ညီသုတဂုဏ်ပြု ရှစ်လုံးဖွဲ့

koyinSeptember 17, 20113min04

ညီသုတဂုဏ်ပြု ရှစ်လုံးဖွဲ့


ငါ့ ညီသုတ၊ တင့်လှပေသည်

ကိုရင် စံ ပေး၊ စာရေးပန်းချီ

ညတိမ်ယံထက်၊ လ တက်ဟန်ချီ

ပသာဒ၊ တုပလိုက်မမီ။


သူ့စာ သူတွေး၊ သူရေးကာသီ

သူပိုင်စရိုက်၊ စာ လိုက် သံ ပီ

ရင်ကို လှုပ်နှိုး၊ သူပျိုးပါသည်

ဧဒင်ည၊ အလှပန်းဝေစည်။


သိမှတ်သမျှ၊ ထောက်ပြစမ်းချင်

စာပိုဒ်အချိုး၊ လှတိုးစည်ပင်

ကာရန်အလှ၊ နုရွ မေခင်

ပျို့ဆံနွယ်၊ လေဝယ်ယိမ်းတဲ့သွင်။


စကားလုံးဖွဲ့၊ ဆိုးနွဲ့နေဟန်

လင်္ကာတစ်ထွေ၊ မသွေ တင်းမာန်

ရသ ဂုဏ်ဆင်၊ သမင်လည်ပြန်

ဘဝင်ခိုက်၊ နှစ်ခြိုက် စိတ်အမှန်။


မဝေဖန်ရဲ၊ စိတ်စွဲ ကဗျာ

ခေတ်ကို အန်တု၊ စံပြုစရာ

အယူမသည်း၊ ဝေခွဲသေချာ

ရင်မှဖွား၊ သည်းကြားစိမ့်ထွက်လာ။


စံ အမျိုးမျိုး၊ ဟန်မျိုးစုံညီ

ကိုယ်သန်ရာရေး၊ အားပေးပါသည်

ခိုးယူ မတု၊ ကိုယ်ပြု မတည်

လိပ်ပြာဝဲ၊ စိတ်လည်း သန့်လာမည်။


ကဗျာတစ်ပုဒ်၊ စစ်ထုတ်ပါမည်

ရင်ထက်ပျို့အန်၊ ဗျာဝှန်စိုးသည်

ကိုရင်ဖော်ထုတ်၊ သရုပ်မပီ

ပြစ်မမြင်၊ ချစ်ခင်တိုးပါ ညီ။


သုတ စာစု၊ လိုက်တုကာ သီ

စာဟန်မလှ၊ ညွှန်ပြပါ ညီ

ပညာဗဟု၊ မတုသာပြီ

စိတ်မှာစမ်း၊ လက်တန်းရေးလိုက်သည်။ ။


တောက ကိုရင်

၁၆.၀၉.၂၀၁၁


(ညီသုတ၏ ရှစ်လုံးဖွဲ့ ကဗျာ

http://www.edinooyin.com/group/poem/forum/topics/4347155:Topic:3826977)


4 comments

  • yetazar

    September 17, 2011 at 1:06 pm

    တောကကိုရင် ပညာသင်သည်
    ဖွဲ့လျှင် ရှစ်လုံး သူသီကုံးသည်
    ပညာမခေပါတကား …. ။

    Reply

  • koyin

    September 17, 2011 at 3:00 pm

    ဟုတ်..
    ကိုရင်လည်း ညီသုတ ကဗျာလေး ဖတ်ပြီး လိုက်တုပြီး ရေးကြည့်တာပါ
    လိုအပ်ချက်တွေ အများကြီး ရှိပါတယ်
    ခုလို အားပေးတာ ကျေးဇူးနော
    ရဲတေဇာ ပျော်ရွှင်ပါစေ

    Reply

    • ရွှေအိမ်စည်

      September 17, 2011 at 3:55 pm

      ကိုဟယ်ရီ..သင်ပေးနေတယ်နော်..ဗေဒါလမ်းထဲ မှာ…
      …………..

      တော်တယ်ကိုရင်..ငါလေးလုံးတွဲရေးထားဘူးတယ်…ဧဒင်မှာပြန်ရှာပြီး..
      မန်းလိုက်…

      Reply

      • koyin

        September 17, 2011 at 6:15 pm

        ဟဲ ဟဲ ဟဲ
        တောက ကိုရင်လေ
        တောမှာပေ့ါ
        အဲလေ
        တော်မှာပေ့ါ ထိပ်ထားရယ်

        Reply

Leave a Reply to yetazar Cancel Reply

Your email address will not be published.