခွင် ့ မ ပေး ပါ

    စမ်း ချောင်း က စာ စီ စာ ရိုက် ဆိုင် တစ် ခု က အလုပ်ခေါ်စာပါ။
    ရတဲ ့ဘွဲ ့ နဲ ့၊လုပ် တဲ ့အလုပ် ထပ်တူ ကျ ဖို ့အခက်သား ။။။။။။။။။။။

    Reply

  • kolulay

    September 24, 2011 at 11:26 am

    ဘာမှမပူပါနဲ့ဗျာ မြန်မာဗွီဒီယိုတွေထဲကလို အရည်အချင်းဆိုတာကို လိုချင်တဲ့ သူဌေးနဲ့တွေ့၊ သူ့သားက ကိုယ့်ကို သဘောကျ (ဟာ ဟ)၊ ကိုယ်က နည်းနည်းမ၊ူ သူက သူ့အဖေကို အတင်းပူဆာ၊ နောက်ဆုံးညား။
    မမိုက်ဘူးလား။

    Reply

Leave a Reply

Your email address will not be published.