ပက်ကြားအက်… ရင်

koyinSeptember 19, 20115min07
ပက်ကြားအက်…ရင်


ငါ့ကို လာပြီး မပညတ်ပါနဲ့
ငါ့ဘာသာ ပင့်သတ်ကို (တိတ်တဆိတ်) ရှိုက်ခဲ့တာ
ရင့်ကျက်ချင်ယောင် ငါဟန်မဆောင်တတ်ဘူး
နင်ခူးဆွတ်သွားခဲ့တဲ့ နှလုံးသားက
အမုန်းတရားတွေ မရှိတာတော့ အမှန်…
ယုံကြည်ကိုးစားမိလို့ ရခဲ့တဲ့ဒဏ်ရာ
(အခုတော့)
သံသရာမှာ နောက်ကောက်ကျစေဖို့အတွက်
နင်ကပဲ (တမင်တကာ) သတ်မှတ်လိုက်တာလား
လျှက်ပြတ်တဲ့ အတွေးတွေ ဝေဝါး… 
ခါးသက်…
ဓါးထက်ထက်နဲ့ ရင်ကိုခွဲပြီးမှ
အချည်းနှီး ပေးဆပ်ခြင်းမျိုးနဲ့
ငါ့ဘက်က ရင်းနှီးပေးဆပ်လိုက်ရတာ 
အဇ္ဇုတ္တတစ်ခုလုံး
ဘာလို့ ငါ့အမြင်တွေ အမှောင်ဖုံးသွားရတာလဲ
ဟိုတုန်းက ငါရေးခြစ်ခဲ့တဲ့ စာတစ်ရွက်
နင့်လက်ထဲမှာ မင်ဖျက်တဲ့အရာ
ငါ့ကဗျာတွေက မလွမ်းလောက်ပါဘူး
အဲဒီအလွမ်းတွေကိုပဲသောက်ပြီး မူးရစ်… ရီဝေ…
(တကယ်ဆို)
မုန်တိုင်းထဲက လေပြေကို တရှိုက်မက်မက်
ခက်တာပဲ…
အောက်ဆီဂျင်တွေ ဓါတ်ပြယ်သွားသလိုမျိုး
နင့်မျက်ဝန်းတွေကို ခိုးကြည့်မိသွားတာ
ငါ့ကိုယ်ငါပဲ အပြစ်တင်လိုက်ပါ့မယ်
သေချာစွာ မဖတ်ခဲ့မိတဲ့အတွက်
ဝေဒနာတွေ အပ်ကြောင်းထပ်နေတဲ့အထိ
အဲဒီစာတစ်အုပ်ကို (တစ်ရွက်ချင်း) လှန်ကြည့်ရင်
နင်ကပဲ မျက်ရည်ခိုင်သတဲ့…
ငါကလည်း မျက်ရည်မနိုင်တဲ့သူ…
ဒိုင်ယာရီရဲ့ ပြစ်ချက်တွေကို လာရှာယူပါအုံးလား…
သစ်ခက်ကို ချိုးပြီးမှ အပင်စိုက်ချင်
ငါ့ရင်ကို အမြစ်က နင်ဖြတ်သွား
နင့်ဘက်က ပြတ်သားနိုင်တယ်ဆို
ငါ မငိုဘူး…
အလွမ်းဦးရည် ချိုမြိန်သတဲ့
အဲဒီအက်ကြောင်းကို ဘာနဲ့ ပြန်ပြီးဆက်မှာလဲ…။ ။

တောက ကိုရင်

7 comments

  • mandalarthu

    September 20, 2011 at 12:22 pm

    သိပ်ကောင်းတဲ. အရေးအဖွဲ. လေးနဲ. ခေါင်းစဉ် လေးက လိုက် ဖက်လွန်း ပြီး စာဖတ်သူကို
    အဆုံးထိ ဆွဲဆောင် သွားနိူင်လို. ကဗျာကပေးတဲ. ရသ ကို ခံစားရပါတယ်။
    ”အက်ကြောင်းကို ဘာနဲ့ ပြန်ပြီးဆက်မှာလဲ…။”
    ။အဲဒီ စာလေး ကို သဘောအကျဆုံး ဘဲ။

