မင်း အတွက် မိုးရေစက်များ

koyinSeptember 14, 201111min03
မင်း အတွက်  မိုးရေစက်များ

ချစ်သူရယ်…။

ငါ့ရင်ကို တမင်လာပြီး ရစ်ပတ်
နှလုံးသားကို ချေမွပြီး ထွက်သွားရင်တောင်
ငါက နွယ်တစ်ခက် မဟုတ်ပါဘူး…
(…တစ်စက်။)

မင်းခြေလှမ်းတွေ နောက်ဆံမတင်းဖို့
ငါက တွယ်ဖက်မထားပါဘူးလေ…
(…တစ်စက်။)

လွတ်လွတ်လပ်လပ်
ငါနဲ့ ပတ်သတ်ခဲ့ဖူးတယ် ဆိုတာမျိုးတောင်
မင်းရဲ့ ပတ်ဝန်းကျင်မှာ သိုးသိုးသန့်သန့်
အဲဒီ အပုပ်နံ့တွေ မထွက်စေရဘူး…
(…တစ်စက်။)

မင်းရဲ့ ဦးတည်ရာ ခရီး
ငါက သွားလိုရာ ပို့ပေးမယ့် ယာဉ်တစ်စီး
မင်းနင်းလျှောက်ပါ…ညင်သာစွာ
(…တစ်စက်။)

ငါ့ရင်ကန္တာ နွေထက်မှာ 
မင်းအတွက် အိုအေစစ်ကို ရှာပြီး…
(…တစ်စက်။)

မိုးရေတွေနဲ့ အေးမြစေ
မင်းကိုလည်း မပူလောင်စေချင်သူ…
(…တစ်စက်။)

နုပါတယ် ငါ့အသည်း
မင်းက ဖြည်းဖြည်းလေး ခွဲပါလားဟင်…
(…တစ်စက်။)

(…တစ်စက်   …တစ်စက်   …တစ်စက်)

အဲဒီ မျက်ရည်စက်ပေါင်းများစွာ
မင်းခြေမှာ မြူကင်းစင်ဖို့
ဆေးကြော သုတ်သင်…
(နောက် တစ်စက်။)

မင်းဘဝလေး ဖြူရှင်းသန့်စင်နေမှာပါ
ငါ့မျက်ရည်တွေ နောက်တစ်စက် နောက်တစ်စက်
မင်း အတွက် ငါ 
ပိုးစိုးပက်စက် သွန်ချနေပါတယ် ချစ်သူ…။

ကျွန်ကို ယုံရင် တစ်ဖက်ပဲ ကန်းရသတဲ့…
သားသမီးကိုယုံတော့ တစ်စုံလုံး ကန်းရသတဲ့…။
ဘယ်သူတွေ ပြက်ရယ် ပြုကြမလဲ
ချစ်သူကို ယုံကြည်မှု ပိုကဲတဲ့ အခါ
ဘဝတစ်ခုလုံးပါ ကန်းသွားမတတ်…
(ထွက်လာပြန်ပြီ… နောက်တစ်စက်။)

ငါ့မှာတော့ အိပ်မက်တွေ မက်လိုက်ရတာ
ဘယ်အချိန် ဘယ်ကာလမှ
မင်းရင်ခွင်မှာ ခေါင်းမှီပြီး အိပ်စက်ဖို့
အခွင့်ရမှာလဲ…
အဲဒီ မျှော်လင့်ချက်တွေလည်း 
တစ်စစီ ပဲ့… ပဲ့ကြွေ
ရိသဲ့သဲ့… ခနဲ့တဲ့ စကားတွေနဲ့…
ဒါမှ မဟုတ်
တမင်သတ်သတ် လှည့်စားရက်လေခြင်း…။

မင်းရဲ့ လျစ်လျူရှုမှု… ဥပေက္ခာ
ကွယ်ရာမှာ ပြက်ရယ်ပြုသတဲ့…
(ရက်..စက်..လိုက်..တာ…..။)

ငါ့လက်ချောင်းတွေပါ ငိုတတ်လာတဲ့အထိ
မင်းကတော့ ဘာကိုမှ မသိနိုင်ဘူးပဲ
အဲဒီ ခန္ဒာကိုယ်တစ်ခုလုံးကလည်း မီးတောင်ဖြစ်လို့
အဲဒီ မျက်လုံးကလည်း ချော်ရည်ပူတွေ စီးဆင်း
အဲဒီ ပါးပြင်ထက်က မြစ်တစ်စင်းက အငွေ့တွေပျံ
မင်းရဲ့ မနက်ဖန်တွေ အပူဟပ်မှာ စိုးလို့
ငါ့ဘက်က ရိုးရိုးသားသား နုံအပေးခဲ့တာတောင်
ငါ့ရဲ့အသိဉာဏ်တွေကို မိုက်မဲလာစေတဲ့ အထိ
မင်းပေးတဲ့ ခံစားချက်တွေ
ထိချက်က ပြင်းလွန်းတယ်…။


ဆွတ်ချူလို့ သွားခဲ့တယ် ငါ့နှလုံးသား
နင်းခြေရုံနဲ့ အားမရလို့
ကိုယ့်ကို ဖို့မယ့် တွင်းကို
ဘာသာ တူးခိုင်းပြီး မြေမြုပ်သဂြိုလ်
(မင်းတစ်ကိုယ်လုံး စိုနေပါစေ…)
ဟိုတောင်ဆီမှာ မိုးတွေ ညိုလာပြီ ချစ်သူ။

ငါ့မျက်ရည်တွေနဲ့ အေးချမ်း
မင်းဘဝလေး ဖြူစင် လန်းဆန်းစွာ
မင်းရဲ့ အနာဂါတ်လမ်းမှာ ပန်းတွေဝေ…။

ချစ်သူ ပျော်ရွှင်စေရုံသက်သက်
နောက်ဆုံး တစ်စက်…
နောက်ဆုံးထွက်သက် မတိုင်မီ…။ ။

တောက ကိုရင်

၁၃.၀၈.၂၀၁၁
၂၃း၅၀

3 comments

  • mandalarthu

    September 14, 2011 at 10:17 pm

    သိပ်ကောင်းတာဘဲ။

    Reply

  • မီးမီး သော်

    September 15, 2011 at 11:10 pm

    ကောင်းလိုက်တဲ့ တွေးချက်လေးပါလား။ကိုရင်ရေ ဝင်အားပေးသွားပါတယ်နော့

    Reply

    • koyin

      September 16, 2011 at 6:03 pm

      လိမ်မော်သီးရေ
      အဲ…မှားလို့
      ကျေးဇူးပါဗျ…
      နောက်ဆက်ရေးဖို့ ခွန်အားတွေ ရပါတယ်
      မီးမီး ပျော်ရွှင်ပါစေ

      Reply

Leave a Reply to koyin Cancel Reply

Your email address will not be published.