    Reply

    • koyin

      September 20, 2011 at 7:26 pm

      ဟုတ်
      ကျေးဇူးပါ မန္တလာသူ…
      ကဗျာကို နှစ်ခြိုက် ခံစားလို့ ရတယ်ဆိုလို့ ဝမ်းသာရပါတယ်
      ဆက်လက် ကြိုးစားပေးပါ့မယ်
      ပျော်ရွှင်ပါစေ…

      Reply

  • မီးမီး သော်

    September 20, 2011 at 12:28 pm

    “”သစ်ခက်ကို ချိုးပြီးမှ အပင်စိုက်ချင်
    ငါ့ရင်ကို အမြစ်က နင်ဖြတ်သွား
    နင့်ဘက်က ပြတ်သားနိုင်တယ်ဆို””

    ကိုရင် ရဲ့ပက်ကြားအက်ရင်ခွင်ထဲက ကြယ်သီးဖွင့်ရေးသားချက်တွေပေါ့။အဲလိုလားဟင်။

    Reply

    • koyin

      September 20, 2011 at 7:30 pm

      ဟဲ..ဟဲ
      အဟီး .. လိမ္မော်သီး
      ကိုရင် ကြယ်သီးတောင် မဖြုတ်အားပါဘူးကွယ်
      ရင်နှစ်ခြမ်း ဗျန်းကနဲ ခွဲပြီး အသွေးအသားတွေ အကုန် စစ်ထုတ်လိုက်တာပါဗျ
      ခံစားချက်တွေက မမြိုသိပ်နိုင် ပွင့်အန် ပေါက်ကွဲ
      နှလုံးသားကလည်း ကြမ်းရှနေပြီကော…
      မီးမီး ပျော်ရွှင်ပါစေ…

      Reply

  • chitsu

    September 22, 2011 at 3:01 pm

    (နင့်မျက်ဝန်းတွေကို ခိုးကြည့်မိသွားတာ
    ငါ့ကိုယ်ငါပဲ အပြစ်တင်လိုက်ပါ့မယ်
    နင်ကပဲ မျက်ရည်ခိုင်သတဲ့…
    ငါကလည်း မျက်ရည်မနိုင်တဲ့သူ…
    နင့်ဘက်က ပြတ်သားနိုင်တယ်ဆို
    ငါ မငိုဘူး…
    အလွမ်းဦးရည် ချိုမြိန်သတဲ့
    အဲဒီအက်ကြောင်းကို ဘာနဲ့ ပြန်ပြီးဆက်မှာလဲ…)စာသားလေးတွေကြိုက်တယ်
    အက်ကြောင်းကိုတော့ခွဲခဲ့တဲ့သူကိုပြန်ဆက်ခိုင်းနိုင်ရင်အကောင်းဆုံးပေါ့

    Reply

  • MOEPWINTPHYU

    September 22, 2011 at 3:34 pm

    ကြားဖူးတာကမန်ကြီးသီးကော်ကအရမ်းကပ်တယ်တဲ
    ဒါပေမဲဒီအက်ကြောင်းကိုတောမဆက်နိုင်လောက်ပါဘူးနော်
    အက်ကြောင်းကိုဆက်အောင်လုပ်ရမှာကနည်လမ်းတစ်မျိူးပဲရှိတာနော်

    Reply

    • koyin

      September 22, 2011 at 9:09 pm

      မိုးပွင့်ဖြူရေ
      ကြော်ငြာက ကောင်းပါတယ်
      ဒါပေမယ့် ရှိတဲ့ နည်းလမ်းကျတော့ လျှိုထားတယ်ပေ့ါ
      ကျေးဇူးနော်
      ပျော်ရွှင်ပါစေ…

      Reply

Leave a Reply

Your email address will not be published.